အရပ်သား ၄ ဦးအား

June 1, 2017

အရပ်သား ၄ ဦးအား နှိပ်စက်မှုဗွီဒီယို ၂၀၁၅ ခုက ဖြစ်ခဲ့ဟု တီအန်အယ်လ်အေ ထုတ်ပြန်

မေ ၂၇ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တဲ့ တပ်မတော်သားအချို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဗွီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လ ၈ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ တအာင်းတပ်မတော် (တီအန်အယ်လ်အေ) က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုပါဖြစ်စဉ်မှာ  မြန်မာ့တပ်မတော် တပ်မ ၈၈ နဲ့  ပန်းဆေးပြည်သူ့စစ်အဖွဲ့တို့ လွယ်ကန်ကျေးရွာ ကျေးရွာကို ရောက်ရှိချိန် ကျေးရွာမှာ တအာင်းတပ်မတော် အကြောင်း သတင်းမေးမြန်းခဲ့ကြောင်း၊ တောင်သူတွေ လယ်ယာခြံတွေမှာ တောတွင်းတိရစ္ဆာန်တွေ ရန်ကနေ ကာကွယ်နိုင်ရေးအတွက် အမဲလိုက်ဖို့ ဆောင်ထားတဲ့ လက်လုပ်သေနတ်တွေ့ရြှိ့ပီး တီအန်အယ်လ်အေ သေနတ်လို့ စွပ်စွဲပြောဆိုပြီး ရွာသားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။ ဗွီဒီယိုဖိုင်မှာ ကြိုးတုတ်ရိုက်နက်ခံရသူတွေဟာ ကွတ်ခိုင်မြို့နယ်၊  နတ်ဖတ်ကာရွာနေ  မိုင်းအိုက်ဖေ၊ မိုင်းအိုက်ပွဲ၊ မော်ဆောင်ရွာနေ မိုင်းစံပ နဲ့ နမ့်ခမ်းမြို့နယ် ပန်ပူးရွာနေ  မိုင်းအိုက်ခေါင် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအချိန်က ညှဉ်းပန်းနှိပ်စက်မှုကြောင့် လွယ်ကန်ရွာသူရွာသားတွေ  ဒုက္ခသည်စခန်းဆီ  ရွာလုံးကျွတ်ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ ကြိုးတုတ်ပြီး ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ခံနေရူတွေကိုလည်း  တအာင်းတပ်မတော်နဲ့ ဆက်သွယ်မှုရှိသည်ဟုဆိုကာ တရားစွဲဆိုထောင်ချခဲ့ပြီး  ၂၀၁၆ ဧပြီလ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ပြီလို့လည်း ဆိုပါတယ်။ အရပ်ဝတ် ၄ ဦးကို တပ်မတော်သားတွေက ခြေထောက်နဲ့ ကန်ကာ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဗွီဒီယိုရုပ်သံတခု မေလ ၂၇ ရက်နေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်းစစ်ဆေးပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ၂၈ ရက်နေ့က တောင်းဆိုထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ချိုးဖောက်မှုတွေကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန နဲ့ တပ်မတော်ကလည်း အသီးသီး သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago

May 31, 2017

အရပ်သား ၄ ဦးအား နှိပ်စက်သည့်ကိစ္စ စုံစမ်းအရေးယူမည်ဟု တပ်မတော်ထုတ်ပြန် (ရုပ်သံ)

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးမိခဲ့တဲ့ အရပ်သား ၄ ဦးကို တပ်မတော်သားအချို့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ ပတ်သက်လို့ စိစစ်နေပြီး ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တပ်မတော်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ လက်ထိတ်ခတ်ထားတဲ့ အရပ်ဝတ် ၄ ဦးကို တပ်မတော်သားတွေက ခြေထောက်နဲ့ ကန်တာ၊ သံခမောက်နဲ့ မျက်နှာကို ဖြတ်ရိုက်တာအပြင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဗွီဒီယိုရုပ်သံ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ မေ ၂၇ ရက်က ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာ့တပ်မတော်ဘက်က အခုလို ထုတ်ပြန်လိုက်တာပါ။ “ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ အရပ်ဝတ် အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးကို တပ်မတော်သားတချို့မှ ကိုယ်ထိလက်ရောက်ပြုမူနေသည့် လူမှုမီဒီယာပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စိစစ်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း” တပ်မတော် ကာကွယ်ရေးဦးစီချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရှမ်းပြည်နယ်အတွင်း အမည်မသိ ဒေသခံ တိုင်းရင်းသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး နှိပ်စက်နေတဲ့အပေါ် အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။
4 years Ago
Up