အရက် ရောင်းချမှု

May 6, 2020

အိန္ဒိယတွင် အရက် ရောင်းချမှုအပေါ် ၇၀ ရာခိုင်နှုန်း အခွန်ကောက် 

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ မေ ၅ ရက်ကစပြီး အရက် လက်လီရောင်းချမှုအပေါ် အခွန် ၇၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ အရာရှိတွေက သတ်မှတ်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျှော့ချဖို့ သီတင်းပတ် ခြောက်ပတ်ကြာ အသွားအလာ ကန့်သတ်မှု ပယ်ဖျက်ပေးပြီးတဲ့နောက် အရက်ဆိုင်တွေမှာ လူတွေအများကြီး တန်းစီနေတာကို ဟန့်တားဖို့ ခုလို အခွန်တိုးကောက်ခဲ့တာပါ။ ကူးစက်ကပ်ဘေးအတွင်း စီးပွားရေးလုပ်ငန်းတွေ ကာလကြာရှည်ရပ်နေတဲ့ ခုလို အချိန်မျိုးမှာ အိန္ဒိယရဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေ ၃၆ ခုမှာ ရန်ပုံငွေ ပြတ်လပ်နေချိန်မှာ အရက်ခွန်ဟာ အဓိကဝင်ငွေလည်း ဖြစ်ပါတယ်။ မေ ၁၇ ရက်ထိ အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားရာက မေ ၄ ရက်မှာ ပထမဆုံးအနေနဲ့ ကန့်သတ်ချက် ဖြေလျှော့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ မေ ၄ ရက်က စဖွင့်တဲ့ အရက်ဆိုင်တွေမှာ လူတွေ ရာချီ တန်းစီစောင့်ဆိုင်းနေချိန်မှာ နံပါတ်တုတ်ကိုင် ရဲတွေက စောင့်ကြပ်နေပါတယ်။ မေ ၅ ရက် တရက်တည်းမှာ ကိုရိုနာကူးစက်ခံ လူနာသစ် ၃၉၀၀ ရှိတယ်လို့ အစီရင်ခံခဲ့လို့ တရက်တည်းမှာ ကူးစက်ခံ အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်း ဂူဂျာရတ်နဲ့ ဒေလီမြို့ကြီးတို့ တည်ရှိရာ မဟာရတ်ရှ်ထရာပြည်နယ်မှာ ကူးစက်မှု အများဆုံးပါ။  မေ ၅ ရက်နေ့အထိ အတည်ပြုချက်အရ တနိုင်ငံလုံးမှာ ကူးစက်ခံ ၄၆၄၃၂ ယောက်ရှိပြီး ကူးစက်ခံ ၁၅၆၈ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
12 months Ago
Up