အရေးတော်ပုံ အောင်ရမယ်

February 11, 2021

“အရေးတော်ပုံ အောင်ရမယ်” - မင်းကိုနိုင် (ရုပ်သံ)

လက်ရှိမြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဟာ အရှိန်အဟုန်မြင့်တက်နေပြီး မျိုးဆက်တွေ ချိတ်ကာ အောင်ပွဲရမယ်လို့ ယုံကြည်တဲ့ အကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

(အပြည့်အစုံ) 

“ဒီကနေ့ ဝန်ထမ်းတွေပြည်သူတွေ ရဲ့လှုပ်ရှားမှု အင်မတန်အားတက်စရာကောင်းပါတယ်။ ရုံးမတက်နဲ့ ရုန်းထွက်ကြဆိုတဲ့ ကြွေးကြော်သံအောက်မှာ  ကျနော်တို့အားလုံး  အရေးတကြီးဆင်နွှဲနေတဲ့  CDM လှုပ်ရှားမှုဟာ အရှိန်အဟုန်မြင့်လာပြီ။ ရာခိုင်နှုန်းများလာပါပြီ။”

“ဒီမှာ  အာဏာသိမ်းဖို့ ကြိုးစားတဲ့ စစ်အုပ်စုရဲ့ မဆင်မခြင်လုပ်ရပ်တွေ များစွာထဲက  အဆိုးရွားဆုံးတစ်ရပ်က ဘာလဲဆိုတော့ လူငယ်တွေကို မထေမဲ့မြင် လုပ်လိုက်တာပဲ။ ဘယ်လိုလူငယ်တွေလဲ၊ သူတို့ဘဝမှာ ပထမဆုံးမဲပေးဖို့ အခွင့်အရေးရတဲ့လူငယ်  ၅ သန်းကျော်ရှိပါတယ်။ အဲဒီ ၅ သန်းကျော်ကို မထေမဲ့မြင်စော်ကားသလို ဖြစ်သွားတာ သူတို့ရဲ့မဲတွေကို ငြင်းဆန်ပစ်လိုက်တာ ဖျက်ဆီးပစ်လိုက်တာ  အဲတော့ အဲဒီအနာဂတ်မှာ လူငယ်တွေရဲ့ အိပ်မက်တွေရှိတယ်  အဲဒါတွေ ဖျက်ဆီးခံလိုက်ရတာ။”

“ဟိုနေ့က အပစ်ခံရတဲ့ ၁၉ နှစ်သမီးလေးဆိုရင် ဒီမျိုးဆက်ထဲမှာပါတာပေါ့။ သူတို့တွေက အခုသပိတ်မှောက် ဆန္ဒပြပွဲကို လူတွေညောင်းညာမသွားအောင် မပေါက်ကွဲအောင်  ပါဖောမဲင့်စ်မျိုးစုံနဲ့ပေါ့ အဲဒါတွေတင်ဆက်နေတာတွေ့ရလိမ့်မယ်။  ကျနော်တို့ ကြွေးကြော်သံတွေ တိုင်ရုံလောက်နဲ့ မကတော့ဘူး ချီတက်ရုံတင်မကတော့ဘူး  သရုပ်ဖော်မှု တင်ဆက်မှုတွေများစွာ  သူတို့ကိုကြည့်ပါ ဥပမာဆိုရင် သံရုံးရှေ့မှာဆန္ဒပြတဲ့ လူငယ်မျိုးဆက်တွေဆိုရင် ရဲနဲ့စကားပြောတာကအစ သူတို့အရည်အချင်းကိုပြတယ်။ ဒါကြောင့်ကျနော်အမြဲတမ်းပြောတာ။ Smart မျိုးဆက်ပါလို့ ကျနော်ပြောနေတာ။ သူတို့ရဲ့လှုပ်ရှားမှာအားလုံးကိုတင်ဆက်တာ ပြီးတော့ နောက်ဆုံးသိမ်းဆည်းသွားတဲ့အခါမှာ အမှိုက်သိမ်းတာက အစပေါ့။ ပက်ကေ့ချ်တစ်ခုလုံးကို စဉ်းစားထားတဲ့ မျိုးဆက်ဖြစ်တယ်။

“အဲဒီတော့ ဒီနေ့ကမ္ဘာကြီးမှာ ဆန္ဒပြတယ်ဆိုတာ သဏ္ဍာန်မျိုးစုံရှိတယ် ဟန်မျိုးစုံရှိတယ်။ ဒါကိုပြောချင်တာ။ သူတို့ပြနိုင်ခဲ့ကြတယ်။ အဲတော့ နောက်အရေးကြီးတဲ့တစ်ချက် ဘာလဲဆိုတော့  ဟောဒီကမ္ဘာကြီးမှာ နည်းပညာကိုအသုံးပြုပြီးတော့လေ လူငယ်မျိုးဆက်တစ်ခုဟာ နိုင်ငံတကာမှာချိတ်ဆက်ထားတယ်နော်။ သူတို့ ဘာလုပ်လဲဆိုတော့ ကမ္ဘာကြီးမှာ အင်အားနည်းနေတဲ့ အမှန်တရား နိမ့်ပါးနေတဲ့အမှန်တရားတွေဘက်က လိုက်နေတဲ့ လူငယ်တွေရှိတယ်။ လိုက်ကူနေတဲ့လူငယ်တွေ ရှိတယ်။ အဲဒါ နည်းပညာနဲ့ ချိတ်ဆက်ထားတယ်။ နိုင်ငံတကာကွန်ရက်တွေနဲ့ ချိတ်ပြီးတော့အလုပ်လုပ်နေတာ တွေ့ရတယ်။ ဒါ အင်မတန် အားတက်စရာကောင်းတယ်။” 

“ဒီကနေ့မှာ လူသတ်လက်နက်ကို ဉာဏ်ပညာနဲ့ နည်းပညာနဲ့ ယှဉ်နေကြတာ ပွဲကတော့ အဲhသလိုပွဲမျိုး တကယ်ကြည့်ကောင်းတယ်လို့ ဆိုရမယ်။  အဲတော့ ဒီကနေ့ လူငယ်တွေ ချိတ်ဆက်လှုပ်ရှားတာတွေကိုကြည့်ပါ။ ကမ္ဘာနဲ့  ကမ္ဘာကျော်အဆိုတော် ရီဟားနားလိုဟာမျိုးဆိုရင် သူ့မှာနောက်လိုက် ဖော်လိုဝါ သန်း ၁၀၀ ကျော်ရှိတယ်။ သူက မြန်မာနိုင်ငံအရေးကို ဂရုဓမ္မပြုပြီးတော့မှ ပြောဆိုတာမျိုးတွေ ရှိလာပြီ။ လူတွေရဲ့ စိတ်ဝင်စားမှုဟာ ကမ္ဘာမှာ မြင့်တက်လာတာပေါ့နော်။ အဲတော့ ပြန်ချုံ့လိုက်ရင် ဒီမျိုးဆက်ဟာ နောက်ဆုံးမျိုးဆက်   ကျနော်တို့ခေတ်က ဆိုဖူးခဲ့ကြတဲ့ ကမ္ဘာမကျေဘူးတို့၊ သွေးသစ္စာတို့လို သီချင်းမျိုးကိုလည်း သူတို့က ခံစားပြီးတော့ ဦးညွတ်ပေးတယ်။ ကောင်းပြီ ကျနော်တို့ကလည်း သူတို့ရဲ့ ပါဖောမဲ့င့်စ်တွေကို လက်ခံပေးရမယ်။ သဘောညီပေးရမယ်။ အဲတော့ နောက်ဆုံးတော့ ကျနော်တို့ မျိုးဆက်တွေ ချိတ်ပြီးတော့ အောင်ပွဲရမယ်ဆိုတာကို ကျနော်ယုံကြည်ပါတယ်။ အဓိကကတော့ စမတ်ကျတဲ့မျိုးဆက်ကို ကျနော်တို့ထာဝရ အားကိုးယုံကြည်လျက် မျိုးဆက် အဆက်ဆက်ကို ယုံကြည်ပြီးတော့ ပူးပေါင်းကြရမှာပါ။ ကျနော်တို့ ရောက်မှာပါ။ အရေးတော်ပုံ အောင်ရမယ်”

2 years Ago
Up