အရက်နာခွင့်ပေးမည်

A d v e r t i s e m e n t With Us

December 25, 2019

ညဘက် အရက်သောက်များသွားသည့် ဝန်ထမ်းများကို  ဗြိတိန်ကုမ္ပဏီက အရက်နာခွင့်ပေးမည် 

ညဘက် သောက်တာများသွားလို့ မနက် ခေါင်းကိုက်နေရင် ဝန်ထမ်းအများစုက ဖျားနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကိုခွင့်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ ဗြိတိန်ကုမ္ပဏီတခုမှာတော့  ဒီလို လိမ်ပြောဖို့ မလိုတော့ပါဘူး။ အကြောင်းကတော့ အလုပ်ရှင်တွေက  အရက်သောက် များသွားတဲ့ ဝန်ထမ်းတွေအတွက် အရက်နာခွင့် (Hangover day off) ခွင့်ပြုပေးထားလို့ပါပဲ။ Audit Lab လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်မားကတ်တင်းကုမ္ပဏီက ဒီစနစ်ကို ကျင့်သုံးနေတာ ဖြစ်ပြီး ခဏခဏ ခွင့်ယူနေတာမျိုး မဟုတ်ရင် အရက်နာကျတဲ့နေ့မှာ ဝန်ထမ်းတွေဟာ အလုပ်ကို လာစရာမလိုဘဲ အိမ်ကနေပဲ လုပ်စရာရှိတာတွေလုပ်ဖို့ ခွင့်ပြုပေးထားပါတယ်။  ဒါတင်မဟုတ်သေးဘဲ ဘယ်နေ့ ဘယ်ရက် ‌သောက်စားဖို့ အစီအစဉ် လုပ်ထားရင် အရက်နာခွင့်ကို ကြိုတင်လို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။  Audit Lab ကို ပူးတွဲတည်ထောင်တဲ့ ချာလီခရွမ့်တွန်က “ကျနော်တို့အနေနဲ့ ညဘက် အပြင်ထွက်ကဲတတ်တဲ့ လူငယ်ဝန်ထမ်းတွေအတွက် တခုခု စီစဉ်ပေးချင်ခဲ့ပြီးတော့ ဒီလိုလုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ သူတို့ အရက်သောက်မယ့်နေ့ကို ကြိုပြီး စီစဉ်ထားတယ်ဆိုရင် ဒီခွင့်ကို ကြိုယူထားလို့လည်း ရပါတယ်” လို့ ပြောပါတယ်။  “ဒီခွင့်ယူထားတယ်ဆိုရင် သူတို့ဟာ သူတို့အိမ်က အိပ်ရာထဲမှာပဲ လုပ်စရာရှိတာကို အေးအေးဆေးဆေးလုပ်နေနိုင်ပါတယ်”လို့လည်း ဆက်ပြောပါတယ်။ “ဒါဟာ ခွင့်လို့ သတ်မှတ်ပေမယ့် တကယ်တော့ အိမ်ကနေ အလုပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဒီလိုခွင့်ပြုထားပေမယ့် ဝန်ထမ်းတဦးဦးက တပတ်ကို သုံး လေးခေါက်လောက် ဒီလိုခွင့်ယူပြီး အရေးကြီးတဲ့အစည်းအဝေးတွေ လွတ်ကုန်တယ်ဆိုရင်တော့ ကျနော်တို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ရမှာပါ။ ဒါပေမဲ့ အခုချိန်ထိတော့ ဘယ်ဝန်ထမ်းကမှ ဒီလိုမျိုး မလေးမစား မလုပ်ကြသေးပါဘူး။”  အရက်နာခွင့်ကို လူငယ်ဝန်ထမ်းတွေအတွက် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒီကိစ္စဟာ သားသမီးတွေရှိတဲ့ အကြီးပိုင်းဝန်ထမ်းတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ပုံမှန်ဆို အရက်သောက်များသွားလို့ အလုပ်မလာနိုင်တဲ့အပေါ် ဆင်ခြေမျိုးစုံပေးပြီး ခွင့်ယူရမှာဖြစ်ပေမယ့် ဒီလိုမျိုး အလုပ်ရှင်ဘက်က ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပေးထားခြင်းက အလုပ်သမားတွေအတွက်လည်း အဆင်ပြေစေပါတယ်။ မကြာသေးခင်က အရက်နာခွင့်ယူခဲ့တဲ့ Audit Lab ဝန်ထမ်းတဦးက  “အရက်နာကျနေတာကို နေမကောင်းဘူးလို့ ပြောပြီး လိမ်ညာ ခွင့်ယူလိုက်ရင် နောက်နေ့ အလုပ်ဆင်းတဲ့အခါ အလုပ်ရှင်ကို မျက်နှာပူရပါတယ်။ ဒီလိုမျိုး ခွင့်ပေးထားတော့ ကျမတို့အနေနဲ့ ရိုးရိုးသားသားပဲ အနားယူနိုင်တာပေါ့” လို့ပြောပါတယ်။
1 year Ago
Up