အရင်ဆုံး အစိုးရနဲ့ တပ်မတော်နဲ့ ညှိသင့်တယ်လို့ ကျနော်ထင်ပါတယ် - ဦးစိုင်းညွန့်လွင်

May 13, 2016

အရင်ဆုံး အစိုးရနဲ့ တပ်မတော်နဲ့ ညှိသင့်တယ်လို့ ကျနော်ထင်ပါတယ် - ဦးစိုင်းညွန့်လွင်

မြန်မာပြည်ရဲ့လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်သမိုင်းတလျောက်မှာ လူထုဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရအဖွဲ့က ပထမဆုံးအကြိမ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို မကြာမြင့်မီကာလအတွင်း စတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လက်ရှိပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတူလျောက်လှမ်းလိုတာကို ထုတ်ဖော်ပြောဆို ထားကြပါ တယ်။ သမိုင်းစဉ်တလျောက်မှာ အခုလို အရေးကြီးတဲ့ကာလကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ တိုင်းရင်းသားအရေး ကြိုးပမ်းနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းပါတယ်။ ပြည်ထောင်စုအစိုးရက နိုင်ငံရေးဆွေးနွေးပွဲတွေစတင်နိုင်ဖို့ ကြိုးပမ်းနေတယ်။ မြန်မာ့ တပ်မတော်နဲ့ ရခိုင်တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်၊ တအာင်းပလောင် တပ်မတော်နဲ့ အသီးသီး တိုက်ပွဲတွေဖြစ်နေကြတယ်။ ဒီတိုက်ပွဲတွေက ညီလာခံအပေါ် ဘယ်လို သက်ရောက်စေမလဲ။ “အကျိုးသက်ရောက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီညီလာခံဆိုတာကလေ အားလုံး အပစ်အခတ်ရပ်စဲပြီးတော့မှ လုပ်တာက ပိုကောင်းတယ်လို့ထင်တယ်။ အခုက တချို့တိုက်ပွဲ ဖြစ်နေတဲ့သူတွေက လက်မှတ် (တပြည်လုံးအပစ်ရပ်စာချုပ် - အန်စီအေ) မထိုးရသေးဘူး။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မလုပ်ရသေးဘူးပေါ့နော်။ ဆိုရင် မလုပ်သေးဘဲနဲ့ ဆွေးနွေးပွဲ စလိုက်လို့ရှိရင် လက်မှတ်ထိုးထားတဲ့လူတွေလည်း ရှိနေသေးတဲ့အခါကျတော့ အဲဒီမှာ ပိုခက်နေတာ။ အမှန်ကတော့ ဘယ်လိုဖြစ်မလဲဆိုတော့ ဘယ်သူမှ မထိုးသေးပဲနဲ့လည်း၊ လက်မှတ်မထိုးဘဲနဲ့ ပွဲစလိုက်လည်း ရတယ်။ ဒါပေမယ့် တချို့ ၈ ဖွဲ့က လက်မှတ်ထိုးပြီးသား ဖြစ်နေတယ်။ ဆိုတော့ မထိုးရသေးတဲ့လူတွေကို မထိုးဘဲနဲ့ ဒီအတိုင်းပဲ ခေါ်ဖို့ဆိုတာလည်း မမျှတဘူးလို့ဖြစ်နေမယ်။ အဲဒီတော့အခုဟာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အခါကျတော့ တိုက်ပွဲတွေကို ရပ်သွားအောင်တော့ ကျနော်တို့ ကြိုးစားရမှာဖြစ်တယ်။ အဲဒီတော့ မရပ်သေးခင်မှာတော့ အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။” အစိုးရဘက်က ဖွဲ့စည်းဖို့ပြင်ဆင်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနဟာ မကြာခင် အရေးပါတဲ့ဌာနဖြစ်လာတော့မယ်။ အတိတ်အတွေ့အကြုံကိုယူပြီး ဒီဌာနကို ဘယ်လိုဖွဲ့စည်းသင့်သလဲ။ ဘယ်သူတွေနဲ့ ဖွဲ့သင့်သလဲ။ “အရင် MPC (မြန်မာငြိမ်းချမ်းရေးဗဟိုဌာန) လက်ထက်တုန်းက Myanmar Peace Center ပေါ့။ အဲဒီလက်ထက်တုန်းက သူက အစိုးရအဖွဲ့ရဲ့ ရုံးအဖွဲ့လိုဖြစ်နေတယ်လေ။ ဆိုတော့ အခုပြန်ဖွဲ့မှာက MRPC ဆိုပြီးတော့ ပြန်ဖွဲ့မှာ။ ဆိုတော့ ဖြစ်နိုင်သလောက် အစိုးရရဲ့လက်တံမဖြစ်ဘဲနဲ့ Neutral ပေါ့ ကြားအဖွဲ့အစည်းဖြစ်ရင်တော့ ဆွေးနွေးတဲ့အချိန်မှာ ပိုပြီးတော့အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။“ ပါဝင်သင့်တဲ့လူတွေအပိုင်းကျတော့ရော၊ ဥပမာ တိုင်းရင်းသားအင်အားစုတွေက ပုဂ္ဂိုလ်တွေရော။ “လူတော့ နာမည်တပ်မပြောတတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်သလောက် Moderate (အစွန်းမရောက်) ဖြစ်တဲ့လူ၊ နောက် Neutral (ကြားနေ) သဘောထားတွေရှိတဲ့လူ၊ အဲလိုလူမျိုးဆိုရင် ပိုကောင်းတယ်။ အဖွဲ့အစည်းတွေထဲက ပုဂိုလ်ဆိုရင်တောင်မှ အဲဒီပုဂိုလ်က အဖွဲ့အစည်းစွဲ သိပ်မရှိတဲ့လူပေါ့နော်၊ အဲလိုလူမျိုးဆို ပိုကောင်းတယ်။” ၂၁ ရာစု ညီလာခံ ကြိုတင်ပြင်ဆင်လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေးဦးတည်ဆောက်ရွက်ဖို့ သဘောတူကြတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ။ ကိုယ်စားပြုမှုတွေပါလာပြီဆိုတော့ ပြသနာတက်လေ့တက်ထရှိတဲ့အပိုင်းဖြစ်တယ်။ ဒီအဆင့်ကို ဘယ်လိုကျော်ဖြတ်ရင်အကောင်းဆုံးဖြစ်မလဲ။ “ဟုတ်ပါတယ် ပါဝင်သင့်ပါဝင်ထိုက်သောသူများ၊ အရင် ၁၉၉၃ အမျိုးသားညီလာခံတုန်းက ဖိတ်ကြားသင့်ဖိတ်ကြားထိုက်သောသူများဆိုပြီးတော့ အစိုးရက သူ့ကိုထောက်ခံတဲ့လူတွေချည်းပဲ ဖိတ်ခဲ့တယ်လေ။ အခုဟာ ပါဝင်သင့်ပါဝင်ထိုက်တယ်ဆိုတာက အဲဒီအဓိပ္ပာယ်ကို ဘယ်သူက ဖွင့်ဆိုသလဲ၊ ပါဝင်သင့်တယ် ပါဝင်ထိုက်တယ်ဆိုတာ ဘယ်သူက ဆုံးဖြတ်မလဲ၊ အဲဒီအပိုင်းတွေ့ တော့အများကြီးစကားပြောမယ်။ ကျနော့်အယူအဆဆိုရင်တော့ ဒီညီလာခံကို ကမကထလုပ်မယ့်အစိုးရပေါ့နော်၊ အစိုးရက ဖွဲ့စည်းပေးမယ့် ကော်မရှင်ဖြစ်ဖြစ်၊ ဖြစ်မြောက်ရေးကော်မတီပဲဖြစ်ဖြစ် အဲဒီမှာတော့ ကြေကြေလည်လည်ညှိနှိုင်းသင့်တယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ အရင်အပိုင်းမှာက frame work (မူဘောင်) တွေ လုပ်ထားပြီးသား။ အရင် ၀န်ကြီးဦးအောင်မင်းတို့လက်ထက်မှာတုန်းက လုပ်ထားတဲ့ frame work တွေရှိပါတယ်။ ဒီအပေါ်မှာပဲ ပြန်ပြီးတော့ အမှီပြုမလား၊ ဒါကိုပဲ modify (ပြုပြင်မွမ်းမံ) မလား၊ ဒါကတော့ နောက်ဇာတ်ဆောင်တွေဆိုတော့လေ နောက်အစိုးရသစ်နဲ့တော့ သေသေချာချာ ညှိနှိုင်းဖို့ လိုမယ်ထင်တယ်။” နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး ဦးတည် ဆောင်ရွက်သွားရေး တို့ကို သဘောတူညီခဲ့တယ်။ အဲဒီမှာရော ဘယ်လိုလူတွေ ပါသင့်သလဲ။ “အမှန်ကတော့ဗျာ အဖွဲ့အစည်းထဲမှာ မပါတဲ့သူပေါ့နော်။ နောက်ပြီးတော့ အပြင်ရောက်နေတဲ့လူ၊ စသဖြင့်ပေါ့ တကယ်အရေးပါအရာရောက်ပြီးတော့ ပါဝင်သင့်၊ အကျိုးပြုနိုင်တဲ့ပုဂိုလ်တွေကလည်း ရှိနေသေးတာကိုး၊ ရှိနေတဲ့အတွက် ဒီလို လမ်းဖွင့်ထားရတာလည်းဖြစ်တယ်။ ဆိုတော့ ဒီအပိုင်းကိုလည်း သိပ်ပြီးတော့ ပစ်ပယ်လို့ မရလောက်ဘူးလို့မြင်တယ်။” အန်စီအေလက်မှတ်ထိုးတဲ့ ရှစ်ဖွဲ့ရော၊ မထိုးရသေးတဲ့ အဖွဲ့တွေရော ညီလာခံမှာ ပါဝင်တက်ရောက်နိုင်ဖို့အတွက် ဘယ်လိုလမ်းကြောင်းနဲ့ သွားမလဲ။ လက်ရှိအစိုးရက ဦးသိန်းစိန်အစိုးရလောက် တပ်မတော်နဲ့ နီးစပ်မယ်မထင်လို့လေ။ “ကျနော့်အယူအဆကတော့ အရင်ဆုံးအနေနဲ့ပေါ့နော်၊ အရင်ဆုံးအနေနဲ့တော့ အစိုးရနဲ့တပ်နဲ့ ညှိသင့်တယ်လို့ ကျနော်ထင်ပါတယ်။ အစိုးရနဲ့တပ်မတော်နဲ့ပေါ့နော် တော်တော်လေးပြေလည်ပြီဆိုရင်၊ အခုဆိုရင်ဗျာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက ကော်မတီတွေဘာတွေဖွဲ့ထားပြီးပါပြီ။ အစိုးရသစ်နဲ့ကို တွေ့ဆုံဆွေးနွေးဖို့ပေါ့နော်၊ စကားပြောဖို့ပေါ့။ ရှိထားပြီးသားပါ။ သူက အစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့တွေကို ဖွဲ့ထားနိုင်တယ်၊ တာဝန်ပေးနိုင်တယ်ဟေ့ဆိုရင်တော့ လုပ်ငန်းစလို့ရလောက်ပြီ။” နိုင်ငံရေးမူဘောင်ရဲ့ အခြေခံအကျဆုံးအပိုင်းမှာ အနိမ့်ဆုံးအားဖြင့် ဘယ်လိုအခြေခံအချက်တွေ မဖြစ်မနေပါဝင်သင့်တယ်လို့ မြင်ပါသလဲ။ “အခုက ခွဲထားတဲ့ဥစ္စာက တပ်မတော်က ၁၅၀၊ နိုင်ငံရေးပါတီက ၁၅၀၊ စသဖြင့်ပေါ့ အဲလိုမျိုးတွေ ဖွဲ့ထားတာရှိတယ်။ တချို့ကလည်း ဒီ frame work ကို သိပ်သဘောမကျဘူး။ အထူးသဖြင့် အဓိကကျတာကတော့ အခုလက်ရှိအစိုးရအနေနဲ့ ဒီပုံစံကို လက်ခံနိုင်မလား၊ လက်မခံနိုင်ဘူး လားဆိုတဲ့ကိစ္စကို အရင်ဆုံးသိဖို့တော့လိုမယ်။ ဒါကို သိပ်မကြိုက်ဘူးဆိုရင်တော့ ပြန်ပြီးဆွေးနွေးဖို့ လိုမယ်။ ပြန်ဆွေးနွေးနိုင်အောင်လည်းပဲ frame work ကို ပြုပြင်နိုင်တယ်ဆိုပြီးတော့ ဖွင့်ထားတာရှိတာကိုး။” နိုင်ငံရေး မူဘောင်ရေးဆွဲတဲ့အခါမှာ အချေအတင် ညှိနှိုင်းကြရ၊ ငြင်းခုံကြရမယ့်ကိစ္စထူးတွေ ဘယ်နှစ်ခုလောက်ရှိမလဲ။ “အဲဒါကြောင့်မို့လို့ ကျနော်ပြောတာ၊ ပွဲမ၀င်ခင်မှာ တပ်မတော်နဲ့ လက်ရှိအစိုးရနဲ့ နည်းနည်းပါးပါးတော့ နားလည်မှုရအောင် လုပ်ဖို့လိုမယ်။ ဒါပေမယ့် ဖက်ဒရယ်ဆိုတာတော့ အများကြီးရှိတယ်။ ဥပမာဆိုပါတော့ ၉၀ ရာခိုင်နှုန်း ဖက်ဒရယ်နဲ့ ၁၀ ရာခိုင်နှုန်းဖက်ဒရယ်။ ဖက်ဒရယ်တော့ ဖက်ဒရယ်ချည်းပဲ၊ ရာခိုင်နှုန်းတွေတော့ အများကြီးကွာသွားတယ်။ အဲလိုမျိုးတွေရှိကြတော့ အနီးစပ်ဆုံး ပြန်ညှိရမှာပဲ။ ဒီညှိနှိုင်းတဲ့အခါမှာ လူသိပ်များလို့ရှိရင်လည်း ခရီးက နှောင့်နှေးတတ်တယ်ဗျ။ ဆိုတော့ အဲဒီဟာကိုတော့ နည်းလမ်းပြန်ရှာသင့်တယ်။” စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအကြား၊ ပြည်ထောင်စု အစိုးရအကြား ညှိရမှာတွေအများကြီးရှိလား ဘယ်လိုထင်မြင်ပါသလဲ။ “ဟုတ်တာပေါ့၊ ဟုတ်တာပေါ့ ကျနော့်အယူအဆဆိုရင် formal၊ informal ပေါ့။ informal ဆိုလည်း အကြိမ်ပေါင်းများစွာပေါ့နော် မရမချင်း၊ လူပုဂိုလ်ချင်းရင်းနှီးသွားတဲ့အထိ အများကြီးလုပ်ဖို့ အများကြီးလိုမယ်။ ပွဲမ၀င်ခင်မှာပေါ့နော် အပြင်မှာရှိတဲ့ အထူးသဖြင့် informal ကို များများလုပ်ပေးပြီးတော့ formal ပွဲလေးတွေ ကြားညှပ်သွားမယ်ဟေ့ဆိုရင်တော့ တော်တော်လေးနီးစပ်သွားမယ်လို့ ကျနော်ထင်ပါတယ်။” ၂၁ ရာစုပင်လုံညီလာခံကနေ တိုင်းရင်းသားပေါင်းစုံအတွက် ဘာအခွင့်အလမ်းတွေ ပေါ်ထွက်လာနိုင်လဲ၊ ဘာတွေကိုလည်း တာဝန်တွေယူကြရမလဲ။ “ဒီလို အခြေအနေမျိုးပေါ့နော် တခါမှ မရောက်ခဲ့ဖူးဘူး။ နှစ်ပေါင်း ၄၀၊ ၅၀ စောင့်လာတဲ့ အချိန်တွေမှာ ဒီအချိန်က မျှော်လင့်ချက်လောက်ထားနိုင်တဲ့ အခြေအနေ ရောက်တယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်ကလည်း တတ်နိုင်သလောက်တော့ တာဝန်ယူရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့ ပေးဖို့ပဲ စဉ်းစားပါ။ ပေးနိုင်သလောက် ပေးနိုင်အောင်တော့ စဉ်းစားရမှာပဲ။” ၁၉၄၇ မှာကျင်းပတဲ့ ပင်လုံညီလာခံ၊ ပင်လုံသဘောတူစာချုပ်မှာ ပါဝင်ဆွေးနွေးလက်မှတ်ထိုးတဲ့ တိုင်းရင်းသားလူမျိုး ၃ မျိုးက အဓိကအားဖြင့်ပါဝင်တယ်။ အခုက တိုင်းရင်းသားလူမျိုးစု များပြားတာ တွေ့ရတယ်။ ၂၁ ရာစုပင်လုံစာချုပ်မှာ ဘယ်လိုအလားအလာဖြစ်လာနိုင်လဲ။ “၄၇ ခုနှစ်ပင်လုံက လွတ်လပ်ရေးရယူဖို့ အတူတကွ တောင်တန်းဒေသနဲ့ ပြည်မနဲ့ အတူတကွ လွတ်လပ်ရေးရယူဖို့အတွက် ဆွေးနွေးတဲ့ညီလာခံဖြစ်တယ်။ အခု ဒီတကြိမ်မှာကတော့ ဒီမိုကရေစီနိုင်ငံထူထောင်မယ်၊ ထူထောင်တဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ထူထောင် မယ်ဆိုတဲ့ ကိစ္စကို သွားတာဖြစ်တယ်လေ။ အဲဒီမှာ မတူဘူး။ မတူဘူး၊ ပိုပြီးတော့လည်း ခက်ကောင်း ခက်နိုင်တယ်၊ ကြာရင်လည်း ကြာသွားနိုင်တယ်။ ဒါကတော့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ ဒါကို ကျော်သွားလို့ မရပါဘူး၊ ဖြတ်သန်းရမှာပါ။” သမ္မတဦးသိန်းစိန်အစိုးရကရော၊ ကာချုပ်ကရော အကြိမ်ကြိမ်ပြောတာက ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို လက်ခံပြောဆိုလာတယ်။ ဒါပေမယ့်သူတို့အကြိမ်ကြိမ်ပြောတာက ပြည်ထောင်စု ကနေ ခွဲမထွက်ပါဘူးဆိုတဲ့ ကတိကတ၀တ်ကို တိုင်းရင်းသားတွေထံက လိုချင်တယ်။ ဒီအပေါ် တိုင်းရင်းသားတွေသဘောထားက ဆရာ့ဖြတ်သန်းမှုအရ ဘယ်လိုအကဲဖြတ်မလဲ။ “ကျနော်လည်းဗျာ ဒီတိုင်းရင်းသားအုပ်စုတွေကြားထဲမှာ ဆယ်စုနှစ် သုံးစုလောက်ကို ကျနော်ဖြတ်သန်းလာတယ်။ ဒီနေ့ခေတ်၊ ဒီနေ့အခြေအနေမှာတော့ တိုင်းပြည်ကနေပြီးတော့ ခွဲထွက်ဖို့ဆိုတာ အခြေအနေလည်းမပေးပါဘူး။ စိတ်ကူးတဲ့လူလည်း သိပ်မတွေ့ပါဘူး။ ဒါကို သံသယရှိနေသေးတဲ့အပိုင်းလောက်ပဲရှိတယ်။ ခုန ကျနော်ပြောသလို ဆွေးနွေးမယ်၊ ဆွေးနွေးမယ်ဆိုရင်တော့ ဒီသံသယတွေ ပျောက်ကွယ်သွားပြီးတော့လေ ယုံကြည်မှာပါ။ ခွဲထွက်ဖို့ဆိုတာတော့ မရှိပါဘူး။ အခြေအနေလည်း မပေးပါဘူး။” တိုင်းရင်းသားတွေဘက်က စိုးရိမ်ပူပန်မှုက ဘာတွေရှိလဲ။ အရင်က အစိုးရတွေနဲ့ဆွေးနွေးခဲ့တဲ့ သမိုင်းကြောင်းတွေမှာ ခံခဲ့ကြရလွန်းလို့ ပူပန်တာလား။ အဓိကက ဘာကြောင့်လဲ။ “အဓိကက ကတိမတည်မှာ ကြောက်တာဗျ။ စာချုပ်မှာ ဘယ်လောက်ပဲရေးထားရေးထား၊ တခါတလေကျ မလိုက်နာတတ်ဘူး။ အရေးယူမယ့်အပိုင်းကလည်း ဘယ်သူကမှ အရေးယူလို့ ရတာမှ မဟုတ်တာ။ ဆိုတော့ အဲဒါတွေပါ၊ အခုကတော့ တဖြည်းဖြည်းနဲ့ ဆက်ဆံ၊ ကူးလူး ဆက်ဆံပြောဆိုနေထိုင်ကြတာ လက်ပွန်းတတီးဖြစ်လာပြီဆိုတဲ့အခါကျတော့ ဒါတွေက ဒီဟာ တဖြည်းဖြည်းနဲ့တော့ လျော့ပါးသွားပြီလို့ထင်ရပါတယ်။” အန်စီအေစာချုပ်ကို အဖွဲ့အားလုံး လက်မှတ်ရေးထိုးလိုက်ကြပြီပဲဆိုပါစို့၊ စာချုပ်ကျိုးပေါက်သူကို ဘယ်လို အရေးယူမယ်ဆိုတာ မပါဘဲနဲ့ ဒီစာချုပ်က စည်းနှောင်မှုအားကောင်းပါ့မလား။ ကုလသမဂ္ဂလိုအဖွဲ့တွေရဲ့ စွက်ဖက်မှုပိုင်းဆိုင်ရာရော။ “အဲဒီအပိုင်းတော့ ကျနော်သေသေချာချာမသိဘူး။ စာချုပ်ကိုချိုးဖောက်တယ်ဆိုရင် အရေးယူ နိုင်မယ်၊ အရေးမယူနိုင်ဘူးဆိုတာတော့ ကျနော်မသိဘူး။ သို့သော်လည်းပဲ သမိုင်းမှာတော့ ဒါ လုံးဝအမည်းစက်ပဲ။ သမိုင်းမှာတော့ ဘယ်သူကလိမ်သလဲ၊ ဘယ်သူက ချိုးဖောက်သလဲဆိုတာ ထင်ထင်ရှားရှားကြီးဖြစ်မှာပဲ။ အန်စီအေနဲ့ပတ်သက်ပြီးပြောချင်တာက အန်စီအေကို အားလုံး လောက်က သဘောတူပြီးသားဗျ။ လက်မှတ်ထိုးဖို့ အားလုံးက သဘောတူပြီးသား၊ သို့သော်လည်းပဲ all inclusive အားလုံးပါဝင်လက်မှတ်ထိုးရေးမှာ အဲဒီမှာ တစ်နေတာ။ တကယ့်တကယ်ကျတော့ ဒီစာချုပ်ပေါ်မှာ ပြန်ပြီးဆွေးနွေးစရာ သိပ်အများကြီးမရှိဘူး။ ဘာမှ မရှိတော့ဘူး၊ ကျနော်သိသလောက်။ အဲဒီတော့ ဒီဘက်အစိုးရပိုင်းမှာ နည်းနည်း အားစိုက်လိုက်လို့ရှိရင် strong ဖြစ်နိုင်တယ်။ အားလုံးပါဝင်လက်မှတ်ထိုးတဲ့ အနေအထား ရောက်သွားနိုင်ပါတယ်။” အစိုးရသစ်အတွက် စောင့်ကြိုနေတဲ့ စိမ်ခေါ်မှုက၊ တိုင်းရင်းသားတွေကို စောင့်ကြိုနေတဲ့ စိမ်ခေါ်မှုတွေက ဘာတွေဖြစ်မယ်ထင်လဲ။ သူတို့နှစ်ဘက်က အဓိကပြောကြမှာဆိုတော့လေ။ “သေသေချာချာတော့ မပြောတတ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုအစိုးရသစ်ရဲ့ သဘောထားတွေ ဘာတွေကို ရှင်းရှင်းလင်းလင်း သူတို့ ထုတ်ပြန်ကြေညာထားတာမရှိသေးဘူး။ အစိုးရမဖြစ်ခင်ကတော့ရှိတာပေါ့ဗျာ။ အစိုးရဖြစ်ပြီးတော့မှာ သိပ်မတွေ့ရဘူး။ ဆိုတော့ တွေ့မှပဲ ကျနော်ထင်တာက စကားပြောရင်းနဲ့ ပေါ်လာလိမ့်မယ်ထင်တယ်။ အဲဒါကြောင့် ကျနော်တို့က ဖြစ်စေချင်တာက ခဏခဏ တွေ့ဖို့လေ။ အနိုင်ရပါတီက အစိုးရအဖွဲ့ဖွဲ့ရာမှာဖြစ်ဖြစ် လွှတ်တော်မှာဖြစ်ဖြစ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်ပြီးတော့ ရာထူးတာဝန်တွေ ပေးအပ်တာတွေ့ရတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရကိုင်တွယ်ဆောင်ရွက်နေတဲ့အပေါ် ဘယ်လို ဝေဖန်နိုင်မလဲ။ “လွှတ်တော်မှာနေရာပေးမယ်၊ အစိုးရအဖွဲ့မှာ နေရာပေးမယ်၊ ပြည်နယ်တွေ၊ တိုင်းဒေသကြီး တွေမှာ အစိုးရတာဝန်တွေပေးမယ်၊ အဲဒီလောက်နဲ့တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပါဘူး။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖို့ လမ်းစလောက်ပဲရမှာပါ။ တကယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ကတော့ စစ်မှန်တဲ့ဖက်ရယ်ပြည်ထောင်စုကို စစ်စစ်မှန်မှန် ထူထောင်နိုင်ဖို့၊ တန်းတူညီမျှရေးတွေကို ဖော်ဆောင်နိုင်ဖို့၊ နိုင်ငံရေးအခွင့်အလမ်းတွေလည်း တန်းတူညီမျှဖြစ်နိုင်အောင်လို့ ဖော်ဆောင်ပေးနိုင်တဲ့ အဲဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။”
6 years Ago
Up