အရပ်သား ၁၈ ဦး

October 5, 2020

အဇာဘိုင်ဂျန်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံး၊ ၉၀ ကျော် ဒဏ်ရာရ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အဇာဘိုင်ဂျန်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် နာဂေါ်နိုခါရာဘတ် အရပ်သား ၁၈ ယောက် သေဆုံးပြီး အယောက် ၉၀ ကျော် ဒဏ်ရာရတယ်လို့ နာဂေါ်နိုခါရာဘတ် ဒေသခံအရာရှိ တယောက်ကို ကိုးကားပြီး ရုရှားအခြေစိုက် ရီယာနိုဗိုစတီသတင်းမှာ အောက်တိုဘာ ၄ ရက်က ဖော်ပြထားပါတယ်။ နှစ်နိုင်ငံကြား ဒီနယ်မြေအတွက် စစ်ဖြစ်နေတာ ဒုတိယသီတင်းပတ်ထဲ ရောက်ခဲ့ပါပြီ။ အဇာဘိုင်ဂျန် လက်နက်ကိုင်တပ်တွေဟာ ဒေသမြို့တော် စတေပန်ကာ့တ်က အရပ်ဘက် ဧရိယာတွေကို ပစ်မှတ်ထားနေတာကြောင့် အရေးယူပေးဖို့ ဒေသခံလူ့အခွင့်အရေးအဖွဲ့အကြီးအကဲက နိုင်ငံတကာလူ့အဖွဲ့အစည်းကို ဆော်သြခဲ့ပါတယ်။ မျက်ကွယ်မပြုကြဖို့နဲ့၊ အပြောတွေရပ်ပြီး လက်တွေ့ စတင်လုပ်ဆောင်ဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက စတဲ့တိုက်ပွဲဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းတည်းက ခုထိ အဆိုးဆုံးပါ။ အဲဒီအရင်က စစ်ပွဲအတွင်း လူ ၃၀၀၀၀ သေဆုံးခဲ့ပါတယ်။ အာမေးနီးယားတပ်တွေက ဒုံးကျည်နဲ့ ဂန်ဂျာမြို့ကို ပစ်ခတ်လို့ အရပ်သားတဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ အဇာဘိုင်ဂျန်က ပြောပါတယ်။ အာမေးနီးယားနိုင်ငံတွင်းက စစ်ဘက် ပစ်မှတ်တွေကို ဖျက်ဆီးပြီး လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။  လောလောဆယ်ထိ အဓိကတိုက်ပွဲတွေက အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားလူမျိုးစု နေထိုင်ရာ နာဂေါ်နို ခါရာဘတ် ဒေသခံတွေကြား တိုက်ပွဲပါ။ ဒါပေမဲ့ စစ်ပွဲဟာ အာမေးနီးယားအစိုးရနဲ့ပါ တိုက်ရိုက်စစ်ပွဲ ဖြစ်လာနိုင်တယ်လို့ အဇာဘိုင်ဂျန်က ခြိမ်းခြောက်ထားပါတယ်။
7 months Ago
Up