အရန်မီးသတ်တပ်ဖွဲ့ဝင်

February 3, 2023

လှိုင်မြို့နယ်တွင် လူဦးရေစာရင်းကောက်ရာမှာ ပါဝင်သည့် အရန်မီးသတ် ၁ ဦး သေနတ်ပစ်ခံရ သေဆုံး

ရန်ကုန်၊ လှိုင်မြို့နယ် ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းမှာ ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ ညနေ သုံးနာရီခွဲက လူဦးရေစာရင်း ကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ အရန်မီးသတ်တဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နေအိမ်တိုက်ခန်းပေါ်မှ ဆင်းလာတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးကို ဒီနေ့ ညနေ ၃ နာရီက သူ နေထိုင်ရာ တိုက်ရှေ့မှာပဲ အမည်မသိအမျိုးသားနှစ်ဦးက ပစ်ခတ်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပေါ်ကဆင်းလာတဲ့အချိန် စက်ဘီးနဲ့လာပစ်သွားတာ။ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်နဲ့ သေတယ်။ သူ့ကို သန်းခေါင်စာရင်းကောက်တုန်းက ပါလို့ အသတ်ခံရတယ်လို့လည်း ပြောနေတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း သုံးခွမြို့နယ် ရေပေါ်ကန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်အတွင်း လှိုင်၊ မြောက်ဥက္ကလာပနဲ့ သုံးခွမြို့နယ်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးတဦးနဲ့ အရန်မီးသတ်တဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပစ်ခတ်မှု့နဲ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗိုလ်မှူးသုံးဦး အပါအဝင် ၉ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2 months Ago

August 20, 2021

မန္တလေးက ပိတ်ဆို့ စစ်ဆေးမှုများတွင် ပါဝင်မည်မဟုတ်ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်များပြော

မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါအကြောင်းပြပြီး စစ်ကောင်စီက ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပြီး နယ်ကျော် စစ်ဆေးတာနဲ့ ပြည်သူတွေကို ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေတဲ့အတွက် ဒီလိုစစ်ဆေးမှုတွေမှာ ပါဝင်မှာ မဟုတ်တော့ဘူးလို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီလို ပိတ်ဆို့စစ်ဆေးမှုတွေမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့အပေါ် လူမှုကွန်ရက်မှာလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဘက်မရပ်တည်ဘူးဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အောင်မြေသာစံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက “အဓိကကတော့ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ အရန်မီးသတ်တွေ တစ်ခုခုဖြစ်ရင် ဘာမှ လုပ်ပေးတာမရှိဘူး။ ဟိုတစ်နေ့က မိုးရွာတယ်။ မိုးရွာထဲမှာ စစ်ဆေးရတယ်။ တချို့ဖျားကြတယ်။ ဘာမှ လုပ်မပေးဘူး။ နောက်တစ်ခုက တစ်ယောက်ကို တစ်ရက်ငွေ ငါးထောင်နဲ့ ထမင်းကျွေးမယ် ပြောခေါ်တယ်။ ထမင်းပဲကျွေးတယ်။ ငါးထောင်မပေးဘူး။ ငွေ ငါးထောင်လိုချင်လို့တော့ မဟုတ်ဘူး။ သူတို့ဘက်က ဘာမှတာဝန်မယူဘူး။ ဒါ့ကြောင့် မပူးပေါင်းတော့တာ။” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ဆေးမှုတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတာမရှိပဲ အရန်မီးသတ်တပ်ဖွဲ့ဝင် တွေကိုသာ ထိုးကျွေးတဲ့သဘော စစ်ဆေးစေတဲ့အပြင် သန္ဓေအနေနဲ့လည်း အင်အားထုတ်သုံးတာမရှိဘူးလို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ က ဆိုပါတယ်။

နယ်ကျော်ကပ် စစ်ဆေးတာနဲ့ ပိတ်ဆို့စစ်ဆေးတာတွေကို မပူးပေါင်းမယ့် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့တွေကတော့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စစ်ဆေးတာတွေမှာ မပါဝင်ပေမယ့် ကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးတွေမှာ ပါဝင်သွားမှာ ဖြစ်တယ်လို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

စစ်ဆေးမှုတွေမှာပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကို ခြိမ်းခြောက်တာ အပြင် ရိုင်းစိုင်းစွာ ဆဲဆိုတာတွေ၊ လက်ပါတာတွေအထိ ရှိတယ်လို့ သိရပါတယ်။

2 years Ago
More News
Up