ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဇရပ်ဖြူလမ်းမှာ ဖေဖော်ဝါရီ ၆ ရက် ဒီကနေ့ မွန်းလွဲပိုင်းက အရပ်သားတွေလိုက်ပါလာတဲ့ ကားတစီး မိုင်းနင်းမိပြီး လူ ၄ ဦး သေဆုံးကာ ၂ ထိဒဏ်ရာပြင်းထန်တဲ့အကြောင်း သွားရောက်ကူညီပေးတဲ့ ရွှေလွိုင်ကော် ပရဟိတအဖွဲ့ဆီက သိရပါတယ်။
ဇရပ်ဖြူသွားတဲ့လမ်းမှာ မိုင်းတလုံးထိတာဖြစ်ပြီး ကားနဲ့ လူရော၊ ပစ္စည်းတွေပါ တစစီလွှင့်စဉ်ခဲ့ပါတယ်။
အဆိုပါကားဟာ လွိုင်ကော်ကနေ မော်ချီးဘက်ကို အလုပ်သွားလုပ်ဖို့သွားတဲ့ ကားဖြစ်ကြောင်း ရွှေလွိုင်ကော် ပရဟိတအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
“လူ ၆ ယောက်ပါတာ၊ ၄ ယောက်သေတယ်ဗျာ။ လွိုင်ကော်ကနေတက်တဲ့ကားဗျာ။ သူတို့မော်ချီးမှာ အလုပ်သွားလုပ်မယ့်လူတွေလို့ ထင်တာပဲဗျာ။ ဒါပေမဲ့ လွိုင်ကော်က လူတွေတော့မဟုတ်ဘူး။”
အဆိုပါလမ်းဟာ တိုက်ပွဲဖြစ်ဖို့အခြေအနေများတဲ့အတွက် လူသွားလူလာနည်းတဲ့လမ်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေက မသွားလာဖို့ ပိတ်ထားတဲ့လမ်းဖြစ်တယ်လို့ ဒီးမော့ဆို ဒေသခံ တဦးက ပြောပါတယ်။
“လွိုင်ကော်ကနေလာတာ လမ်းပိတ်တာ သူတို့မသိပုံရတယ်။ ကားလမ်းက ပိတ်ထားတာ တော်တော်ကြာပြီ။ မိုးဗြဲလမ်းလည်း မနေ့ကဆိုရင် ပိတ်သွားပြီလို့ပြောတယ်။ လမ်းပိတ်တဲ့အချိန်မှာ အဲဒီနေရာမှာရှိတဲ့ တပ်ကတပ်ပြန်ဆုတ်သွားတဲ့နေရာဆိုတော့ မတော်လို့ တပ်က ထောင်ခဲ့တာလား။”
လွိုင်ကော်ကနေ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲတွေအထိ ဆက်သွယ်ထားတဲ့ လမ်းတွေကို အခုရက်ပိုင်းတွေက တော်လှန်ရေးအဖွဲ့တွေက ပိတ်ထားပြီး အကန့်အသတ်နဲ့ သွားဖို့စာတွေ ထုတ်ပြန်ထားပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ညမှာလည်း ရှမ်းကယားနယ်စပ်၊ လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာက စစ်ကောင်စီစစ်ကြောင်း ထိုးလာတဲ့သတင်းကြောင့် ဒေသခံတွေ ညဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စခန်းမီးလောင်ခဲ့ပါတယ်။
ကရင်နီ(ကယား)ပြည်နယ်ရှိ ၄ မြို့နယ် ဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ နဲ့ ရှားတောမြို့နယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပါတယ်။
စစ်ကောင်စီအောက်ခြေတပ်တွေဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး တော်လှန်ရေးသမားတွေအဖြစ် စစ်ခေါင်းဆောင်ကို စာရင်းလိမ်တင်နေတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေးမှတ်တမ်းအရ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ချင်းပြည်နယ်တို့မှာ အာဏာစသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့ အမှုစုစုပေါင်း ၄၉၃၉ မှုရှိခဲ့ပြီး၊ ဖမ်းဆီးအရေးယူခံရသူ စုစုပေါင်း ၅၈၈၅ ယောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်ကိုင်းတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၂၃၈၆ မှုရှိခဲ့ပြီး အမျိုးသား ၃၉၆၃ ယောက် အမျိုးသမီး ၂၈၉ ယောက်၊ စုစုပေါင်း ၄၂၄၈ ယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက စိန်ပြောင်း/လောင်ချာ၊ စက်သေနတ်/မောင်းပြန်ရိုင်ဖယ်၊ ပစ္စတို၊ ပြောင်းချော၊ တူမီး/လက်လုပ်စိန်ပြောင်း/လက်လုပ်သေနတ်/လေ/ဂက်(စ)သေနတ် စုစုပေါင်း ၂၀၄၄ လက် သိမ်းဆည်းခဲ့တယ်လို့လည်း အစည်းအဝေးမှတ်တမ်းမှာဖော်ပြထားပါတယ်။
ခင်ဦး Special Force Organization- KSO ရဲ့ တာဝန်ရှိသူတယောက်က "မြေပြင်မှာ တကယ်ဖြစ်နေတာက သူတို့ဖမ်းတဲ့အထဲမှာ ကျနော်တို့လိုကာကွယ်ရေး PDF တွေ ဖမ်းမိတာနည်းတယ်။ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းတွေဝင်ပြီဆိုရင် မထွက်ပြေးနိုင်တဲ့စစ်ရှောင်တွေကိုဖမ်းပြီးတော့ လက်နက်တွေကို အရှေ့မှာချပြီးတော့ အကြမ်းဖက် PDF တွေမိတယ် ဆိုပြီး သူတို့အထက်ကိုတင်တယ်။ လိမ်ညာပြီးတော့တင်တယ်။ နောက်ပြီးတော့ မြို့ပေါ်ကအစပေါ့နော်၊ သွားလာတာတွေစုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဆီးတာတွေများတယ်။ ကျနော်တို့ ကာကွယ်ရေး PDF တွေကို ဖမ်းမိတာက ရာဂဏန်းတောင်ပြည့်မှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဘာမှမသိတဲ့ စစ်ရှောင်တွေ ပြည်သူတွေကို မတရားခေါင်းစဉ်တပ်ပြီးတော့ ဖမ်းတဲ့အပေါ်မှာ ကန့်ကွက်ရှုတ်ချတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီ အစည်းအဝေးမှတ်တမ်းမှာ အနောက်မြောက်တိုင်းစစ်ဒေသ မကွေးတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းရဲ့ ပြောဆိုချက်အရ မကွေးတိုင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၁၄၂၇ မှုရှိခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၅၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။ PDF တွေဆီက လက်နက်မျိုးစုံ ၅၆၅ လက်၊ ခဲယမ်း ၅၀၀၀ ကျော်၊ မိုင်းမျိုးစုံ ၁၀၀၀ ကျော် သိမ်းဆည်းခဲ့တယ်လို့လည်းဆိုပါတယ်။
မကွေးဒေသခံ CDM ကျောင်းဆရာတယောက်က "ဒလန်တွေပေါ့ဗျာ။ ဒလန်တွေ သတင်းပေးသမျှ ရသမျှတွေထဲကနေ ရဲဘော်လည်း ဟုတ်ချင်မှဟုတ်မယ်။ ပြည်သူလည်းဟုတ်ချင်ဟုတ်မယ်။ ဟုတ်ချင်မှလည်းဟုတ်မယ်။ သူတို့တွေ့ရာမြင်ရာ မထင်ရင်မထင်သလို ဖမ်းသွားတာပဲ။ အကုန်လုံးက ကျနော်တို့ရဲဘော်တွေချည်းပဲဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ” လို့ ပြောပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဒေသ မန္တလေးတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းကတော့ မန္တလေးတိုင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၉၈၁ မှုအထိရှိခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၀၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ဗိုလ်ဇီးရိုးက "တွေ့တဲ့လူကိုသူတို့က ဥပမာ ရဲစခန်းတွေမှာဆို တလကို အမှုဘယ်လောက် ပို့ရမယ်ဆိုတာ ဒါမျိုးစနစ်တွေရှိတာပေါ့။ အဲအချိန်မှာ အောက်က လိမ်ဖို့အတွက် မဟုတ်လည်းဖမ်းတယ်။ သူတို့ရဲ့ လိမ်ညာမှုတွေပေါ့။ အထက်ကိုလိမ်ဖို့အတွက် တခါတလေဘာမှမဟုတ်ပဲလည်း စတေးခံရတာရှိတယ်။ ဟိုတခေါက်က အသက်မပြည့်သေးတဲ့ ကလေးလေးတွေကို PDF ဆိုပြီးတော့ လိုင်းပေါ်မှာ တက်လာတာ၊ ရိုက်နှက်တာတွေ၊ ကလေးမလေးဆိုအင်မတန်ငယ်ပါတယ် ၁၂၊ ၁၃ လောက်၊ ဒါမျိုးတွေ တွေ့ရတယ်ပေါ့။ ကျနော်တို့မန္တလေးတိုင်းထဲမှာလည်း အဲလောက်ကြီးမရှိဘူးပေါ့။ သူတို့က အရှက်မရှိ လိမ်ညာပြီးတော့ သတင်းတွေဖြန့်တာမျိုးလည်းရှိတယ်ပေါ့။ အကြမ်းဖက်တာသူတို့လား ကျနော်တို့လားဆိုတာ အားလုံးသဲသဲကွဲကွဲသိကြပါတယ်ဗျ" လို့ ပြောပါတယ်။
အစည်းအဝေးမှတ်တမ်းမှာ ချင်းပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးဉာဏ်ဝင်းရဲ့ ပြောဆိုချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခု ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ချင်းပြည်နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှုပေါင်း ၁၄၅ မှု ရှိခဲ့ပြီး အမျိုးသား ၆၈ ယောက်၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၇၄ ယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။