အရက်မူးဒိုင်လူကြီး နှစ်ဦး ရုပ်သံ ပျံ့နှံ့

May 14, 2016

အရက်မူးဒိုင်လူကြီး နှစ်ဦး ရုပ်သံ ပျံ့နှံ့

ထိပ်တန်းပြိုင်ပွဲတွေမှာ အရက်မူးပြီး ဒိုင်လုပ်ခဲ့သူ ၂ ဦးကို ချက်ဘောလုံးအဖွဲ့ချုပ် (FACR)က တားမြစ်လိုက်ပါတယ်။ ချက်ပြည်တွင်းပြိုင်ပွဲ ဆလေဗီယာ ပရက်နဲ့ တန်းဆင်းဇုန်က ရုန်းကန်နေရတဲ့ အက်ဖ်ကေ ပရီဘန်တို့ပွဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းပြင်က အကူဒိုင်တွေဖြစ်တဲ့ မာရက်ပေနီနဲ့ ဂျာရီဂျက်တို့ ၂ ဦးဟာ အရက်မှုးနေတဲ့ စွဲချက်ကြောင့် လိုင်စင်ရုတ်သိမ်းခံရဖွယ်ရှိပြီး စည်းမျဉ်းအရ အရေးယူသွားမယ်လို့ FARCက ပြောပါတယ်။ ဘောလုံးပွဲယှဉ်ပြိုင်နေစဉ်အတွင်း ပေနီရဲ့ ပုံစံက အရက်မှုးတာ သိသာနေသလို ကွင်းဘေးက သူရဲ့ အပြုအမှုကို ဗွီဒီယိုနဲ့ ရိုက်ကူးထားပြီး ယူကျူပေါ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်သံမှာ အရက်မူးပြီး ကွင်းဘေးမှာ ယိုင်တိုင်တိုင်နဲ့ ပြေးလွှားနေသလို နောက်ဆုံးမှာတော့ လူတဦးက သူ့ကို ခေါ်ယူသွားတာတွေကို ရိုက်ကူးထားပါတယ်။ ဂျက်ကလည်း ပြိုင်ပွဲ ကစားနေစဉ် ဆီးခဏခဏ သွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေကို တားမြစ်နိုင်ခြင်းမရှိတဲ့အတွက် ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင် ၂ ဦးကိုတော့ ဒီရာသီကုန်အထိ အနားပေးထားတယ်လို့ ဆိုပါတယ်။
6 years Ago
Up