အရေးပေါ်ကယ်ဆယ်ရေး

A d v e r t i s e m e n t With Us

May 3, 2020

ပလက်ဝမြို့ကို အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ သွားပို့နိုင်ခဲ့ဟု WFP ပြော

ပစ်ခတ်တာတွေ ခံခဲ့ရပေမယ့် တိုက်ပွဲတွေကြောင့် ရိက္ခာပြတ်လပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ဆီကို ရိက္ခာတွေ သွားပို့နိုင်ခဲ့ပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဆိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာတွေကို မေ ၂ ရက်မှာ အရောက်ပို့နိုင်ခဲ့တာဖြစ်ပြီး ပလက်ဝက လူဦးရေ ၃၇၀၀ လောက်ဟာ ဒီနေ့ကစလို့ ရိက္ခာတွေ ရကြမယ်လို့ ဆိုပါတယ်။ ဧပြီ ၂၉ ရက်က WFP က ငှားရမ်းထားတဲ့ ကုန်တင်ယာဉ် ၅ စီးပါတဲ့ ရိက္ခာတင်ယာဉ်တန်းကို ပလက်ဝကို သွားတဲ့လမ်းမှာ အမည်မသိသူတွေက လက်နက်ငယ်တွေနဲ့ ပစ်လို့ ယာဉ်အကူတယောက် နည်းနည်းဒဏ်ရာရပြီး ကား ၃ စီး ထိခိုက်ခဲ့တယ်လို့ WFP က ထုတ်ပြန်ပါတယ်။  ဒါပေမဲ့ ကားတွေဟာ ဆက်လက်မောင်းနှင်ခဲ့ပြီး ပလက်ဝမြို့နား မြစ်ဆိပ်ကမ်းတခုကတဆင့် စားနပ်ရိက္ခာ အထောက်အပံ့တွေကို လှေတွေနဲ့ လွှဲပြောင်းပြီး ခရီးဆုံးတဲ့အထိပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာစတီဖန်အန်ဒါဆန်က “WFP ရဲ့ စားနပ်ရိက္ခာတွေ ပလက်ဝမြို့ဆီရောက်အောင် ပို့နိုင်ခဲ့ပါပြီ။ ပူးပေါင်းကူညီဆောင်ရွက်ပေးတဲ့ ချင်းပြည်နယ်အစိုးရနဲ့အတူ တခြားအဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ လုပ်ငန်းတာဝန်က ဒီမှာပဲ ပြီးသွားလို့ မဖြစ်ပါဘူး” လို့ ပြောပါတယ်။ ပလက်ဝဒေသမှာရှိနေသူတွေဟာ ထိခိုက်လွယ်တဲ့ အခြေအနေမှာရှိနေပြီး စားနပ်ရိက္ခာပြတ်လပ်တာ ပိုဆိုးမသွားအောင် အထောက်အပံ့တွေ ဆက်ပေးသွားဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့ဟာ နယ်မြေအခြေအနေအရ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ပဲ ဆက်သွယ်ကူးသန်းနေရတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာရော ပလက်ဝမြို့နားမှာပါ တိုက်ပွဲတွေဖြစ်နေလို့ အဆက်အသွယ်ပြတ်တောက်နေတာ တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ ဧပြီလ အစောပိုင်းကလည်း WFP ဟာ ပလက်ဝမြို့နားမှာရှိတဲ့ ဆမီးမြို့က လူဦးရေ ၂၆၀၀ ကျော်ဆီကို စားနပ်ရိက္ခာနဲ့ မီးဖိုချောင်သုံးအထောက်အပံ့တွေ ပေးနိုင်ခဲ့ပါတယ်။
9 months Ago
Up