အရက်တု

February 24, 2019

အိန္ဒိယတွင် အရက်အတုကြောင့် သေဆုံးသူ ၁၅၀ ရှိပြီ၊ သေဆုံးသူ ထပ်တိုးနိုင်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အာသံပြည်နယ်မှာ တရားမဝင်ထုတ်လုပ်တဲ့ အရက် သောက်မိအပြီး သေဆုံးသူ အရေအတွက် အယောက် ၁၅၀  ရှိသွားပြီဖြစ်ပြိး ၁၇၀ ကျော် ဆေးရုံတင်ထားရပါတယ်။ နောက်ထပ် လူနာအသစ်တွေလည်း ရောက်လာနေတုန်းပဲလို့ အာသံပြည်နယ် ကျန်းမာရေး ဝန်ကြီးက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ် မတိုင်ခင်ကလည်း အိမ်နီးချင်း ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်နဲ့ ဥတ္တရာခန်း ပြည်နယ်တွေမှာ အရက်အဆိပ်သင့်လို့ လူ အယောက် ၁၅၀ ခန့် သေဆုံးခဲ့ ပါသေးတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းက တရားမဝင်ထုတ်တဲ့ အရက်ကို လူအယောက် ၁၅၀၀ လောက် သောက်မိခဲ့ကြပြီး လူအယောက် ၁၅၀ လောက် သေဆုံးခဲ့ပြီးပြီလို့ လက်ရှိ အာဏာရပါတီက ဒေသန္တရ လွှတ်တော်အမတ်က ပြောပါတယ်။ တချို့ လူနာတွေက အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဆေးရုံရောက်လာတဲ့ လူတွေက ဆိုးဆိုးရွားရွား အော့အန်နေပြီး ရင်ဘတ် အလွန်အမင်း နာကျင်တာနဲ့ အသက်ရှူရခက်တဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ဆရာဝန် ရာတူးလ် ဘော်ဒိုလွိုင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ သေဆုံးမှုတွေကို စစ်ဆေးဖို့ အာသံဝန်ကြီးချုပ်က အမိန့်ထုတ်ထားပါတယ်။ တရားမဝင် အရက်ရောင်းမှုနဲ့ အမျိုးသားတယောက်ကို ပြည်နယ်ရဲတွေက ဖမ်းထားပြီး အရက်ရောင်းချတာကို သေချာမစစ်ဆေးတဲ့ ဌာနဆိုင်ရာ အရာရှိ ၂ ယောက်ကို ရာထူးက ရပ်ဆိုင်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဆိပ်သင့် အရက် မက်သနောကို အလွန်အကျွံ သောက်မိရင် မျက်စိကွယ်တာ၊ အသည်းပျက်စီးတာနဲ့ သေဆုံးတာတွေ ဖြစ်စေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် အရက်အဆိပ်သင့်မှုကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးလေ့ ရှိပါတယ်။ နှစ်စဉ် အရက် လီတာပေါင်း ငါးဘီလျံ ထုတ်လုပ်တယ်လို့ ခန့်မှန်းထားပြီး ၄၀ ရာခိုင်နှုန်းက တရားမဝင် ထုတ်လုပ်တာလို့ အိန္ဒိယ နိုင်ငံတကာ ဝိုင်နဲ့ အရက်အသင်းက ပြောပါတယ်။
2 years Ago
Up