အရေးပါသည့်ရလဒ်

December 30, 2020

အာဆင်နယ်က ဘရိုက်တန်ကို (၁-၀) ဂိုးဖြင့်နိုင်၊ အရေးပါသည့်ရလဒ်ဟု နည်းပြ အာတီတာပြော

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ကပ်ပြီးအနိုင်ရရှိခဲ့တာဟာ  အာဆင်နယ်အသင်း အတွက် အတော်လေးအရေးပါတဲ့ ရလဒ် ဖြစ်တယ်လို့ နည်းပြ အာတီတာက ပြောပါတယ်။ ဒီနိုင်ပွဲကြောင့်အာဆင်နယ်အသင်းဟာ ရာသီအစ ရလဒ်ဆိုးရွားနေမှုကနေ တစ်စတစ်စ ရုန်းထွက်လာနိုင်နေပြီလည်း ဖြစ်ပါတယ်။  ဒီပွဲမတိုင်ခင် အာဆင်နယ်အသင်းဟာ ဘောက်ဆင်ဒေးမှာ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပါသေးတယ်။  ဒါဟာ အာဆင်နယ်အတွက်တော့ ရာသီအစ အဖွင့် ၂ ပွဲပြီးနောက်ပထမဆုံးအဖြစ် ၂ ပွဲဆက်တိုက် အနိုင်ရရှိတာလည်း  ဖြစ်ပါတယ်။  လာကာဇတ်ရဲ့တစ်လုံးတည်းသော သွင်းဂိုးကြောင့် အာဆင်နယ်တို့ အောင်ပွဲခံခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် အမှတ်ပေးဇယား အဆင့် ၁၃ နေရာအထိ တက်လာနိုင်ခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၉ မှတ်အကွာကို ရောက်ရှိလာခဲ့ကာ ထိပ်ဆုံး ၁၀ သင်းနဲ့နီးကပ်လာတဲ့အခြေအနေလည်း ဖြစ်လာခဲ့ပါပြီ။  နည်းပြအာတီတာက “ချဲလ်ဆီးကိုအနိုင်ရလိုက်တာက ကြီးမားတဲ့ အားတက်မှုဖြစ်ပြီး ဒီပွဲမှာလည်း ထပ်ပြီး အနိုင်ရရှိခဲ့တာကတော့ အရမ်းကို အရေးပါလွန်းပါတယ်။ ကစားသမားတွေအတွက် ဂုဏ်ယူမိသလို ရလဒ်အတွက်လည်း ပျော်ရွှင်ရပါတယ်။  ကျနော်တို့ ဒုတိယရာသီမှာ အသင်းကို အပြောင်းအလဲ လုပ်ချင်ကာ သစ်လွင်မှုတွေ ယူဆောင်လာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းနဲ့အတူအစောပိုင်းမှာ အက်ဖ်အေဖလား အောင်မြင်မှုကို ရရှိထားသူဖြစ်ပေမဲ့ အခုနှစ်ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်အသင်းဟာ တော်တော်လေးရုန်းကန်နေရပါတယ်။  ဒါပေမဲ့ စပိန်နည်းပြကတော့ လာမယ့်နှစ်သစ်မှာ ပိုကောင်းတဲ့အရာတွေ ဖြစ်လာဖို့လည်း မျှော်လင့်ချက်ထားရှိနေပါတယ်။  မနေ့ညက နိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်ရဲ့ အဝေးကွာတက်လှမ်း နိုင်ခဲ့ပေမဲ့ ဘရိုက်တန်အသင်းကတော့ အောက်ဆုံး ၃ သင်းနဲ့ ၂ မှတ်ပဲကွာတော့တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ 
10 months Ago
Up