အရေးပါတဲ့ အဖြစ်အပျက်

January 2, 2020

ဆယ်စုနှစ်ကာလအတွင်း အာရှ-ပစိဖိတ်ဒေသတွေမှာ ဘာတွေဖြစ်ပျက်ပြောင်းလဲသွားခဲ့သလဲ

ကုန်လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ဟာ သဘာဝကပ်ဘေးအန္တရာယ်တွေ၊ နိုင်ငံရေး မတည် ငြိမ်မှုတွေနဲ့ ဒေသတွင်း အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူတွေ နဲ့အတူ ဆယ်စုနှစ်တခုရဲ့ အဆုံးသတ်နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။        ထင်ရှားတဲ့ အဖြစ်အပျက်တွေထဲမှာတော့ ၂၀၁၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံကို ဝင် ရောက်တိုက်ခတ်ခဲ့တဲ့ ဆူနာမီလှိုင်းနဲ့ ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၆၀၀၀ နီးပါး သေ ကျေပျက်စီးခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခ သည် ၇ သိန်း ကျော်ရှိခဲ့တာတွေလည်း ပါဝင်ခဲ့ပါတယ်။        နိုင်ငံရေးကဏ္ဍမှာလည်း ၂၀၁၄ ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းမှုလိုမျိုး မြန်မေနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အနိုင်ရခဲ့တဲ့ ၂၀၁၅ ခုနှစ်သမိုင်းဝင်ရွေးကောက်ပွဲလိုမျိုးအ ဖြစ်အပျက်တွေဟာ နိုင်ငံရေးအရ အောင်ပွဲနဲ့ အသွင်ကူးပြောင်းမှုတွေ သတင်း ခေါင်းကြီးပိုင်းတွေမှာ နေရာယူထားနိုင်ခဲ့ပါတယ်။        နောက်ထပ်အဖြစ်အပျက်တွေထဲမှာ ၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံရဲ့ သက်တော်ရှည် ဘုရင်ကြီး ဘူမိဘော နတ်ရွာစံခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းတုန်းက ဂျပန်ဘုရင် အာကီဟီတိုက ထီးနန်းအရိုက်အရာ စွန့်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ပါဝင်နေခဲ့ပါ တယ်။        အောက်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဆယ်စုနှစ်တစုစာ ကာလအတွင်း အာရှနဲ့ ပစိဖိတ်ဒေသတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အရေးပါတဲ့ အဖြစ်အပျက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။  ၂၀၁၀ ပြည့်နှစ် မတ်လမှ မေလအထိ        နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ဘန်ကောက်မြို့လမ်းမတွေပေါ်မှာ ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အားပေးထောက်ခံသူတွေနဲ့ စစ်တပ်အား ပေးထောက်ခံသူတွေကြား ပဋိပက္ခတွေနဲ့အတူ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူပေါင်း ၉၀ လောက် သေဆုံးခဲ့ပြီး လူ ၂ ထောင်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဟာ နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံရဲ့ အဆိုးဝါးဆုံးနိုင်ငံရေး အဓိကရုဏ်းတခု ဖြစ်ခဲ့ပါတယ်။        ၂၀၁၁ ခုနှစ်မှာတော့ သက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လတ်က ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာချိန်မှာလည်း စစ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုတွေက ရှိနေဆဲဖြစ်ပြီး ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်နေခဲ့ပါတယ်။        ၂၀၁၄ ခုနှစ်မှာတော့ ယင်လတ်ကို ရာထူးမှ ဖြုတ်ချခဲ့ပြီး စစ်တပ်က အာဏာသိမ်းခဲ့ကာ ပရာယွတ် ချန်းအိုချာက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် အချိန် ၅ နှစ်အကြာမှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကလည်း အငြင်းပွားဖွယ် ရွေးကောက်ပွဲတခုဖြစ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာလည်း စစ်တပ်လိုလားတဲ့ ပါတီတွေနဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ခန့်အပ်တဲ့ အထက်လွှတ်တော်တို့ရဲ့ ထောက်ခံမှုတွေနဲ့ ပရာယွတ်ကပဲ ဝန်ကြီးချုပ်အဖြစ်ဆက်ရှိနေခဲ့တာပါ။ ဝေဖန်သူတွေကတော့ ဒီရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ရေးဆွဲထားခဲ့တာဖြစ်ပြီး ဒီမိုကရေစီကို ကန့်သတ်ထားတာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။  အောက်တိုဘာ၊ ၂၀၁၀        တရုတ်နိုင်ငံမှ အကျဉ်းကျခံနေရတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူရှောင်ဘိုဟာ “တရုတ်နိုင်ငံမှာ အခြေခံလူ့အခွင့်အရေးတွေရရှိဖို့အတွက် အကြမ်းမဖက်တဲ့ နည်းနဲ့ နှစ်ရှည်လများ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက်” နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။        လူရှောင်ဘိုရဲ့ ဇနီးဖြစ်သူကိုလည်း တရုတ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားခဲ့ပြီး လူရှောင်ဘိုလို ရာဇဝတ်ပြစ်မှုကျူးလွန်သူကို ခုလို နိုဘယ်လ်ဆုရွေးချယ်ချီးမြှင့်တာဟာ နိုဘယ်လ်ဆုပေးရေး စည်းကမ်းတွေကို ချိုးဖောက်တာလို့ ပြောပါတယ်။        ၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင်မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ တရုတ်အစိုးရကို ဝေဖန်ပြောဆိုခဲ့တဲ့ လူရှောင်ဘိုဟာ အရင်ကလည်း အကြိမ်ကြိမ် အဖမ်း ခံခဲ့ရဖူးပါတယ်။        တရုတ်နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုတဲ့ စာရွက်စာတမ်းတွေ ထုတ်ဝေခဲ့ပြီးတဲ့နောက် အဖျက်အမှောင့် လုပ်ဆောင်မှု စွဲချက်တွေနဲ့ ၁၁ နှစ်ကြာ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။        လူရှောင်ဘိုဟာ ထောင်ကျရက် မကုန်ဆုံးခင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက်မှာပဲ အသဲကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီနောက် အချိန်တနှစ်အကြာမှာတော့ ဇနီးဖြစ် သူကိုလည်း တရုတ်အစိုးရက ပြန်လွှတ်ပေးခဲ့ပြီး ဂျာမနီနိုင်ငံကို ထွက်ခွာခွင့်ပြုခဲ့ပါတယ်။  မတ်၊ ၂၀၁၁        ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ညနေ ၂.၄၆ နာရီမှာ ပြင်းအား ၉ ဒဿမ ၁ အ ဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီးနောက်မှာတော့ ဂျပန်နိုင်ငံအနောက်ဘက် ကမ်းရိုး တန်းဆီ ၃၈ မီတာအမြင့်ရှိတဲ့ ဆူနာမီလှိုင်းလုံးတွေ ရိုက်ခတ်ခဲ့ပါတယ်။        ဒီဘေးကြောင့် လူပေါင်း ၁၆၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထောင်သောင်းချီ ပျောက်ဆုံးခဲ့ကာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။        အဲဒီဆူနာမီကြောင့် ဖူကူရှီးမားက ဒိုင်အိချီနျူကလီးယားစက်ရုံမှာ ယိုစိမ့်မှုတွေ ဖြစ်ခဲ့ပါတယ်။ စက်ရုံကို ရေလွှမ်းခဲ့ပြီးနောက် ဓာတ်ပေါင်းဖိုတွေကို အအေးပေးတဲ့ စနစ်တွေ ပျက်စီးခဲ့ကာ နျူယိုစိမ့်မှုတွေ ဆက်တိုက် ဖြစ်ပေါ်စေခဲ့တာပါ။ အဲဒီနောက်ပိုင်း ပတ်ဝန်းကျင် ဒေသအတော်များများအထိ ဓာတ်ရောင်ခြည်ယိုစိမ့်မှုတွေ ဖြစ်ခဲ့တာမို့ ဒေသခံအရပ်သား ၁ သိန်း ၆ သောင်းကျော်ကို အရေးပေါ် ဘေးလွတ်ရာ နေရာတွေဆီ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။  ဒီဇင်ဘာ၊ ၂၀၁၁        မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီဟာ အသက် ၆၉ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး မြို့တော် ပြုံယမ်းမှ ခရီးတခုထွက်ခွာနေချိန် ရထားပေါ်မှာ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။        ကင်မ်ဟာ ဖခင်ဖြစ်သူ ကင်မ်အီဆွန်းကွယ်လွန်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်မှာ အာ ဏာလွှဲပြောင်းရယူခဲ့ပြီး ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံကို ၁၇ နှစ်တာ အုပ်ချုပ်သွားခဲ့သူ ဖြစ်ပါတယ်။        ၂ ခြမ်းကွဲနေတဲ့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၃ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးထားခဲ့ကြပေမယ့် စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေကြဆဲ ဖြစ်ပါတယ်။ ကင်မ်ဂျုံအီရဲ့ သေဆုံးမှုဟာ ငယ်ရွယ်တဲ့ သားဖြစ်သူ ကင်မ်ဂျုံအန်းကို မြောက်ကိုရီးယားရဲ့ အချုပ်အချာအာဏာကို လွှဲပြောင်းရယူစေဖို့ လမ်းကြောင်းဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ နိုဝင်ဘာ၊ ၂၀၁၂        ကွန်မြူနစ်ပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ ရှီကျင့်ဖျင်ဟာ ၂၀၁၂ ခုနှစ်မှာ တ ရုတ်နိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာခဲ့ပါတယ်။        ဒီကြေညာချက်နဲ့အတူ ရှီဟာ တရုတ်စစ်တပ်ရဲ့ အကြီးအကဲတဉီးလည်း ဖြစ်လာခဲ့ပါတယ်။ တရုတ်သမ္မတတွေဟာ နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်းမှာ ရာထူးကနေ ဆင်းပေးရတာဖြစ်ကာ အခြေခံဥပဒေက အဲဒီကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တာကြောင့် ရှီကျင့်ဖျင်တစ်ယောက် ရာသက်ပန်သမ္မတအနေနဲ့ ဆက်ရှိနေမှာ ဖြစ်ပါ တယ်။  ဧပြီ ၃၊ ၂၀၁၃        ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာနေမှုတွေ ဖြစ်နေတဲ့ ကြားကပဲ မြောက် ကိုရီးယားက သူ့ရဲ့ နျူကလီးယားလက်နက်စီမံကိန်းကို အရှိန်တိုးမြှင့်ပြီး ပြန်လည်စတင်ဖို့ ကြေငြာလိုက်ပါတယ်။        အဲဒီနောက်မှာတော့ အမေရိကန်က ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေယာဉ်တစင်း ကို စေလွှတ်ချထားခဲ့ပါတယ်။  နိုဝင်ဘာ၊ ၂၀၁၃        ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ ဟိုင်ယန်မုန်တိုင်းဟာ အပြင်းထန်ဆုံး စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး မုန်တိုင်းကြောင့် အနည်းဆုံးလူ ၆ ထောင်ထက်မနည်း သေဆုံးခဲ့ရပြီး ဒေသခံတွေ ရာထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။  မေ၊ ၂၀၁၄        ထိုင်းစစ်တပ်အကြီးအကဲက နိုင်ငံအုပ်ချုပ်မှုကို ထိန်းချုပ်ဖို့ စစ်ဘက်ဆိုင်ရာကော်မရှင်က တာဝန်ယူလိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပြီး ကော်မရှင်ကို ဦးဆောင်သူ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်းအိုချာက နိုင်ငံရေး မငြိမ်မသက်ဖြစ်နေစဉ်ကာလအတွင်း ထိန်းသိမ်းဖို့ လိုအပ်နေတဲ့အတွက် စစ်တပ်က လွှဲပြောင်းတာဝန်ယူလိုက်ရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်တဉီး ဖြစ်လာခဲ့တာပါ။        ထိုင်းနိုင်ငံဟာ စစ်တပ်အာဏာသိမ်းမှုအများဆုံး ဖြစ်ပွားတဲ့ နိုင်ငံတွေထဲမှာ ပါဝင် ပြီး ၁၉၃၂ ခုနှစ်က စတင်ရေတွက်ရင် ၂၀၁၄ ခုနှစ်၊ မေလ အာဏာသိမ်းမှုအပါအဝင် စစ်တပ်အာဏာသိမ်းမှု ၁၂ ကြိမ်ထိ ရှိခဲ့ပါတယ်။  ဇူလိုင်၊ ၂၀၁၄        ခရီးသည်တင် အမ်အိပ်ချ်-၁၇(MH17) လေယာဉ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့အတွက် လေယာဉ်ပေါ်ပါသူ ၂၉၈ ဉီး သေဆုံးသွားခဲ့ပါတယ်။ ကွာလာလမ်ပူမှ ဘေဂျင်းမြို့ကို ညပိုင်းမောင်းနှင်လာတဲ့ MH370 ပျောက်ဆုံးတဲ့ အမှုအပြီး ၄ လအကြာမှာ  ခုလိုဖြစ်ခဲ့တာ ဖြစ်ပါတယ်။        ဒီပစ်ခတ်မှုဟာ ရုရှားနဲ့ ယူကရိန်းအရှေ့ပိုင်းမှ ရုရှားက ကျောထောက်နောက် ခံပြုထားတဲ့ သူပုန်တွေက BUK ဒုံးကျည်အသုံးပြု ပစ်ချစေခိုင်းခဲ့တဲ့အတွက် ဝေဖန်ပြစ် တင်ခံနေရပါတယ်။        ဒီအမှုကို ကိုင်တွယ်ဖြေရှင်းမယ့် နေရာမှာ ဦးဆောင်ပါဝင်တဲ့ နယ်သာလန်နိုင်ငံကတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မတ်လထဲမှာ အဓိက သံသယရှိသူ ၄ ဦးကို စစ်ဆေးကြား နာမှုတွေ စတင်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။  အောက်တိုဘာ၊ ၂၀၁၄        အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာတော့ ဂျာကာတာ မြို့တော်ဝန် ဂျိုကို ဝီဒိုဒိုက သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာ ပြိုင်ဘက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုကို မဲအသာနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒုတိယအကြိမ် သမ္မတ ရွေးကောက်ပွဲမှာ ဆူဘီယန်တိုက ထပ်မံစိန်ခေါ်ခဲ့ပေမယ့် ဂျိုကို ဝီဒိုဒိုကပဲ ထပ်ပြီးတော့ အနိုင်ရရှိထားခဲ့ပါတယ်။        ဂျိုကိုဝီလို့ အားလုံးက သိကြတဲ့ ဝီဒိုဒိုဟာ သာမန်အခြေခံလူတန်းစားထဲက တက်လာပြီး ပရိဘောဂ ရောင်းချခဲ့သူတယောက် ဖြစ်ခဲ့ပါတယ်။ ဂျာကာတာမြို့ နေရာအတော် များများကို ဘာအဆောင်အယောင်တွေ နောက်လိုက်တွေမှ မပါဘဲ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေလေ့ရှိသူ ဖြစ်ကာ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ် ပြုပြင် ပြောင်းလဲလာစေဖို့ ကတိကဝတ်ပြုထားခဲ့ပါတယ်။  မတ်၊ ၂၀၁၅        စင်ကာပူနိုင်ငံရဲ့ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုဟာ အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။        လီဟာ စင်ကာပူနိုင်ငံကို ငါးဖမ်းကျေးရွာလေးတရွာလို အခြေအနေကနေ စီးပွား ရေးအင်အားကြီးမားတဲ့ နိုင်ငံတနိုင်ငံဖြစ်လာစေဖို့ အံ့မခန်းစွမ်းဆောင်ပေးနိုင်ခဲ့သူတဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြပါတယ်။        သူ့ရဲ့ ဈာပနအခမ်းအနားကို မိုးသည်းသည်းကြား လမ်းမတွေပေါ်မှာ ပြည်သူတွေေဟာ ဂါဝရပြုဖို့ လာရောက်ခဲ့ကြပြီး ဝမ်းနည်းကြောင်းရေးသားဖို့ ထောင်သောင်းချီတဲ့ လူအုပ်ကြီးဟာ တန်းစီစောင့်ဆိုင်းခဲ့ကြရတာပါ။  နိုဝင်ဘာ၊ ၂၀၁၅        ဆယ်စုနှစ် ၄ စုနီးပါး ကြာမြင့်တဲ့ ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြန်မာ့ဒီမိုကရေစီကြယ်ပွင့် ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရရှိခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေ ခံဉပဒေအရ သမ္မတအဖြစ် ရွေးကောက်ခံနိုင်ခွင့်ကို တားမြစ်ခံထားခဲ့ရပါတယ်။        မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာတော့ ရွေးကောက်ပွဲကို အသစ်တဖန် ထပ်မံကျင်းပတော့မှာ ဖြစ်ပါတယ်။  မေ၊ ၂၀၁၆    ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတအဖြစ် ဒါဗာအိုမြို့တော်ဝန် ရိုဒရီဂို ဒူတာတေဟာ ၆ နှစ်တာ တာဝန်ယူရမယ့် သမ္မတနေရာအတွက် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပြီး ရွေးကောက်ခံခဲ့ရပါတယ်။        ‘The Punisher’ လို့ နာမည်ပြောင်ပေးခံရတဲ့ အသက် ၇၁ နှစ်အရွယ် ဒူတာတေဟာ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအပြင် ဖိလစ်ပိုင်နိုင်ငံကို ပါလီမန်စနစ်နဲ့ အုပ်ချုပ်သွားဖို့စတဲ့ အခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ကတိကဝတ်တွေကို ပေးထားခဲ့တာပါ။        အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ ဟော ဟောဒိုင်းဒိုင်းပြောတတ်ပြီး ထိထိရောက်ရောက်သတ်ဖြတ်အပြစ်ပေးလေ့ရှိတဲ့ ဒူတာတေကို ကမ္ဘာ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချမှုတွေလည်း ရှိနေပြီး ကုလသ မဂ္ဂလူ့အခွင့်အရေးညီလာခံမှာ တင်သွင်းတဲ့ အစီရင်ခံစာမှာတော့ ဒူတာတေဟာ ဒီလူသတ်မှုတွေကို တားဆီးတာမျိုးမရှိဘဲ သူ့ရဲ့ ပြောဆိုမှုတွေကလည်း လူသတ်မှုကျူးလွန်ဖို့ တွန်းအားပေးနေတယ်လို့ ဖော်ပြခဲ့တာပါ။        မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဒူတာ တေက အပြင်းအထန်နှိမ်နင်းခဲ့ပြီး ရဲတွေရဲ့ အဆိုအရ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့နေ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ကာလအတွင်း အနည်းဆုံးလူပေါင်း ၅၅၅၂ ဦး ကွပ် မျက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။        လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေကတော့ သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကာလအတွင်း ကွပ်မျက်ခံခဲ့ရသူ အနည်းဆုံး ၂၇၀၀၀ ထိ ရှိခဲ့တယ်လို့ ပြောပါ တယ်။  အောက်တိုဘာ၊ ၂၀၁၆        ထိုင်းနိုင်ငံရဲ့ သက်တော်ရှည် ဘုရင်ကြီး ဘူမိဘောဟာ သက်တော် ၈၈ နှစ်အရွယ်မှာ နတ်ရွာစံသွားခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံကို နှစ်ပေါင်း ၇၀ လောက် အုပ်ချုပ်ခဲ့သူဖြစ်ပြီး ထိုင်းပြည်သူတွေရဲ့ လေးစားချစ်ခင်မှုရရှိခဲ့တဲ့ ဘုရင်တပါးဖြစ်တာမို့ အားလုံးက ယူကျုံးမရ ပူဆွေးဝမ်းနည်းခဲ့ကြရပါတယ်။        ဘူမိဘောကို ‘နိုင်ငံရဲ့ ဖခင်ကြီး’လို့ တင်စားခဲ့ကြရပြီး သူဟာ သက်တော် ၁၈ နှစ်အရွယ် ၁၉၄၆ ခုနှစ်မှာ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ရပါတယ်။        သူနတ်ရွာစံပြီးနောက်မှာတော့ ထီးနန်းအရိုက်အရာကို သားဖြစ်တဲ့ မဟာဝချီရာ လောင်ကွန်းက ဆက်ခံခဲ့ပြီး ဒသမမြောက် ရာမဘုရင်ဘွဲ့နဲ့ နန်းတက်ခဲ့ပါတယ်။  ဧပြီ၊ ၂၀၁၇        တရုတ်အစိုးရဟာ နိုင်ငံရဲ့ အနောက်ဘက်အကျဆုံး ရှင်ကျန်းခရိုင်ထဲက ဝီဂါမွတ် ဆလင်တွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။        ကနဦးခန့်မှန်းချက်တွေအရ ပုံစံတမျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ ဝီဂါမျိုးနွယ်စုတွေနဲ့ တခြားသော မွတ်ဆလင်လူနည်းစုတွေဟာ တသန်းကနေ တသန်းခွဲကြား ရှိမယ်လို့ ဆိုပါတယ်။        တရုတ်အစိုးကတော့ ဝီဂါတွေရဲ့ ဆန္ဒသဘောထားတွေကို ထိန်းချုပ်တယ်ဆိုတာ ကို ငြင်းဆိုထားပြီး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထားတာလည်း မဟုတ်ပဲ ဒါက အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွေ ဖွင့်ထားတာဖြစ်ပြီး တဖက်စွန်းရောက်တဲ့ အတွေးအခေါ်တွေ ဖယ်ရှားရေး သင်တန်းပေးတာမျိုးသာဖြစ်တယ်လို့ ငြင်းဆိုထားပါ တယ်။        ဒီအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ  နိုင်ငံပေါင်း၂၀ ကျော် တက်ရောက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ အနောက်ကမ္ဘာအုပ်စု ကိုယ်စားလှယ်တွေကတော့ ဒီ ထိန်းသိမ်းရေး စခန်းတွေကို ပိတ်ပစ်ဖို့နဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကိုလည်း ဝင်ရောက်စစ်ဆေးခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။  ဩဂုတ်၊ ၂၀၁၇        မြန်မာစစ်တပ်က အနောက်ဘက်ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးဆောင် ရွက်ချိန်မှာ အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့လို့ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည် ၇ သိန်းကျော်ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အစီရင်ခံစာက ဆိုပါတယ်။        တပ်မတော်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်ပေါ်ခဲ့ပြီး  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို နိုင်ငံရေးထဲကနေ ဖယ်ရှားဖို့နဲ့ လူမျိုးတုံးသတ် ဖြတ်မှု၊ လူအမြောက်အမြားအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့တာပါ။        ကာကွယ်ရေးဦးစီးချုပ်ကတော့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေကို ဥပဒေနဲ့ စိစစ်လက်ခံသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကုလသမဂ္ဂအပါအဝင် ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဝင်ရောက်စွက်ဖက်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ ပြောဆိုထားပါတယ်။        ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ အိုအိုင်စီအစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အမှုဖွင့် တိုင်ကြားထားသလို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိတဲ့အကြောင်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ က အိုင်စီဂျေ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဥပဒေရေးရာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ခုခံချေပထားခဲ့ကြပါတယ်။  မေ၊ ၂၀၁၈        မလေးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ အသက် ၉၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝန်ကြီး ချုပ်ဟောင်း မဟာသီယာမိုဟာမက်က တကျော့ပြန်အနိုင်ရခဲ့ပြီး အစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။        နှစ်ပေါင်း ၆၀ ကျော် တိုင်းပြည်အာဏာကို ဆုတ်ကိုင်ထားနိုင်ခဲ့တဲ့ လက်ျာနိုင်ငံ ရေးတပ်ပေါင်းစု ဘီအန်ပါတီရှုံးနိမ့်ခဲ့ပြီး မဟာသီယာ ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်းအုပ်စုက အလဲထိုးအနိုင်ရရှိခဲ့မှုဟာ သမိုင်းဝင်အဖြစ်အပျက်တခုဖြစ်သွားခဲ့ရပါတယ်။        နိုင်ငံရေးလောက,ကနေ အနားယူနေတဲ့ မဟာသီယာဟာ တကျော့ပြန်ရွေးကောက်ပွဲ ဝင်လာခဲ့ပြီး သူကိုယ်တိုင် နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့တဲ့ BN ပါတီကိုရော၊ သူနိုင်ငံရေး မြေတောင်မြှောက်ပေးခဲ့တဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကိုပါ အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။        ဒါဟာ နိုင်ငံတော် ဖွံ့ဖြိုးရေးရံပုံငွေ 1MDB အလွဲသုံးစားအမှုနဲ့ ရာဂျစ်ကို တရားစွဲဆိုနိုင်ဖို့ လမ်းကြောင်းပွင့်သွားခဲ့တာလည်း ဖြစ်ပါတယ်။        နာဂျစ်ဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB ထဲက ဒေါ်လာသန်း ၇၀၀ ကို အလွဲ သုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး တခြားစွဲချက် ၃၂ ခုကိုလည်း ရင်ဆိုင်နေရပါတယ်။        ကွာလာလမ်ပူမြို့ကို ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေကတဆင့် စီးပွားရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ အချက်အချာကျတဲ့ နေရာတခုဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ မစ္စတာနာဂျစ်က 1MDB ကို ၂၀၀၉ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၅ အစောပိုင်းမှာ ဘဏ်တွေနဲ့ အာမခံစာချုပ်ပိုင်ရှင်တွေကို တင်နေတဲ့ အကြွေး ဒေါ်လာ ၁၁ ဘီလျံအတွက် ပေးချေရမှာတွေကို ပျက်ကွက်လာတာကြောင့် လူတွေ အာရုံစိုက်မိလာခဲ့ကြတာ ဖြစ်ပါတယ်။  ဇွန်၊ ၂၀၁၈        အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ ထိပ်သီးခေါင်းဆောင် ၂ ယောက်ရဲ့ စင်ကာပူနိုင်ငံမှာ ပထမအကြိမ်တွေ့ဆုံမှုဟာ သမိုင်းဝင်ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။        ဒီဆွေးနွေးပွဲဟာ ဆယ်စုနှစ် ၇ ခုစာကာလအတွင်း နှစ်နိုင်ငံကြား ရန်လိုမုန်းတီးမှုတွေနဲ့ နျူကလီးယားအရေး တင်းမာမှုတွေကို လျော့နည်းသွားခြင်းအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့အတွက် ကတိကဝတ်တွေနဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။        အဲဒီနောက် နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဗီယက်နမ်နိုင်ငံနဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံနယ်စပ်မှာ တွေ့ဆုံခဲ့ကြပေမယ့် မြောက်ကိုရီးယားက နျူကလီးယား ဖျက်သိမ်းရေးကဏ္ဍမှာ လိုလိုလားလားရှိနေပေမယ့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရာနှုန်းပြည့် ဖယ်ရှားပေးစေဖို့ တောင်းဆိုချိန်မှာ စေ့စပ်ညှိနှိုင်းမှုတွေ ရပ်တန့်သွားခဲ့ကြတာ ဖြစ်ပါတယ်။  အောက်တိုဘာ၊ ၂၀၁၈        အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းအလယ်ပိုင်း၊ ပါလူးမြို့မှာ အင်အားရစ်ချ်တာစကေး ၇ ဒဿမ ၅ ပြင်းအားရှိတဲ့ ငလျင်နဲ့ဆူနာမီလှိုင်းဒဏ်ကြောင့် လူပေါင်း ၂၀၀၀ လောက် သေကျေက်စီးခဲ့ရပါတယ်ေ လူဦးရေ ၃ သိန်းခွဲရှိတဲ့ မြို့လေးကို ဝင်ရောက်တိုက်ခဲ့တဲ့ ဆူနာမီလှိုင်းလုံးကြီ‌ေတွေဟာ လူနေအိမ်တွေကို ပင်လယ်ရေအောက် ရောက်သွားစေတဲ့ထိ ထိခိုက်ပျက်စီးစေခဲပြီး မြေကြီးထဲမှာ နစ်မြုပ်နေခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ မတ်၊ ၂၀၁၉        နယူးဇီလန်နိုင်ငံ၊ ခရိုက်စ်ချာ့ချ်မြို့က ဗလီကျောင်း ၂ ခုမှာ သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံးလူ ၅၁ ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ လူတွေဟာလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အသက် ၂၈ နှစ်အရွယ် လူဖြူကြီးစိုးရေးဝါဒီ သြစတြေးလျနိုင်ငံသား ဘရန်တန် တဲရန့်ကို လူသတ်မှုတမှုနဲ့ စွဲချက်တင်ထားပြီး နောက်ထပ်စွဲချက်တွေ ရင်ဆိုင်ရဖွယ် ရှိပါတယ်။ ရုံးတင် အမှုကြားနာစစ်ဆေးမှုကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်နေ့မှာ ဆက်လက်စစ်ဆေးသွားဖို့ ရှိနေတာပါ။  ဧပြီ၊ ၂၀၁၉        အသက် ၈၅ နှစ်အရွယ် ဂျပန်ဘုရင် အာကီဟီတိုဟာ ဘုရင်တပါးအနေနဲ့ အနှစ် ၂ဝဝ ကျော်အတွင်း သက်ရှိထင်ရှား ပထမဆုံးအကြိမ် ထီးနန်းစွန့်လွှတ်ကြောင်း ကြေညာလိုက်ပြီး ဒါဟာ သမိုင်းဝင်ဖြစ်ရပ်တခု ဖြစ်သွားခဲ့ပါတယ်။        ဘုရင်အာကီဟီတိုဟာ အသက်အရွယ်အရ ကျန်းမာရေး ချို့ယွင်းလာပြီဖြစ်တဲ့အတွက် ဘုရင်တပါးရဲ့ တာဝန်ဝတ္တရားတွေကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်တော့တဲ့ အတွက် ထီးနန်းစွန့်ခွင့်ပေးဖို့ တောင်းခံခဲ့တာ ဖြစ်ပါတယ်။        သူ့ရဲ့ ထီးနန်းအရိုက်အရာကိုတော့ အိမ်ရှေ့စံမင်းသား နာရူဟီတိုက မေလ ၁ ရက် နေ့မှာ ဆက်ခံခဲ့တာ ဖြစ်ပါတယ်။  ဇွန်၊ ၂၀၁၉        တရုတ်ပြည်မကြီးကို သံသယရှိတဲ့ တရားခံတွေလွှဲပြောင်းမယ့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဟောင်ကောင်အစိုးရ ခေါင်းဆောင်အမျိုးသမီး ကယ်ရီလမ်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာမှ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပါတယ်။        သန်းနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေဟာ လမ်းမတွေပေါ်တက်ကာ ဆန္ဒပြခဲ့ကြ ပြီးနောက်မှာတော့ လူထုအုံကြွမှုအသွင်ဆောင်လာခဲ့ပြီး အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းရတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။        လတ်တလောအချိန်ထိ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လူ ၃၀၀၀ နီးပါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ပြည်သူတွေကတော့ ဟောင်ကောင်အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အင်အားအလွန်အကျွံသုံးတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် အချိန် ၆ လ လောက်ကြာတဲ့ လက်ရှိအချိန်ထိ ဟောင်ကောင်မှာ လူထုအုံကြွမှုအသွင်ဆောင်တဲ့ ဒီဆန္ဒ ပြမှုတွေဟာ ဆက်လက်ပြီးတော့ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။  ကိုးကား- A decade in the Asia-Pacific region: 2010 to 2019 - Al Jazeera
2 years Ago
Up