အရိပ်

A d v e r t i s e m e n t With Us

June 7, 2018

'အရိပ်' ဇာတ်လမ်းတွဲ ဇာတ်ဝင်သီချင်းရုပ်သံ ကြည့်ရှုသူ ၃ သိန်း ကျော်ရှိပြီ(ရုပ်သံ)

  “တို့ နီးနီးလေးမှာ အဝေးကြီးပဲ ဝေးလို့ကွာ… တကယ်မဆုံနိုင်ဘူးလား… တို့နီးနီးလေးမှာ အဝေးဆုံးပဲ ဝေးလို့ကွာ… တကယ်ဆုံနိုင်ပြီလား… အို… အချစ်တွေက… သေဆုံးပြီလား… တကယ်ပြန်ဆုံနိုင်ပြီလား…” ဒီစာသားတွေကတော့ The Best of Melody World သီချင်းဆိုပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ပြီး အောင်မြင်တဲ့ တေးသံရှင်တွေ ဖြစ်လာခဲ့ကြတဲ့ ထက်နေခြည်နဲ့ ဂျူဝယ်လ်တို့ စုံတွဲသီဆိုထားကြတဲ့ လောင်းရိပ်မိသော အချစ်လို့ အမည်ရတဲ့ ဇာတ်ဝင်သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပြီး တေးရေး မြင့်မိုးအောင်က ရေးစပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ Forever Group က စီစဉ်ပြီး လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ နာမည်ကြီး ‘အရိပ်’ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်းဖြစ်ပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာ ဖြစ်ပါတယ်။ အရိပ် ဇာတ်လမ်းတွဲဟာ စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုကို ဒါရိုက်တာ ပြည်သစ်နိုင်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး မျက်နှာသစ် သရုပ်ဆောင်တွေကို ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်ပြီး ပွဲထုတ်ထားတာ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာရနေတဲ့ မိန်းကလေးတယောက်နဲ့ မိသားစုတွင်း ပြဿနာတွေကြား အချစ်၊ အိမ်ထောင်ရေး၊ ဒရာမာပုံစံ ရိုက်ကူးထားခဲ့တဲ့ ဒီဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ နက္ခတ်၊ ဟိန်းထက်၊ မေမြင့်မိုရ်၊ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်းတို့ကို ဝါရင့်သရုပ်ဆောင် ရန်အောင်၊ စိုးမြတ်သူဇာ၊ ချိုပြုံးတို့နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထုကို အရင်ကတော့ ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူးခဲ့ဖူးပြီး မင်းမော်ကွန်းနဲ့ ပန်းဖြူတို့ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြကာ အကောင်းဆုံး အမျိုးသမီးရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ “ဒဏ်ရာတွေပြည့်သော အသည်းမှာ… အချစ်လိုက်ရှာ… အရိပ်တို့က ဖုံးကွယ်ထား… ဘယ်သူတွေ မြင်မလဲ… ငါ့ကမ္ဘာ… အရိပ်တို့ အောက်မှာ… ပျောက်ဆုံးသွားပြီလား…”စတဲ့ သီချင်းစာသားတွေနဲ့ တွဲဖက်ညီညီ သီဆိုထားတဲ့ ဇာတ်ဝင်ခန်းပြကွက်တွေနဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
3 years Ago

May 17, 2018

“အရိပ်” ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှု ပိုခိုင်မာလာသည့် မေမြင့်မိုရ်

လတ်တလော MRTV-4 ရုပ်သံလိုင်းကနေ ပြသနေတဲ့ “အရိပ်” ရုပ်သံဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင် “စုစုလှိုင်” အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်က စိတ်ဖိစီးမှုတွေ များခဲ့ရတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု ပိုမိုရရှိနေတယ်လို့ ပြောပါတယ်။ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း “အရိပ်” ရုပ်သံဇာတ်လမ်းတွဲ Review တွေကို ရေးတဲ့အခါ ဝေဖန်မှုသိပ်မရှိတာကို တွေ့ရပြီး၊ ဝတ္ထုကို စဆုံးပုံဖော်ရိုက်ကူးနိုင်လို့ ဒါရိုက်တာတွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ အားလုံးကိုလည်း ပရိသတ်တွေက ချီးကျူးထားကြတာကို တွေ့ရပါတယ်။ “အခုပြနေတဲ့ အရိပ် ဇာတ်လမ်းတွဲကို ကြိုက်ကြလို့ မေ့အနေနဲ့ အရမ်းကို ဝမ်းသာမိပါတယ်။ ဒီကားထဲက ဇာတ်ကောင် စုစုလှိုင်ကို ပရိသတ်တွေ ကြိုက်ကြတယ်။ မေ့အနေနဲ့လည်း ဒီဇာတ်ကောင်ကိုရဖို့ ကြိုးစားခဲ့ရပါတယ်။ အရင်က ဇာတ်ကောင် မပန်းဖြူကို မမီမှာလည်း အရမ်းကိုကြောက်ခဲ့ပါတယ်။ ပိုဆိုးတာတခုက မပန်းဖြူက အဲဒီဇာတ်ကားနဲ့ကို အကယ်ဒမီဆု ရခဲ့တော့ ညီမ ပိုစိုးရိမ်မိပါတယ်။ စိုးရိမ်မှုတွေက တကယ်ကို စိတ်ဖီစီးစေပါတယ်။ တကယ်စိတ်ဖိစီးမှုများများနဲ့ ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းတွဲပါ။ ဒီကားထဲမှာဆိုရင်လည်း ဇာတ်ကောင်နဲ့ လိုက်ဖက်မယ့် အဝတ်အစား ဒီဇိုင်းတွေကို အရိပ် အဖွဲ့သားတွေရဲ့ ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး သေချာစီစဉ်ခဲ့ကြတယ်။ တကယ့်ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးရတော့ သူတို့ဆီက ပညာရတယ်။ မေတို့ တဖွဲ့လုံး ကြိုးစားခဲ့လို့ အခုလို ရလဒ်မျိုးကို ရတာပါ” လို့ အရိပ်ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မေမြင့်မိုရ်က ပြောပါတယ်။ မေမြင့်မိုရ်ဟာ  MRTV-4 က ရိုက်ကူးခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပန်းနုသွေး၊ ဆုံစည်းခြင်းမိုးတိမ် အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာပါ။ မကြာခင်ကလည်း ဒါရိုက်တာ ကျော်သူ ရိုက်ကူးထားတဲ့ “ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင် ဒေါင်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဆက်လက်ပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ၂၀၁၈ ခုနှစ်ထဲမှာ ပြသသွားဖို့ရှိပြီး ၂၀၁၇ ခုနှစ်ထဲမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ မေမြင့်မိုရ်က ဆိုပါတယ်။ ကြယ်စု
3 years Ago
Up