ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၁ ရက်နေ့ မနက်အစောပိုင်းက ယာဉ်မောင်းနေချိန် အရက် သောက်ထားတဲ့ပမာဏ စစ်ဆေးတဲ့ ဂိတ်တခုမှာ စစ်ဆေးနေတဲ့ ရဲတွေကို မူးနေတဲ့ သတင်းထောက်တဦးက တိုက်ခိုက်ခဲ့ပါတယ်။
အသက် ၄၀ အရွယ်ရှိ တက်ခ်ျပက် အမည်ရ သတင်းထောက်ဟာ အသက် ၂၄ နှစ်အရွယ် ဆူရာဆက်ခ်ဒမ်ရွန် မောင်းနှင်လာတဲ့ အဖြူရောင်တိုယိုတာကားနဲ့ အဲဒီနေ့ မနက်ပိုင်း ၄ နာရီခွဲလောက်မှာ ပတ္တယားမြို့မြောက်ပိုင်းမှ စစ်ဆေးရေးဂိတ်ဆီ ရောက်လာခဲ့ချိန်မှာ ခုလို ဖြစ်ခဲ့တာပါ။
သူတို့ ၂ ဦးလုံးဟာ အရက် အလွန်အကျွံသောက်သုံးထားပုံပေါ်ပြီး ယာဉ်မောင်း သောက်သုံးထားတဲ့ သွေးတွင်း အရက်ပမာဏဟာ ၁၁၀ မီလီဂရမ်ထက် ကျော်လွန်နေခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ခရီးသည်ထိုင်ခုံမှာ လိုက်ပါလာတဲ့ သတင်းထောက် တက်ခ်ျပက်က စစ်ဆေးရေးရဲအရာရှိ ဘိုဝန် ဟက်သာချော့ကို အော်ဟစ်ပြီး နောက်ကနေ တိုက်ခိုက် ထိုးနှက်ဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမယ့် တခြားရဲအရာရှိတွေက အလျင်အမြန်ပဲ ထိန်းချုပ်လိုက်နိုင်တဲ့အတွက် သူ့ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့တာပါ။
အဆိုပါသတင်းထောက်က သူဟာ ချန်နယ်လ်နိုင်း သတင်းဌာနမှာ အလုပ်လုပ်နေတာ ဖြစ်လို့ ဘယ်သူကမှ သူ့ကို ခုလို မနှောင့်ယှက်သင့်ဘူးလို့ အော်ဟစ်ခဲ့တာပါ။
လက်ရှိမှာတော့ သူတို့ ၂ ဦးကို ပတ္တယားရဲစခန်းဆီ ခေါ်ဆောင်ကာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပတ္တယားဝမ်းသတင်းမှာ ဖော်ပြပါတယ်။
4 years Ago