အရေးပေါ်အစီအမံ တိုးမြှင့်

March 10, 2020

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အစီအမံ တိုးမြှင့်သတ်မှတ်

ဥရောပတိုက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဒဏ် အဆိုးရွားဆုံးခံနေရတဲ့ အီတလီမှာ အရေးပေါ်အစီအမံကို တနိုင်ငံလုံးအနှံ့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဝန်ကြီးချုပ် ဂျူဆပ်ပစ်ကွန်တေက မတ် ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်ပြင်ပမှာ သေဆုံးသူ ဒုတိယအများဆုံး ဖြစ်တဲ့ အီတလီမှာ မတ် ၁၀ ရက်နေ့အထိ သေဆုံးသူ ၄၆၃ ဦးရှိသွားပြီး ကူးစက်ခံရသူ ၉,၁၇၂ ဦး ရှိပါတယ်။ တတိယ အများဆုံးကတော့ အရှေ့အလယ်ပိုင်းဒေသက အီရန် ဖြစ်ပြီး သေဆုံးသူ ၂၃၇ ဦး ရှိပါတယ်။ အီရန်မှာ ကူးစက်ခံရသူကတော့ ၇,၁၆၁ ဦး ရှိပါတယ်။  ကမ္ဘာတဝန်း နိုင်ငံနဲ့ နယ်မြေဒေသ ၁၁၃ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီး မတ် ၁၀ ရက်အထိ စုစုပေါင်း သေဆုံးသူ ၄,၀၂၆ ဦး ရှိပါတယ်။ စုစုပေါင်း ကူးစက်ခံရသူ ၁၁၄,၄၁၆ ဦး ရှိခဲ့သလို  ပြန်ကောင်းမွန်လာသူဟာလည်း ၆၄, ၀၈၁ ဦး ရှိပါတယ်။  အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ သေဆုံးနှုန်းနဲ့ ကူးစက်နှုန်းဟာ ကျဆင်းနေပေမယ့် တရုတ်နိုင်ငံပြင်ပမှာတော့ မြင့်တက်နေပါတယ်။  မတ် ၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအစီအမံနဲ့ပတ်သက်လို့ အီတလီနိုင်ငံရှိ အကျဉ်းထောင် ၂၅ ခုမှာ ထောင်ဆူတာတွေ ဖြစ်ခဲ့ပြီး အကျဉ်းသား ၆ ယောက် သေဆုံးပါတယ်။  ထောင်အတွင်း မိသားစုဝင်တွေ လာရောက်တာကို ကန့်သတ်တဲ့အပေါ်မှာ အကျဉ်းသားတွေက ဒေါသဖြစ်ပြီး ထောင်ဆူခဲ့တာပါ။  အကျဉ်းထောင်တခုမှာ အကျဉ်းသားတွေက အစောင့်တွေကို ဓားစာခံ ခေါ်ခဲ့သလို နောက် အကျဉ်းထောင်တခုမှာတော့ အကျဉ်းသားတချို့ လွတ်မြောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up