အရောင်းအဝယ်

July 31, 2020

အသင်းအရောင်းအဝယ်ကိစ္စ ပျက်ပြားခဲ့သဖြင့် နယူးကာဆယ်ပရိသတ်များ ကြေကွဲ

အသင်းကိုဝယ်ယူမယ့် ဆော်ဒီအာရေးဗျအဖွဲ့ရဲ့ အစီစဉ်ပျက်ပြားသွားခဲ့ခြင်းအပေါ် နယူးကာဆယ်ပရိသတ်တွေဟာ လက်မခံနိုင်ဖြစ်ကာ စိတ်ထိခိုက်နေကြပါတယ်။  ဆော်ဒီပြည့်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (PIF) က ဦးဆောင်တဲ့ အကျိုးတူပူးပေါင်းမှုအဖွဲ့တခုက နယူးကာဆယ်အသင်းကို ပေါင်သန်း ၃၀၀ နဲ့ဝယ်ယူဖို့  ဧပြီ လမှာ သဘောတူခဲ့ပေမယ့် အခုချိန်မှာတော့ ဒီအစီစဉ်ဟာ ပျက်ပြားသွားခဲ့ပါပြီ။  ဒီအခြေအနေနဲ့ပတ်သက်ပြီး Newcastle United Supporters’ Trust ပရိသတ်အဖွဲ့ဝင် ဂျာ့ဂျ်တွန်လင်ဆန်က “ပရီးမီယားလိဂ်အဖွဲ့ ဆီကနေ အဖြေစကားလိုအပ်နေတယ်” လို့ပြောပါတယ်။  “ဒီအခြေအနေက ပရိသတ်တွေကို အသည်းကွဲစေတယ်” လို့ နောက်ထပ်ပရိတ်သတ်တဦးက ပြောပါတယ်။  လက်ရှိပိုင်ရှင် မိုက်ကယ်အက်ရှ်လေလက်ထဲကနေ နယူးကာဆယ်အသင်းကို လွှဲပြောင်းဝယ် ယူဖို့ စာချုပ်ဟာ ပရီးမီးယားလိဂ်ရဲ့ ပိုင်ရှင်များနဲ့ ဒါရိုက်တာများဆိုင်ရာ စစ်ဆေးမှုတွေကြောင့် ကြန့်ကြာခဲ့ရတာပါ။  အသင်းကိုဝယ်ယူမယ့် ပူးပေါင်းအဖွဲ့မှာ PCP Capital Partners နဲ့ Reuben Brothers တို့လို အဖွဲ့အစည်းတွေပါဝင်ပြီး ကြန့်ကြာနေမှုကို စိတ်မရှည်တော့တဲ့အတွက် ဒီအစီစဉ်ကနေ နုတ်ထွက်လိုက်တာလို့  ယူဆရပါတယ်။  နယူးကာဆယ်ပရိသတ် ဂျော့ဂျ်က “ ပရိသတ်တွေအနေနဲ့ ကြေကွဲကုန်တာပေါ့ဗျာ။ မိုက်  ကယ်အက်ရှ်လေလက်ထဲမှာ ကျနော်တို့အားပေးတဲ့အသင်းက ၁၃ နှစ်လောက် စိတ်ဝင်စားမှုမရှိ၊ ရင်းနှီးမြှုပ်နှံမှု မရှိဘဲဖြစ်နေခဲ့တာလေ” လို့ ပြောပါတယ်။  နယူးကာဆယ်အသင်းကို ဝယ်ယူဖို့အတွက် တရားဝင် စာရွက်စာတမ်းတွေကို ပြီးခဲ့တဲ့ ၁၆ ပတ်ကတည်းက ပရီးမီးယားလိဂ်တာဝန်ရှိသူတွေထံ တင်ပြခဲ့ပေမဲ့ ဒီအရောင်းအဝယ်ကိစ္စမှာ ဆော်ဒီနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတွေနဲ့ နိုင်ငံရဲ့ရုပ်သံမူပိုင်ခွင့်ဆိုင်ရာ အကြောင်းအရာတွေက အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။  ဒီအရောင်းအဝယ်ကိစ္စ ကြန့်ကြခဲ့ရတာဟာ ပရီးမီးယားလိဂ်ရဲ့ရှေ့နေတွေက ဆော်ဒီအစိုးရနဲ့ အကျိုးတူပူးပေါင်းမှုအဖွဲ့တို့အကြား ဆက်စပ်မှုတွေကို တိတိကျကျဖော်ထုတ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။  ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဟာ PIF ရဲ့ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတာဖြစ်ပတယ်။  ပိုင်ရှင်အသစ်နဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေရှိနေပေမယ့် နယူးကာဆယ် အရိသတ်အဖွဲ့အစည်းတခုဖြစ်တဲ့ Newcastle United Supporters’ Trust အဖွဲ့ဝင်တွေကြား လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ပရိသတ် ၉၇ ရာခိုင်နှုန်းဟာ ပိုင်ရှင်အသစ်ကိုပို အလိုရှိကြောင်း တွေ့ခဲ့ရပါတယ်။ 
9 months Ago

April 28, 2020

မလေးရှား ရာမာဒန်ဈေးများ  အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်ဖြစ်နေ 

မလေးရှားနိုင်ငံက ရာမာဒန်ဈေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ပုံမှန် ဈေးရောင်းဝယ်တဲ့အစဉ်အလာကို ကျော်ပြီး ပုံစံသစ်တရပ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။ WhatsApp နဲ့ Facebook လူမှုကွန်ရက်တွေကို သုံးပြီး အွန်လိုင်းကနေ ဈေးဝယ်ဖို့ အမှာစာတွေ ကောက်ယူခဲ့ကြတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူစုလူဝေးကြားမှာ လူအများအပြား ဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်တဲ့အတွက် မလေးရှား အစိုးရဟာ ရာမာဒန် ဥပုသ်ထွက်ချိန် အသင့်စားစရာတွေကို ရောင်းချတဲ့ ရာမာဒန်ဈေးတွေကို ပိတ်ပစ်ခဲ့ပါတယ်။ ခါတိုင်းမှာ နိုင်ငံတဝန်းက ရာမာဒန်ဈေးတွေဟာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိပြီး ရာနဲ့ချီတဲ့ ဈေးဆိုင်တန်းတွေက ဝါဖြေ စားစရာတွေကို ရောင်းကြတာပါ။ အခုတော့ ကူးစက်ကပ်ဘေးကြောင့် ဈေးတွေကို ပိတ်ပစ်ခဲ့ပေမယ့် အမှာစာတွေက အဆင်ပြေနေတယ်လို့ မြို့တော် ကွာလာလမ်ပူရဲ့ မြို့စွန် ခြံဝင်းမှာ ဆိုင်ဖွင့်ထားသူ ဈေးသည်တယောက်က ပြောပါတယ်။ ဒီနှစ်မှာ ဈေးထဲမှာ မရောင်းနိုင်ပေမယ့် လူမှုကွန်ရက်မီဒီယာပေါ်မှာ ကြော်ငြာခဲ့တဲ့အခါ ဖောက်သည်တွေက နားလည်ကြပါတယ်လို့ သူက ဆက်ပြောပါတယ်။ မွတ်စလင် လူများစုရှိရာ နိုင်ငံတွေမှာ ရာမာဒန်ဥပုသ်လဟာ အသင့်စားစရာတွေကို ရောင်းတဲ့ လမ်းဘေးဈေးသည်တွေအတွက် ဝင်ငွေတိုးတဲ့ ကာလပါ။ နေဝင်ချိန် ဝါဖြေပြီးရင် မိသားစုဆွေမျိုး မိတ်ဆွေ စုဆုံပြီး ညနက်စာ စားဖို့ ဈေးထွက်ဝယ်လေ့ ရှိပါတယ်။ မလေးရှား အာဏာပိုင်တွေက နိုင်ငံတွင်း တစိတ်တပိုင်း အသွားအလာ ကန့်သတ်ချက်ကို မေလကုန်ထိ ချမှတ်ထားပါတယ်။ ဒါကြောင့် ထောင်နဲ့ချီတဲ့ လမ်းဘေးဈေးသည်တွေနဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ အင်တာနက်ပေါ် တက်လာခဲ့ကြပါတယ်။ အသေးစား စားသောက်ကုန်လုပ်ငန်းရှင် အများအပြားဟာ လူမှုကွန်ယက်ပေါ်ကနေ ဝယ်သူဆီ တိုက်ရိုက်ရောင်းဖို့ ကြိုးစားပေမယ့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ဝင်ငွေ မျှယူရတဲ့အတွက် လုံလောက်အောင် အမြတ်မရဘူးလို့လည်း ဆိုကြပါတယ်။ ကပ်ဘေးအတွင်း အသွားအလာ ကန့်သတ်မှုကြောင့် ဈေးသည် အယောက် တသိန်းလောက် စီးပွားရေး ဆိုးဆိုးရွားရွား အထိနာခဲ့တယ်လို့ မလေးရှားနိုင်ငံသား ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များနဲ့ အသေးစား ကုန်သည်များအသင်းက ခန့်မှန်းပါတယ်။ ရာမာဒန် ဥပုသ်လအတွင်း သူတို့ရဲ့ စီးပွားရေး ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းထိ ရှိလိမ့်မယ်လို့လည်း ပြောပါတယ်။
12 months Ago
More News
Up