အရီဇိုးနား ဆေးရုံ

August 19, 2018

သူနာပြု ၁၆ ဦး ကိုယ်ဝန်ဆောင်ထားသည့် အရီဇိုးနား ဆေးရုံ

အရီဇိုးနားပြည်နယ်က ဆေးရုံတခုမှာ မကြာမီအချိန်အတွင်း ကလေးမွေးဖွားမှု အကြီးအကျယ်မြင့်တက်လာတော့မယ်လို့ AP သတင်းဌာနမှာ ဖော်ပြပါတယ်။ အကြောင်းကတော့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတွေထဲက သူနာပြု ၁၆ ယောက်တိတိဟာ ကိုယ်ဝန်ရှိနေကြလို့ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုယ်ဝန်ဆောင် သူနာပြုတွေထဲက တဦးဖြစ်သူက ဖော်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဖီးနစ်မြို့ အပြင်ဘက်မီဆာမှာရှိတဲ့ ဘန်နာဒီဆတ် ကျန်းမာရေးစင်တာမှာက သူနာပြု ၁၆ ယောက်ဟာ လာမယ့် အောက်တိုဘာလမှ ဇန်နဝါရီလအတွင်း မီးဖွားကြတော့မှာဖြစ်ပြီး ၁၆ ယောက်တိတိ ကိုယ်ဝန်ရှိတယ်ဆိုတာကို သူတို့လည်း မကြာသေးခင်ကမှ သိကြတာလို့ ဆိုပါတယ်။ “ဖေ့စ်ဘွတ်ခ်မှာ ကိုယ်ဝန်သည်ဂရု မထောင်ခင်အထိ ကျမတို့ ဝန်ထမ်းတွေထဲက တော်တော်များများမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ မသိခဲ့ကြပါဘူး” လို့ သူနာပြုဆရာမတဦး ဖြစ်သူ ရိုချယ်ရှားမန်းကပြောပါတယ်။ စင်တာမှာရှိတဲ့ သူနာပြုတော်တော်များများ ကိုယ်ဝန်ရှိနေခြင်းအပေါ် ဆေးလာကုတဲ့ လူနာတွေကလည်း အံ့သြတကြီးဖြစ်နေကြတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ်ဝန်ဆောင်မဟုတ်တဲ့ သူနာပြုတွေက သူတို့အတွက် များစွာအထောက်အကူဖြစ်စေပြီး ဓာတ်မှန်ရိုက်ခြင်းလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် မသင့်တော်တဲ့ ကုသမှုတွေကို ကိုယ်စားဝင်ဆောင်ရွက်ပေးတယ်လို့လည်း သူကပြောပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေများပြားနေတဲ့အတွက် သူတို့ရဲ့စကားဝိုင်းမှာ ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကြီးစိုးနေမှုအပေါ် ကိုယ်ဝန်ဆောင်မဟုတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ပျက်လာမှာလည်း စိုးရွံ့မိတယ်လို့ တစ်ခြားကိုယ်ဝန်ဆောင် သူနာပြုတဦးက ပြောပါတယ်။။ ကိုယ်ဝန်ဆောင်သူနာပြုအရေအတွက် များပြားနေခြင်း၊ သူတို့ရဲ့မီးဖွားရက်တွေဟာ ကပ်နေခြင်း စတဲ့အခြေအနေတွေ ရှိနေပေမယ့် သူတို့မီးဖွားခွင့် ၁၂ ပတ်ယူရင် သူတို့နေရာမှာ အစားဝင်နိုင်တဲ့ တခြားသော သူနာပြုများစွာ အဆင်သင့်ရှိနေတယ်လို့လည်း ဘန်နာ ကျန်းမာရေး စင်တာက တာဝန်ရှိသူတွေက ပြောပါတယ်။
3 years Ago
Up