အရည်အသွေးရှိ ပညာရေးဖြစ်စေရန်  မုံရွာမြို့တွင် ဆွေးနွေး

August 28, 2018

အရည်အသွေးရှိ ပညာရေးဖြစ်စေရန်  မုံရွာမြို့တွင် ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ SEC ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)က ဦးဆောင်ကာ သြဂုတ် ၂၈ ရက်က အရည်အသွေးရှိသော ပညာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ NNER က ဒေါက်တာသိန်းလွင်၊ ဒေါက်တာ အာကာမိုးသူနဲ့ ဒေါ်သူသူမာ တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ကိုယ်ပိုင်ကျောင်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  စိတ်ပါဝင်စားသူတွေ တက်ရောက်ပြီး နိုင်ငံတကာရဲ့ ပညာရေးစနစ်၊ မြန်မာ့ပညာရေးစနစ် အခြေအနေတွေကို ဆွေးနွေး မေးမြန်းခဲ့ကြတာပါ။ ပညာရေးပြုပြင်ပြောင်းလဲတဲ့အခါ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးကို ဦးစားပေးရမှာဖြစ်ပြီး ဒေသနဲ့ကိုက်ညီတဲ့၊ ကျောင်းသားတွေနဲ့ ကိုက်ညီတဲ့ အရည်အသွေးရှိတဲ့ ပညာရေးတွေဖြစ်ဖို့ လိုတယ်လို့ ဦးဆောင်ဆွေးနွေးသူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ လက်ရှိမှာ နိုင်ငံတော်အနေနဲ့လည်း မြန်မာ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ အဆင့်ဆင့်လုပ်ဆောင်နေသလို ပညာရေးအသုံးစရိတ်ကိုလည်း အရင်ကထက်တိုးကာ ၇ ရာခိုင်နှုန်းကျော်အထိ သုံးစွဲလာနေတာပါ။ ဒီလိုသုံးစွဲလာပေမယ့် နိုင်ငံတကာရဲ့ အခြေခံ သတ်မှတ်ချက်ထက်တော့ လျော့နည်းနေပါသေးတယ်။ လက်ရှိသုံးစွဲနေတဲ့ ပညာရေး အသုံးစရိတ် ဘတ်ဂျက်က လည်း ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေရဲ့ ပညာရေးအရည်အသွေး မြှင့်တင်ရေးပိုင်းမှာ ပိုမိုဦးစားပေး သုံးစွဲသင့်တယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။ တိုးတက်တဲ့ ပညာရေးစနစ်ကို ရှေးရှုပြောင်းလဲနိုင်မှသာ နိုင်ငံတော်ကလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး လက်ရှိအစိုးရရဲ့ ပြောင်းလဲမှုကတော့ သိသိသာသာ တိုးတက်မှု မရှိသေးဘူးလို့ ဝေဖန်တာတွေလည်း ရှိနေပါသေးတယ်။
5 years Ago
Up