အရက်

January 28, 2021

Covishield ကာကွယ်ဆေးနဲ့ အရက်သောက်သုံးခြင်း

မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ခဲ့တာ တစ်နှစ်နီးပါးကာလရှိလာပြီဖြစ်ပြီး ဒီကနေ့မှာတော့ ကကွယ်ဆး ထိုးနှံမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနှံတဲ့ ကာကွယ်ဆေး အမျိုးအစားက  အိန္ဒိယနိုင်ငံ Serum instituteက ထုတ်တဲ့ Covishield ကာကွယ်ဆေးပါ။ အောက်ဖို့ဒ်က AstreZenecaအတိုင်း ထုတ်ထားတဲ့ ကာကွယ်ဆေးပါ။

ဒီကာကွယ်ဆေးကို ထိုးနှံတဲ့အခါ ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးလိုပဲ အရက်ရှောင်ဖို့ လိုမလားဆိုတာကို ဆောင်းပါးလေးမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။

ရုရှား ကာကွယ်ဆေးထိုးရင် ဘာကြောင့် အရက်ရှောင်ဖို့ လိုတာလဲ။

ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က စမ်းသပ်ထုတ်လုပ်ထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်vectorကနေ ထုတ်လုပ်ထားတာဖြစ်ပီး အဆိုပါ ကာကွယ်ဆေးကို ထိုးနှံပြီးသူတိုင်းဟာ အရက်ကို အနည်းဆုံး ၄၂ ရက်ကြာ မသောက်သုံးဘဲနေဖို့ လိုမယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

အကြောင်းကတော့ အရက်က Covid-19 ကို ခုခံတိုက်ထုတ်ပေးမယ့် ကိုယ်ခံအားကို ကျဆင်းစေနိုင်တာ​ကြောင့် ဖြစ်သလို အရက်သောက်သုံးမှုက ကိုယ်ခံအား တက်သင့်သလောက် မတက်တာကြောင့်လို့ ဆိုပါတယ်။

ဒါဆို မြန်မာနိုင်ငံမှာ ထိုးနှံပေးမယ့် Covishield ကာကွယ်ဆေး ထိုးရင်ရော အရက်ရှောင်ဖို့ လိုမလားဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

အရက်က ကျန်းမာရေးကို ထိခိုက်စေသလို၊ အသည်းပျက်စီးတာ၊ အသည်းကင်ဆာနဲ့ အသည်းအဆီဖုံးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။

အရက်က နာတာရှည် ရောဂါတွေ ဖြစ်စေနိုင်သလို ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး ဖျားနာလွယ်တာ၊ ရောဂါကူးစက်လွယ်တာတွေကိုလည်း ဖြစ်စေနိုင်သလို အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် ခန္ဓာကိုယ်ကျန်းမာစေဖို့ဆိုရင် အရက်ကို ရှောင်ဖို့ လိုပါမယ်။

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရက်ရှောင်ဖို့ လိုသလို ကာကွယ်ဆေးထိုးနှံတဲ့အခါ ဆေးအာနိသင် ထိရောက်စေဖို့အတွက်လည်း Covishield ကာကွယ်ဆေး ထိုးနှံတဲ့အခါ အရက်သောက်သုံးတာမျိုး မလုပ်ဖို့ လိုပါတယ်။

ကာကွယ်ဆေးက ၂၁ ရက်ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း ရောဂါကို ချက်ချင်း ကာကွယ်နိုင်ဦးမှာ မဟုတ်သေးဘဲ လုံလောက်တဲ့ ကိုယ်ခံအားစနစ်  ရရှိစေဖို့အတွက် ၁၄ ရက် စောင့်ရပါမယ်။

ကာကွယ်ဆေးထိုးတဲ့အခါ ကိုယ်ခံအားကျတာမျိုး၊ အရက်ကြောင့် အသည်းကို ထိခိုက်တာပြီး ဆေးအာနိသင် ထိရောက်မှုကို ထိခိုက်တာမျိုး၊ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် လုံလောက်တဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်နိုင်တာမျိုး မဖြစ်စေဖို့အတွက် ကာကွယ်ဆေး မထိုးခင် ၂ ပတ် အလိုကစလို့ ကာကွယ်ဆေး ထိုးနေစဉ်နဲ့ ထိုးပြီး ၄၅ ရက်ကြာတဲ့အထိ အရက်ကို ရှောင်ဖို့ လိုပါမယ်။

ဒါမှ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်နိုင်လောက်တဲ့အထိ အကောင်းဆုံး တုံ့ပြန်နိုင်မှာပါ။ ဒါကြောင့် ကာကွယ်ဆေး ထိရောက်စေဖို့ အရက်ကို ရှောင်ဖို့ အကြံပြုပါရစေ။

ကာကွယ်ဆေး ထိုးပြီးသည့်တိုင်အောင် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာလိုမျိုး ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကိုတော့ ဆက်လက်လုပ်ဆောင်နေဖို့ လိုဦးမှာပါ။

ရေးသားသူ Aye Thi Mon

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

12 months Ago

July 4, 2020

ဘာကြောင့် လက်တုန် ရတာလဲ ၊ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

တစ်ခုခုများ အာရုံစိုက်ပြီး လုပ်ရမယ်ဆို လက်က တုန်လာပြီ။ ဇွန်းလေး ကိုင်ပြီး ဟင်းချိုသောက်တာတောင် တုန်လို့ ဖိတ်ကုန်တာ၊ တူနဲ့ စားမယ်ဆို ညှပ်ရခက်တာ၊ ရေခွက် ကိုင်ရင် လက်တုန်တာတွေ အတော် အဆင်မပြေဖြစ်ရတာပါ။ ဘာ့ကြောင့် လက်တုန် ကြသလဲ အများစု ကတော့ အရက်ကြောင့်၊ ကဖင်းကြောင့် ဒီလို ဖြစ်တတ်တယ်လို့ ပြောကြပေမယ့် အရက် မသောက်၊ ကော်ဖီ မသောက်တတ်တဲ့ သူတွေ အတွက်တော့ တခြား အကြောင်းရင်းတွေ ရှိနေပါသေးတယ် – အာရုံကြော ရောဂါ Essential Tremor လို့ ခေါ်တဲ့ အာရုံကြောရောဂါ တစ်မျိုး ကြောင့် လက်တုန် စေတတ်ပါတယ်။ ကော်ဖီခွက် ကိုင်လည်း တုန်၊ ဖယောင်းတိုင် ကိုင်လည်း တုန်၊ ဇွန်းခက်ရင်း ကိုင်လည်း တုန်နေတတ်တဲ့ သူတွေ မှာ အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒီတုန်ခါမှု အမျိုးအစား ရဲ့ အကြောင်းရင်းက အတိအကျ မသိရပါဘူး။ နေ့စဉ် အလုပ်တွေမှာ နည်းနည်း အဆင်မပြေ ရှိတတ်ပေမယ့် Essential Tremor ခံစားရသူ အများစု ကတော့ အန္တရာယ် မရှိသလို နောက်ဆက်တွဲ ပြဿနာ ကြီးကြီးမားမား မရှိတတ်ပါဘူး။ ကဖင်း လွန်ကဲခြင်း မနက်ပိုင်း ကော်ဖီသောက်တယ်၊ နေ့လယ် ခဏနားချိန်မှာ သောက်တယ်၊ လက်ဖက်ရည် သောက်တယ်၊ အားဖြည့်အချိုရည် သောက်တယ်၊ ညကျ ကော်ဖီထပ်သောက်တယ်။ ကဲ ကဖင်းဓာတ်တွေ အများကြီး ဗိုက်ထဲ ဝင်သွားပြီပေါ့။ ကဖင်းက အာရုံလန်းဆန်းအောင် နှိုးဆွတဲ့ဓာတ်တစ်မျိုးဖြစ်သလို သောက်တာများရင်လည်း လက်တုန်အောင် ပိုနှိုးဆွတဲ့အရာလည်း ဖြစ်ပါတယ်။ အရက် ဖြတ်ခြင်း အရက်ကြိုက်သူတွေ မသောက်ရတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေထဲ လက်တုန်ခြင်း ပါဝင်ပါတယ်။ နောက်ဆုံးသောက်ခဲ့ပြီး ၁၀ နာရီအတွင်းမှာ စပြီး ခံစားရတတ်ပါတယ်။ ပါကင်ဆန် ရောဂါ ပါကင်ဆန်ရောဂါရှိသူ တွေမှာ ကြွက်သားတွေကို လှုပ်ရှားဖို့ သတင်းပို့တဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတာကြောင့် လက်တုန်တတ်ပါတယ်။ စစချင်းတော့ လက်တစ်ဖက်မှာပဲ တုန်တတ်ပေမယ့် ကြာလာတာ နဲ့အမျှ နောက်တစ်ဖက် မှာပါ ဖြစ်လာပါတော့တယ်။ လှုပ်ရှားမှုတွေ နှေးလာနိုင်သလို ဟန်ချက်ညီအောင် ထိန်းဖို့လည်း ခက်လာတယ်၊ ဒါမှမဟုတ် လက်နဲ့ ခြေထောက်တွေ တောင့်တင်းလာနိုင်ပါတယ်။ ပါကင်ဆန်ကြောင့် တုန်ရီတာ ဆိုရင်တော့ သောက်ဆေးတွေ ဒါမှမဟုတ် ခွဲစိတ်ကုသမှု လိုအပ်လာနိုင်ပါတယ်။ ဦးနှောက် အာရုံကြော ရောဂါ (MS) Multiple Sclerosis (MS) ဟာ myelin လို့ခေါ်တဲ့ အာရုံကြောအပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လက်တွေ သို့မဟုတ် တခြားအစိတ်အပိုင်းတွေမှာ တုန်ခါတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက် ရောဂါ (Hyperthyroidism) လက်တုန်ခြင်းက သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက အရမ်းအလုပ်လုပ်လွန်းပြီး နှလုံးခုန်နှုန်းကိုမြင့်စေပါတယ်။ ဘာမှလည်း မလုပ်ရဘဲ ကိုယ်အလေးချိန် ကျဆင်းသွားတာ၊ အလင်းရောင်ကို မခံနိုင်တာ၊ နှလုံးခုန်မြန်တာ၊ကောင်းကောင်းအိပ်မပျော်တာတွေလည်း ဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်ခြင်း လောင်စာအလုံအလောက် မဖြည့်ပေးရင် ကားစက်တောင် နှိုးမရပါဘူး။ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကောင်းလည်ပတ်နိုင်ဖို့က အစားအသောက်နဲ့ အိပ်ရေးဝနေဖို့လိုပါတယ်။ မအိပ်ဘဲနဲ့ဆို ဦးနှောက်က မှန်မှန်ကန်ကန် အလုပ်လုပ်မယ် ထင်ပါသလား။ ဦးနှောက်ရဲ့ မှားယွင်းသတိပေးချက်တွေ ကြောင့် လက်တုန်တာ အပါအဝင် အာရုံကြောစနစ်တွေ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ သွေးချို ကျခြင်း ကြွက်သားတွေနဲ့ အာရုံကြောတွေ ဆိုတာ သွေးတွင်းသကြားဓာတ်နဲ့ အားဖြည့်ပေးထားတာပါ။ သကြားဓာတ် အလုံအလောက်မရရင် လက်တွေတုန်လာနိုင်တယ်။ ဆီးချိုကြောင့်၊ဆေးဝါးတချို့ကြောင့်၊ အရက်ကြောင့်၊ အစားနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်ပါတယ်။ စိတ်ဖိစီးခြင်း စိတ်ဖိစီးတဲ့ အခါ ခန္ဓာကိုယ်က အာရုံကြော တွေရဲ့ လှုပ်ရှားမှု ကလည်း လွန်ကဲလာပါတယ်။ နှလုံးခုန်တွေ မြန်လာပြီး လက်လည်း တုန်တတ်ပါတယ်။ ဒါကတေ့ာ အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ်၊ တရားထိုင်တာ ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့လိုက်တဲ့ အခါ ပြန်ပြေပျောက်သွားမှာပါ။ ဆေးဝါး လက်တုန် ခြင်းက စိတ်ကျန်းမာရေး ဆိုင်ရာ ဆေးတွေ၊ အတက်ရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အာရုံကြော ရောဂါ၊ ပန်းနာရင်ကျပ် တို့လိုရောဂါတွေ အတွက် သောက်သုံးရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နေတတ်ပါတယ်။ ဗီတာမင် အားနည်းခြင်း အာရုံကြောစနစ် ကျန်းမာရေးအတွက် B12 ရဲ့အခန်းကဏ္ဍ က ကြီးမားပါတယ်။ အသား ၊ကြက်ဥ သိပ်မစားရင် ဒါမှမဟုတ် နွားနို့ မသောက်ရင်၊ ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေ မစားရင် အားနည်းနိုင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့တဲ့ အခါ လက်တုန် တာ၊ ခြေလက်တွေ ထုံကျဉ်တာ၊ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။ ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ    ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။  
2 years Ago
Up