အရပ်ဘက်စုဖွဲ့လှုပ်ရှားမှုများ

October 11, 2021

လက်နက်ကိုင်တော်လှန်ရေးကာလ အရပ်ဘက်စုဖွဲ့လှုပ်ရှားမှုများနှင့် အကြမ်းမဖက်လှုပ်ရှားမှု အခန်းကဏ္ဍနှင့်ပတ်သက်သည့် အတွေးစများ

စစ်တပ်က ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုကို အကြမ်းဖက်တိုက်ခိုက်နေလို့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေရတဲ့အချိန်မှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့အကြမ်းမဖက် လူထုလှုပ်ရှားမှုဟာ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေသေးသလားလို့ မြန်မာပြည်မှာ ရှိတဲ့ သူငယ်ချင်းများစွာက သိပ်မကြာခင် ကျနော့်ကို မေးခွန်းထုတ်ကြပါတယ်။ 

အဲ့ဒီလိုမျိုး အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုကို လက်ခံသင့်၊ မခံသင့်ဆိုတာ မဟာဗျူဟာကျကျ အရေးကြီး သုံးသပ်ရမယ့်အချက်ဖြစ်သလို၊ ဒွိဟဖြစ်စရာ ကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ်။

မေးခွန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)များနဲ့ တိုင်းရင်းသားလက်နက်ကိုင်များ (EAO)များရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ စစ်အာဏာရှင်ကို အနိုင်ရဖို့ တစ်ခုတည်းသော တော်လှန်ရေးလား (ဒါမှမဟုတ်) အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုကိုသာ စွဲစွဲမြဲမြဲ လုပ်ဆောင်သွားမယ်ဆိုရင် မှားသလား ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။  ရိုးရှင်းတဲ့ အဖြေကတော့ ကျနော်တို့ နှစ်ခုစလုံးကို လိုအပ်ပါတယ်။

တကယ်လို့ တစ်ယောက်ယောက်က လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်းနဲ့သာ အောင်မြင်မှု ရနိုင်မယ်လို့ပြောရင် အဲ့လိုပြောတဲ့လူကမှားသလို၊ အကြမ်းမဖက်လူထုလှုပ်ရှားမှု တစ်ခုတည်းသာ အောင်မြင်မှု ရနိုင်တယ်လို့ပြောရင်လည်း မှားပါတယ်။ 

လမ်းကြောင်းနှစ်ခုထဲက ဘယ်တစ်ခုတည်းကမှ အောင်မြင်မှုမပေးနိုင်ပါဘူး။ နှစ်ခုစလုံးလိုအပ်ပါတယ်။ အခုလက်ရှိ အနေအထားဖြစ်တဲ့ ရေတိုကာလမှာ ဒီနည်းနှစ်ခုလုံး လိုအပ်သလို အနာဂတ် ရေရှည်ကာလမှာလည်း နှစ်ခုစလုံးလိုအပ်ပါတယ်။

အခုလက်ရှိ ရေတိုကာလမှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေလုပ်လို့ မရတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းနဲ့ လူထုလှုပ်ရှားမှုကသာလုပ်နိုင်တဲ့ အရေးကြီးပြီး တော်လှန်ရေးအတွက် လိုအပ်နေတဲ့ တာဝန်တွေ အများကြီး ရှိပါတယ်။ အကြမ်းမဖက်လူထုတော်လှန်ရေး၊ လူထုအာဏာငြင်းဆန်မှု (Civic Disobedience) နဲ့ လူထုလှုပ်ရှားမှု (Civic Activism) မပါဘဲ လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်းကို သာလုပ်မယ်ဆိုရင် အဲ့ဒီ တော်လှန်ရေးဟာ လွန်စွာ အားနည်းမှာဖြစ်ပါတယ်။

ရှေရှည်ကြည့်မယ်ဆိုရင်လည်း အနာဂတ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်မယ့် ဦးဆောင်မှု အပိုင်းမှာ နိုင်ငံရေးသော်လည်းကောင်း၊ အုပ်ချုပ်ရေးသော်လည်းကောင်း၊ ကျယ်ပြန့်တဲ့ လူထုဦးဆောင်မှုအတွက် လူထုအခြေပြုလှုပ်ရှားမှု သမိုင်းနောက်ခံရှိတဲ့ လူတွေအများကြီး လိုအပ်လာမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ပုဂ္ဂိုလ်တွေဟာ ရှင်သန်ကျန်းမာတဲ့ ဒီမိုကရေစီယဥ်ကျေးမှုကို တည်ဆောက်ရာမှာသော်လည်းကောင်း၊ တိုင်းပြည်အတွက် အဓိကလိုအပ်နေတဲ့ ရင်ကြားစေ့ရေးကို အကောင်အထည် ဖော်ရာမှာလည်းကောင်း အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာတဲ့နေရာမှာ ပိုပြီးတော့ ကျွမ်းကျင်နှံ့စပ်ကြပါတယ်။

ပြည်သူ့လူ့အဖွဲ့အစည်း စုဖွဲ့မှုနဲ့ လှုပ်ရှားမှု မြင့်မြင့်မားမားဆက်ရှိနေဖို့ ဘာကြောင့်လိုတယ်ဆိုတာ ရှင်းပြပါရစေ။ ပြည်သူ့လူ့အဖွဲ့အစည်းတွေ လုပ်ရမယ့် ဒီအရေးကြီးလှတဲ့ အလုပ်က ဘာတွေဖြစ်မလဲ။ လက်နက်ကိုင်တော်လှန်ရေးကာလမှာ အရပ်ဖက်လူ့အဖွဲ့အစည်းများနဲ့ အကြမ်းမဖက် လူထု လှုပ်ရှားမှုတွေရဲ့ အခန်းကဏ္ဍနဲ့ ဆိုင်တဲ့မေးခွန်းကို အပိုင်းလိုက်ခွဲပြီးပြောပေးပါမယ်။

အပိုင်း(၁)

အခုလိုအချိန်မျိုးမှာ ကျနော်တို့ရဲ့ ပန်းတိုင်က စစ်တပ်ကို စစ်မြေပြင်မှာ အနိုင်ယူတိုက်ခိုက်နိုင်ဖို့ထက် စစ်အာဏာရှင်တွေကို သစ္စာမခံတော့ဘဲ စစ်တပ်ထဲကနေ ထွက်ပြေးလာတဲ့ လူများများရဖို့ဖြစ်တယ်။ ကျနော်တို့ စစ်တပ်ကို ချေမှုန်းပစ်နိုင်တာကို လိုချင်မြင်ချင်ကျမှာပဲ။ ဒါပေမဲ့ စစ်မြေပြင်မှာ စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေရုံနဲ့ အနိုင်ယူဖို့မလွယ်ပါဘူး။ စစ်တပ်ကို အနိုင်ယူလို့ရတဲ့ တခုတည်းသော နည်းလမ်းကတော့ မင်းအောင်လှိုင်အပေါ် သစ္စာခံနေတဲ့ စစ်တပ်ထဲက အရေးကြီးတဲ့ အစုအဖွဲ့လေး တစ်ခုချင်းစီကို ပြိုကွဲအောင်လုပ် သစ္စာခံတာကို ရပ်တန့်နိုင်ဖို့ ဖြစ်ပါတယ်။ 

သီအိုရီ သဘောတရားအရ ဖြစ်စေ၊ လက်တွေ့ဖြစ်စေ အာဏာရှင်ကို ဖြုတ်ချရတာ သံသရာလည်နေတတ်တယ်။ တကယ်လို့ အာဏာရှင်ကို ဖြုတ်ချချင်ရင် အာဏာရှင်ရဲ့ ဒေါက်တိုင်တွေက သင့်ဆီကို ပြောင်းလာတာ ဒါမှမဟုတ် အာဏာရှင်ရဲ့ စကားကို မနာခံတော့တာ ဖြစ်အောင် လုပ်ရမယ်။

အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တာ အကြောင်းရင်းများစွာရှိပါတယ်။ စစ်တပ်တွေ ရင်ဆိုင်ရမယ့် အန္တရာယ်တွေပိုများလာဖို့ဖြစ်တယ်။ စစ်တပ်တွေဟာ သူတို့အတွက် ဘာမှ အန္တရာယ်မရှိဘူးလို့ ခံစားလာရတဲ့အခါ သူတို့ကိုယ် သူတို့အထက်စီးလူလိုခံစားလာမယ်။ ပြီးရင်အားကြီးတဲ့လူလို့ ခံစားလာပြီး သွားချင်ရာသွား နေရာတကာမှာ လူထုကို အကြမ်းဖက်လာမှ ဖြစ်ပတယ်။ ဒါပေမဲ့ အပြင်ထွက်လိုက်တိုင်း သူတို့ကို ပစ်မှတ်ထားနေတဲ့ လူတွေရှိနေတယ်လို့ခံစားနေရတဲ့အခါ သူတို့ကြောက်လာကြမယ်။ ဒါကြောင့် အန္တရာယ်ကို ဖန်တီးပြီး အကြောက်တရားကို ပေးလိုက်တာဟာ အာဏာရှင်တွေ၊ စစ်သားတွေရဲ့ သစ္စာရှိမှုကို ဖြိုဖျက်ဖို့အတွက် အရေးကြီးတဲ့ စိတ်ဓာတ် စစ်ဆင်ရေးဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေးဟာ အာဏာရှင်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေ၊ စစ်အင်အားဖြည့်တင်းမှုတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေကို ဖြန့်ဝေတာတွေ၊ စစ်ကြောင်းတွေကို ဖြတ်တောက်ရာမှာ အသုံးဝင်ပါတယ်။ ဒါမှသာ အာဏာရှင်တွေရဲ့ ရွေ့လျားမှုနဲ့ နေရာချထားမှုတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဟာ လွတ်မြောက်နယ်မြေတွေကို ကာကွယ်ဖို့ အတွက်လည်း အရေးကြီး ပါတယ်။ အခုလက်ရှိ စစ်အာဏာရှင်တွေကို တော်လှန်တဲ့ တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် လွတ်မြောက်နယ်မြေတွေ ဖန်တီးဖို့နဲ့ လွတ်မြောက်နယ်မြေတွေကို ချဲ့ထွင်နိုင်ရေးဟာ ကစားကွက်ကို ပြောင်းလဲစေမယ့် ဗျူဟာ တရပ်ဖြစ်ပါတယ်။

ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်းနဲ့ အာဏာရှင်တစ်ခုလုံးကို ဖြိုချဖို့ဆိုတာ လက်ရှိအချိန်မှာတော့ လက်တွေ့သိပ်မဆန်သေးပါဘူး။ အခုလိုမျိုး တပ်မတော်နဲ့ တော်လှန်ရေးတပ်ဖွဲ့ကြားမှာ လက်နက်အင်အားအရရော၊ စစ်တိုက်နိုင်တဲ့အင်အား အများကြီးကွာခြားနေတဲ့အချိန်မျိုးမှာ စစ်တပ်ကို စစ်မြေပြင်မှာ အနိုင်ယူဖို့ထက် သူတို့ရဲ့ စိတ်ဓာတ်ကိုဖြိုဖျက်ပြီး စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စစ်တပ်ကြီး တစတစ ပြိုကွဲလာမှသာလျှင် အနိုင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ထိရောက်တဲ့ ဆက်သွယ်ရေးဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့အချက် တစ်ချက် ဖြစ်ပါတယ်။

တကယ် လိုအပ်နေတာက PDFတွေ အနေနဲ့သော်လည်းကောင်း၊ EAOတွေ အနေနဲ့သော်လည်းကောင်း၊ ရုတ်တရက် မမျှော်လင့်ဘဲ စစ်တပ်ကို တိုက်ခိုက်ပစ်ဖို့ လိုပါတယ်။ (ဥပမာ- ရွာတွေကိုတိုက်ခိုက်ဖို့ စစ်ကြောင်းထိုးလာတဲ့အခါ သော်လည်းကောင်း (သို့မဟုတ်) စစ်အင်အားဖြည့်တင်းတဲ့ အခါမှာသော်လည်းကောင်း၊ ထောက်ပို့ ပို့ပေးတဲ့ အခါမှာ သော်လည်းကောင်း၊ ရုတ်တရက် တိုက်ခိုက်ဖို့ လိုပါတယ်။ တစ်ပြိုင်တည်းမှာ စစ်တပ်ကို အနိုင်ယူဖို့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေး လုပ်နိုင်ဖို့ မဟာဗျူဟာ ရေးဆွဲပြီး အဲ့ဒီအလုပ်ကိုပဲ လုပ်နေမယ့် လူတွေလည်း လိုအပ်ပါတယ်။ ဒီအလုပ်က သေးသေးလေးမဟုတ်ဘူး အလွန့်အလွန် အင်မတန် အရေးကြီးပါတယ်။

ဒီဆက်သွယ်ရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေးတာဝန်ကိုယူတဲ့ လူတွေအနေနဲ့ တပ်မတော်ထဲက စစ်သည်တွေနဲ့ အရာရှိတွေထဲကိုပဲ ဦီးတည်ပြီး မလုပ်သင့်ဘူး။ စစ်တပ်က လက်ရှိ ညစ်ပတ်စွာ  အသုံးပြုနေတဲ့ ( ပျူစောထီး၊ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်နှင့် ဆက်စပ်မှုရှိတဲ့ ပြည်သူ့စစ်ကဲ့သို့သော တခြားလက်နက်ကိုင်တွေကို ဦးတည်ပစ်မှတ်ထားဖို့ လိုအပ်ပါတယ်။  ဒီအဖွဲ့အစည်းတွေကလည်း စစ်တပ်ကို ဖြိုချဖို့အတွက် အရေးကြီးတဲ့ စစ်တပ်ရဲ့ ဒေါက်တိုင်တွေ၊ အုတ်မြစ်တွေဖြစ်ပါတယ်။)

အထူးသဖြင့် စစ်တပ်အပေါ်မှာသစ္စာခံတဲ့ တိုင်းရင်းသားပြည်သူ့စစ်တွေကို ဖြိုချဖို့ဆိုရင် တိုင်းရင်းသား အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ လုပ်ဆောင်နိုင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး အများကြီးရှိပါတယ်။

အပိုင်း- ၂ 

အများပြည်သူပါဝင်ထောက်ခံနေသော တရားဝင်မှုကို ဆက်လက်ဖန်တီး ဖေါ်ထုတ်နေရန်

အရေးကြီးဆုံးအလုပ်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ တရားဝင်မှုကို ဆက်ချဲ့ထွင်နေဖို့ပါ။ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေ ( NUG၊ NUCC၊ CDM၊ သပိတ်ကော်မတီ) ရဲ့တရားဝင်မှု ဆက်ကျယ်ပြန့်စေတဲ့ အလုပ်လည်း အပါအဝင်ဖြစ်ရပါမယ်။

အကာအကွယ်မဲ့တယ်အထိအခိုက်ဖြစ်နိုင်တယ်ဆိုတဲ့ ခံစားမှု စစ်တပ်ဘက်က ရသွားအောင် လက်နက်ကိုင်လှုပ်ရှားမှုကလုပ်ပေးပါတယ်။ သို့သော်လည်း ပြည်သူ့အပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ တုံ့ပြန်မှုတွေကိုလည်း ဖြစ်စေပါတယ်။ လက်နက်ကိုင်ခုခံတိုက်ပွဲဟာ အကြမ်းဖက်၊ သေဆုံး၊ ပျက်စီး၊ ဒုက္ခဆင်းရဲ၊ လူသားချင်းထောက်ကူမှုအကူအညီ သံသရာကိုလည်း ဖြစ်စေပါတယ်။ 

စစ်တပ်ရဲ့ ကြီးမားတဲ့ လက်တုံ့ပြန်မှုကို ဖြစ်စေတဲ့အပြင် ကိုယ့်ဘက်ကနေလည်း အပြစ်မဲ့ ပြည်သူကို သတ်မိတာ၊ အိုးအိမ်ဖျက်ဆီးမိတာတွေလည်း ဖြစ်တတ်ပါတယ်။ ဘယ်လက်နက်ကိုင်တိုက်ပွဲတွေမှာမဆို အဲဒီလိုဖြစ်တတ်ပါတယ်။ လက်နက်ကိုင်ခုခံရေးဘက်ကနေ ဆင်းရဲဒုက္ခဖန်းတီးမိတဲ့  မလွှဲမရှောင်သာတဲ့ အခြေအနေတခုဖြစ်ပါတယ်။

ဒီလိုဘေးထွက်ဆိုးကျိုးပြဿနာဟာ လူထုကြားက ထောက်ခံမှုကို မလွှဲမရှောင်သာ ကျဆင်းစေပါတယ်။ တိုက်ပွဲကာလ ကြာရှည်လေ လူထုထောက်ခံမှု သိသိသာသာ ကျဆင်းလေ ဖြစ်တတ်ပါတယ်။ ဒုက္ခဆင်းရဲရောက်လာတဲ့ပြည်သူဟာ ဘယ်လိုအကြမ်းဖက်မှုကို မဆို လက်ပန်းကျ စိတ်ပျက်လာတတ်ကြပါတယ်။ အစပိုင်းမှာ ပြည်သူကအင်နဲ့အားနဲ့ ထောက်ခံကြစေဦးတော့ အဲဒီလို ထောက်ခံမှုလျော့လာတာ ကြုံတတ်ပါတယ်။

လက်နက်ကိုင်ခုခံမှုရဲ့ ဘေးထွက်ဆိုးကျိုးကိစ္စဟာ လှုပ်ရှားမှုအပေါ် နိုင်ငံတကာရဲ့ လက်ခံနိုင်မှုကိုလည်း ထိခိုက်စေတတ်ပါတယ်။ အနည်းဆုံးတော့ အောင်ပွဲခံမယ့် အလားအလာတွေ ပေါ်မလာခင်အထိ လက်နက်ကိုင်ခုခံရေးလှုပ်ရှားမှုကို သိပ်လက်မခံတာမျိုးဖြစ်နိုင်ပါတယ်။ သူတို့အကျိုးစီးပွါးနဲ့ ပက်သက်နေတဲ့ အခြေအနေမျိုးကလွဲရင်  ပြင်ပကလူတွေဟာ အကြမ်းဖက် ပဋိပက္ခမှာ တဘက်ဘက်က ဝင်မရပ်လိုပါဘူး။ ယီမင်နဲ့ ဆီးရီးယားနိုင်ငံဥပမာမှာလို အစိုးရဘက်ကရပ်တဲ့ နိုင်ငံနဲ့ အတိုက်အခံဘက်က ရပ်တဲ့နိုင်ငံတွေ ပေါ်လာရင်လည်း ပဋိပက္ခက  မြန်မြန်မပြီးဘဲ ပိုကြာသွားတတ်ပါသေးတယ်။ သူတို့ဝင်ပါမှ အပျက်အစီးနဲ့ ဘေးဒုက္ခပိုကြုံရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုး အခြေအနေကို မြန်မာပြည်မှာ ဘယ်သူကမှ မမြင်လိုကြပါဘူး။

ဒါ့ကြောင့် အရပ်ဘက်စုဖွဲ့လှုပ်ရှားမှုဟာ အလွန်အရေးကြီးတာဖြစ်ပါတယ်။ အရပ်ဘက်စုဖွဲ့လှုပ်ရှားမှုကနေ လူတွေကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေဖို့ အကြိမ်ကြိမ် အသက်ဝင်လှုပ်ရှားနေဖို့ လုပ်နိုင်ပါတယ်။ ဒီနည်းနဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ အများပြည်သူရဲ့ ထောက်ခံမှုက အမြဲရှင်သန်နေမှာဖြစ်ပါတယ်။ စစ်အာဏာရှင် လူကြိုက်မများပုံကိုလည်း ဖေါ်ထုတ်ပြီးသားဖြစ်၊ နိုင်ငံတကာကိုလည်း ပြည်သူတွေ ဘယ်ဘက်မှာရပ်တည်နေကြတယ်ဆိုတာကိုလည်း ပြပြီးသားဖြစ်ပါလိမ့်မယ်။ 

ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေရတဲ့ လူထုလှုပ်ရှားမှုတိုင်းဟာ အန္တရာယ်ရှိတဲ့အခြေအနေတခုကို ရောက်လာတတ်ပါတယ်။ အဲဒါကတော့ လူထုအများစုက နိုင်ငံရေးကနေခွာ၊ ပြည်သူတွေလှုပ်ရှားတက်ကြွမှု မရှိတော့တဲ့ အခြေအနေပါ။ လူထုလှုပ်ရှားမှုကနေ ပြည်သူအများစု စွန့်ခွါသွားရေးဟာ အာဏာရှင် အစိုးရတွေရဲ့ ရည်ရွယ်ချက် အတိအကျပါ။ လူထုတွေ လက်လျော့၊ စိတ်ပျက်၊ ထိတ်လန့်၊ အားကုန်၊ဖြစ်နေတာတွေအပေါ် မခံစားနေတော့တာမျိုးဖြစ်အောင် အာဏာရှင်တွေ အားထုတ်ပါတယ်။ အာဏာရှင်တွေရက်ရက်စက် အကြမ်းဖက်ခြင်းရဲ့ ရည်ရွယ်ချက်က အဲဒါပါပဲ။

တော်လှန်ရေးအင်အားစု ဘက်ကနေလည်း လူထုမပါလာအောင် လုပ်မိတတ်ပါတယ်။ တော်လှန်ရေးဟာ လက်နက်ကိုင်လှုပ်ရှားမှုတခုတည်းကို အားပြုမယ်ဆိုရင် လက်နက်ရှိသူတွေ လုပ်လိမ့်မယ်၊ ခဏနဲ့ပြီးသွားလိမ့်မယ် စတဲ့ လက်တွေ့မကျတဲ့ ဆန္ဒစွဲသက်သက် မျှော်လင့်ချက်တွေ ပြည်သူတွေထဲမှာဖြစ်လာတတ်ပါတယ်။ ထိုင်စောင့်နေရုံပဲ၊ တခြားလူတွေလုပ်သွားလိမ့်မယ်၊ ပူစရာမလိုဘူးဆိုတဲ့ နားလည်မှုမျိုးလည်း ပြည်သူထဲရောက်တတ်ပါတယ်။ မြန်မာပြည် အခြေအနေမှာတော့ လက်နက်ကိုင်တော်လှန်ရေး တခုတည်းနဲ့  အလုပ်မပြီးပါဘူး။ စစ်တပ်ကို နိုင်ဖို့အခြေအနေအမျိုးမျိုး၊ မောင်းနှင်အား အသွယ်သွယ်လိုအပ်ပါတယ်။ အရေးအကြီးဆုံးလိုအပ်ချက် နှစ်ခုရှိပါတယ်။ တခုက စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ လူထုလူတန်းစား အစုံပါဝင်တဲ့နေတဲ့အခြေအနေ ရှင်သန်တောင်ခံ့နေဖို့ဖြစ်ပါတယ်။ နောက်တခုကတော့ လှုပ်ရှားမှုရဲ့  အလယ်ဗဟို မောင်းနှင်အားကနေ ဖြန့်ခွဲသက်ရောက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်ကြွပါဝင်သူတွေပိုများလာဖို့ပါ။ အဲဒီလိုပါဝင်လာသူတွေကလည်း ဘုံရန်သူနဲ့ ဘုံရည်မှန်းချက်မှာ လက်တွဲစုစည်းမိလာရပါမယ်။

အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ၊ သပိတ်ကော်မတီတွေ၊ နိုင်ငံရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေမှာ အလွန်ကြီးမားတဲ့ အလုပ်ရှိပါတယ်။ အဲဒါကတော့ အာဏာရှင်ဆန့်ကျင်ရေးမှာ လူထုတရပ်လုံးပါဝင်နေတယ်ဆိုတဲ့ အသွင်အပြင်အနေအထားကို ထိန်းထားနိုင်ဖို့နဲ့ အချိတ်အဆက်ရှိတဲ့ ဖြန့်ကြဲလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဘေးအန္တရာယ် လျော့ချနိုင်ဖို့နဲ့ စစ်တပ်ကို ပစ်မှတ်အထိရောက်စေဖို့ အတွက်က ဖြန့်ကြက်လှုပ်ရှားရေးနည်းနာဟာ မဖြစ်မနေလိုအပ်ပါတယ်။ ဖြန့်ကြက်လှုပ်ရှားကြပေမဲ့ အားလုံးရဲ့ သတင်းစကားက စုစည်းမှုရှိပြီး ယေဘုယျတောင်းဆိုချက်တွေက တူညီရပါမယ်။

အဲဒီလိုဖြစ်အောင် ပုံဖေါ်၊ စီစဉ်၊ စုစည်းတဲ့ အလုပ်ကိုက အရပ်ဘက်ပြည်သူ လှုပ်ရှားသူတွေကပဲ လုပ်နိုင်မှာဖြစ်ပါတယ်။

အရပ်ဘက်နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဉာဏ်စွမ်း၊ သန္နိဋ္ဌာန်၊ စွမ်းအင်၊ လှုပ်ရှားမှုတွေနဲ့ပဲ အလွန်လိုအပ်နေတဲ့အတူတကွစုစည်းခြင်းကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

                                                 အပိုင်း ၃ 

စစ်တပ်ယူနစ်များကို တိုက်ခိုက်ခြင်းနှင့် စစ်တပ်၏ ဝါဒဖြန့်ချိရေးကို တိုက်ခိုက်ခြင်း

နယ်မြေနဲ့ ဒေသခံလူထုကို စစ်တပ်က စီးနင်းတိုက်ခိုက်တာတွေကနေ ကာကွယ်ဖို့ အတွက်ပဲဖြစ်ဖြစ်၊ အလစ်အငိုက်ဖျက်ဆီးရေး အတွက်ပဲဖြစ်ဖြစ် လက်နက်ကိုင်တော်လှန်ရေးဘက်ကနေ စစ်တပ်ယူနစ်တွေကို တိုက်ခိုက်နေရတာတွေရှိမယ်။ အဲဒီလို တိုက်ခိုက်တာတွေ လုပ်ရတဲ့ အခါ တိုက်ခိုက်မှုတွေနဲ့ အတူ ဒီပဋိပက္ခဖြစ်ရပ်တွေနဲ့ စစ်တပ်ကပေးတဲ့ ဘေးဒုက္ခတွေကို နားလည်ဆက်စပ်အောင် ရှင်းပြပေးတဲ့ ပြန်ကြားဆက်သွယ်မှုစစ်ပွဲ ( communication war) လည်း တပြိုင်တည်း ပါရပါမယ်။

မြန်မာစစ်တပ်ရဲ့ သတင်းနဲ့ ဝါဒဖြန့်အဖွဲ့တွေ၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနတွေကလည်း PDF တွေ EAO တွေရဲ့လှုပ်ရှားမှုကို သူတို့ရည်ရွယ်ချက်အတွက် လိုရာဆွဲ ပုံဖေါ်ကြပါလိမ့်မယ်။

စစ်အာဏာရှင်ဟာ တဘက်မှာ လက်နက်ကိုင်ခုခံစစ်အားကြီး ကျယ်ပြန့်လာမှာကြောက်ပါတယ်။ တဘက်မှာလည်း စစ်အာဏာရှင်ဟာ လက်နက်ကိုင်ခုခံစစ်လှုပ်ရှားမှုတွေကို သူတို့ရဲ့ ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်အတွက် သုံးပါလိမ့်မယ်။ အောက်ပါအတိုင်း ပုံဖေါ်ဖို့ လုပ်နိုင်သမျှသူတို့ အစွမ်းကုန်လုပ်ပါလိမ့်မယ်။ 

• PDF ( EAO တွေပါ) တွေဟာ ပြည်သူတွေလိုအပ်တဲ့ ရုပ်ဝတ္တုပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဖျက်ဆီးပစ်နေတယ်။ 

• PDF တွေရဲ့ လုပ်ရပ်ကြောင့် အရပ်သားပြည်သူတွေ သေကျေပျက်စီး၊ ဆင်းရဲဒုက္ခရောက်နေရတယ်။ 

• PDF တွေရဲ့ လုပ်ရပ်ဟာငယ်ရွယ်တဲ့ PDF အဖွဲ့ဝင်သစ်တွေ ရက်ရက်စက်စက် သေရတဲ့ အဖြစ်ကိုပဲ ဖြစ်စေတယ်။ 

• PDF တွေရဲ့ လုပ်ရပ်အတွက် အတိုင်းအဆအများကြီး ပိုကြီးတဲ့ ဆင်းရဲဒုက္ခကို ခံစားရတာက ရပ်သူရွာသားတွေ ရပ်ကွက်ထဲကလူတွေပဲဖြစ်တယ်။ 

• ခုခံဆန့်ကျင်ရေးလုပ်နေက တာဝန်မဲ့ ပရမ်းပတာ အကြမ်းဖက် လူတစုပဲလို့ နိုင်ငံတကာကိုပြောမယ်။ 

မုသားမှန်းလူတိုင်းသိနေတာပဲ ဘယ်သူမှ သူတို့ဝါဒဖြန့်တာကို ယုံကြည်မှာ မဟုတ်ဘူးလို့ ယူဆရင်တော့မှားပါမယ်။ ဇာတ်ကြောင်းတခုကို အကြိမ်တထောင်လောက်ပြောမယ်။ ပိုပြီးထိရောက်ကောင်းမွန်တဲ့ ဇာတ်ကြောင်းနဲ့ တုံ့ပြန်တာလည်း မရှိဘူးဆိုရင် မှားနေစေဦး တော့ ပထမစပြောတဲ့ ဇာတ်ကြောင်းဟာ အဆုံးမှာ အောင်မြင်တတ်ပါတယ်။ 

ဒီအကြောင်းကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ကိုယ်ပိုင် သတင်းပြန်ကြားရေးအဖွဲ့တွေ၊ ဆိုရှယ်မီဒီယာကျော်ကြားသူတွေ ရှိဖို့လိုပါတယ်။ အဲဒီအဖွဲ့တွေက အမြဲမပြတ် (၁) စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး ဇာတ်ကြောင်းတွေကို တုံ့ပြန်နေရမယ်။ (၂) စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးက ဖြေရှင်းကာကွယ်နေရတဲ့ သတင်းပြန်ကြားရေး လှုပ်ရှားမှုတွေလုပ်နေရမယ်။ 

မြန်မာအွန်လိုင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာကျော်ကြားသူတွေဟာ စစ်တပ်ဝါဒဖြန့်ချိရေးကို တုံ့ပြန်ဖျက်ဆီးတဲ့အလုပ်ကို အံ့မခန်း လုပ်နေပြီးသားဖြစ်ပါတယ်။ အရပ်ဘက်လှုပ်ရှားမှု အဖွဲ့တွေက ဒီသတင်းစစ်ပွဲမှာပါဝင်ပြီး ပီပီပြင်ပြင်ဆက်ဖြစ်နေအောင် ကြိုးစားပေးသင့်ပါတယ်။

အီဂေါဗလာဇီဗစ်

6 days Ago
Up