ရေဘေးသင့်ဒေသတွေအတွက် အာဆီယံ အရန်ဆန် အကူအညီ အထောက်အပံ့ ထပ်ရဖို့ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန၊ ဒု အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
အာဆီယံ +၃ အရေးပေါ် ဆန်ရိက္ခာ အစီအစဉ်အရ သဘာဝဘေးသင့် ဒေသတွေအတွက် ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကိုရီးယားနိုင်ငံက ဆန်တန်ချိန် ၅၀၀၊ ဂျပန်နိုင်ငံက တန်ချိန် ၅၀၀ စုစုပေါင်း အရန်ဆန်တန်ချိန် ၁၀၀၀ ရှိခဲ့ပြီး၊ ဒီနှစ်အတွက် အာဆီယံအရေးပေါ် အရန်ဆန် ထပ်မံရရှိဖို့  ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ဒုအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက “အာဆီယံအရေးပေါ် အရန်ဆန် ဆိုတာကတော့ အာဆီယံ +၃ နိုင်ငံတွေမှာ သဘာဝဘေးသင့်လာရင် ထောက်ပံ့ပေးဖို့ AFTA က ပေးတဲ့ အထောက်အပံ့ပါ။ အခု ရေဘေးသင့်ဒေသတွေကို ထောက်ပံ့နေတာ တန်ချိန် ၅၀ လောက်ပဲ ကျန်ပါတော့တယ်။ ထပ်ရဖို့အတွက်ကို ပြင်ဆင်နေပါတယ်။ လူကယ်ပြန်နဲ့လည်း ညှိဖို့လိုမယ် ထင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ဆန်ရိက္ခာကို အဓိက ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇွန်လက စတင် ရေကြီးရေလျှံနေပြီး သြဂုတ်လဆန်းအထိ ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာတနိုင်ငံလုံးမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရေကြီး ရေလျှံမှုတွေကြောင့် စိုက်ဧကပေါင်း ၁၂ သိန်းကျော် ရေနစ်မြုပ်ခဲ့ကာ စိုက်ဧက ၄ သိန်းလောက် သီးနှံပျက်စီးခဲ့တယ်လို့ သိရပါတယ်။
5 years Ago