အရက်တု

August 3, 2020

အိန္ဒိယတွင် အရက်တုကြောင့် သီတင်းပတ်အတွင်း လူ ၈၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ ဒီသီတင်းပတ်အတွင်း တရားမဝင် ထုတ်လုပ်တဲ့ အရက်တွေသောက်တာကြောင့် လူ ၈၆ဦး သေဆုံးပြီးတဲ့နောက် ရဲတွေက တရားမဝင် အရက် ထုတ်လုပ်ရောင်းနေတဲ့ ရွာသိမ်ရွာငယ်တွေက ဂိုဏ်းတွေကို ဝင်စီးပြီး ဖမ်းဆီးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ခရိုင် ၃ ခုမှာ စီးနင်းမှု အကြိမ် ၁၀၀ ကျော်အတွင်း လူ ၂၅ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ရွာတွေ လမ်းဘေး ဈေးဆိုင်တွေကနေ အရက် လီတာ ရာချီ သိမ်းဆည်းခဲ့တယ်လို့ ပန်ဂျပ်ပြည်နယ် ရဲချုပ် ဒင်ကာဂုပတာက သြဂုတ် ၁ ရက်မှာ ပြောပါတယ်။ သိမ်းဆည်းရမိတဲ့ အရည်တချို့ဟာ အရက်အဆင့်မဟုတ်ဘဲ သုတ်ဆေးတွေ၊ စက်မှုလုပ်ငန်းတွေမှာသုံးတဲ့ အရက်ပြန် ပုံပြောင်းအဆင့်တွေလို့ အစိုးရ အရာရှိတယောက်က ပြောပါတယ်။ ချက်အရက်လို့ ဒေသခံတွေကြား လူသိများတဲ့ တရားမဝင် ထုတ်လုပ်တဲ့ အရက်တွေကို သောက်လို့ သေဆုံးမှုဟာ အိန္ဒိယမှာ ပုံမှန်ဖြစ်နေကြပါ။ လူအများအပြားက ကုန်အမှတ်တံဆိပ်တွေနဲ့ ထုတ်တဲ့အရက်ကို မတတ်နိုင်ကြပါဘူး။ ဇူလိုင် ၃၁ ရက်ကလည်း အိန္ဒိယ တောင်ပိုင်း ပြည်နယ်တခုမှာ အရက်နဲ့ လုပ်ထားတဲ့ လက်သန့်ဆေးရည်ကို သောက်တာကြောင့် အမျိုးသား ၁၀ သေဆုံးခဲ့ပြီး ဒေသအရက်ဆိုင်တွေကို ပိတ်ပစ်ခဲ့ရတယ်လို့ ရဲက ပြောပါတယ်။
9 months Ago

May 14, 2020

မက္ကဆီကိုတွင် အရက်တုသောက်သူ ၁၀၀ ကျော်သေဆုံး

မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရက်အတုသောက်သုံးမှုကြောင့် သေဆုံးသူပေါင်း  ၁၀၀ ကျော်ခဲ့ပါတယ်။ မက္ကဆီကို နေ့စဉ်ထုတ်သတင်းစာ ရီဖေါ်မာရဲ့ မေလ ၁၃ ရက် ဖေါ်ပြချက်အရ ဒါဟာ COVID-19 ကပ်ဘေးကြောင့် ဘီယာထုတ်လုပ်မှုရပ်ဆိုင်းထားစဉ်  အရက်အတုတွေ သောက်သုံးကြလို့ ဆိုပါတယ်။  ဒီအရက်တုတွေမှာ အန္တရာယ်ကြီးတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ မက်သနောလို အရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။  ဒါဟာ Heineken ဘီယာနဲ့ Grupo Modelo ဘီယာတွေ ထုတ်လုပ်မှုရပ်ဆိုင်းထားစဉ် ရရာ အရက်ရှာသောက်ကြလို့ လူတွေသေဆုံးကြရတာ ဖြစ်ပါတယ်။  ဒေသခံအာဏာပိုင်တွေကတော့ ကိုယ်မသိတဲ့ တံဆိပ်နဲ့ အရက်တွေကို မသောက်သုံးဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။  အလယ်ပိုင်းပြည်နယ် ပြူဘလာမှာဆိုရင် ဗုဒ္ဓဟူးနေ့က သေဆုံးသူ ၂၀ ရှိခဲ့ပြီး အာဏာ ပိုင်တွေက အရက်အတု ၂၀၀ လီတာ သိမ်းဆည်းရရှိခဲ့ပါတယ်။  ဖက်ဒရယ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့ကလည်း ဒီဖြစ်စဉ်ကို စုံစမ်းနေတယ်လို့ ပြီး ခဲ့တဲ့အပတ်ကထဲက ထုတ်ပြန်ထားပါတယ်။  မက္ကဆီကိုမှာ  မေလ ၁၃ ရက်ထိ အတည်ပြုချက်အရ COVID-19 ကူးစက်ခံ လူနာ ၄၀၀၀၀ ကျော်သွားပြီး သေဆုံးသူကလည်း  ၄၀၀၀ ကျော်ရှိပြီလို့ ရိုက်တာသတင်းက ရေးသားပါတယ်။
11 months Ago
Up