အရက်

February 24, 2019

အိန္ဒိယတွင် တရားမဝင်အရက်ကြောင့် သေဆုံးသူ ၉၈ ဦး ရှိပြီ၊ အရာရှိ ၂ ဦးကို ရာထူးမှဖယ်ရှား

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အာသံပြည်နယ်မှာ တရားမဝင် ထုတ်လုပ်တဲ့ အရက် သောက်မိအပြီး သေဆုံးသူ အရေအတွက် ၉၈ ယောက် ရှိသွားပါပြီ။ တခြားလူ အနည်းဆုံး အယောက် ၂၀၀ ကျော်လောက် ဆေးရုံတင်ထားရတယ်လို့ အာသံပြည်နယ် အစိုးရက ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ် မတိုင်ခင်ကလည်း အိမ်နီးချင်း ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်နဲ့ ဥတ္တရာခန်း ပြည်နယ်တွေမှာ အရက်အဆိပ်သင့်လို့ လူအယောက် ၁၀၀ လောက် သေဆုံးခဲ့ ပါသေးတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းက တရားမဝင် ထုတ်တဲ့ အရက်ကို သောက်အပြီး လူတွေ စတင်နေမကောင်းဖြစ်ခဲ့တာလို့ ဂိုလာဂတ်ထ် ခရိုင် ဒုကော်မရှင်နာ မင်းကြီးက ပြောပါတယ်။ တချို့ လူနာတွေက အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဆေးရုံရောက်လာတဲ့ လူတွေက ဆိုးဆိုးရွားရွား အော့အန်နေပြီး ရင်ဘတ် အလွန်အမင်း နာကျင်တာနဲ့ အသက်ရှူရခက်တဲ့ ဝေဒနာတွေ ခံစားနေရတယ်လို ဆရာဝန် ရာတူးလ် ဘော်ဒိုလွိုင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ သေဆုံးမှုတွေကို စစ်ဆေးဖို့ အာသံဝန်ကြီးချုပ်က အမိန့်ထုတ်ထားပါတယ်။ တရားမဝင် အရက်ရောင်းမှုနဲ့ အမျိုးသားတယောက်ကို ပြည်နယ်ရဲတွေက ဖမ်းထားပြီး အရက်ရောင်းချတာကို သေချာမစစ်ဆေးတဲ့ ဌာနဆိုင်ရာ အရာရှိ ၂ ယောက်ကို ရာထူးက ရပ်ဆိုင်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဆိပ်သင့် အရက် မက်သနောကို အလွန်အကျွံ သောက်မိရင် မျက်စိကွယ်တာ၊ အသည်းပျက်စီးတာနဲ့ သေဆုံးတာတွေ ဖြစ်စေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် အရက်အဆိပ်သင့်မှုကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးလေ့ ရှိပါတယ်။ အိန္ဒိယမှာ နှစ်စဉ် အရက် လီတာပေါင်း ငါးဘီလျံ ထုတ်လုပ်တယ်လို့ ခန့်မှန်းထားပြီး ၄၀ ရာခိုင်နှုန်းက တရားမဝင် ထုတ်လုပ်တာလို့ အိန္ဒိယ နိုင်ငံတကာ ဝိုင်နဲ့ အရက် အသင်းက ပြောပါတယ်။
2 years Ago

အိန္ဒိယတွင် တရားမဝင်ချက်အရက်ကြောင့် ၈၄ ဦးသေ၊ ၂ဝဝ ခန့် ဆေးရုံတင်ပို့

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ တရားမ၀င် ချက်လုပ်တဲ့ အရက် သောက်ပြီး လူ ၈၄ ဦးထက်မနည်း သေဆုံးကာ ၂၀၀ ၀န်းကျင်ကို  ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ အစိုးရ၀န်ကြီးတဦးက ဖေဖော်ဝါရီ ၂၃ ရက်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဆိုးဆေးပါတဲ့ အရက်ကို သောက်လို့ လူ ၁၀၀ ကျော် သေဆုံးပြီး သီတင်းနှစ်ပတ်အတွင်းမှာ အခုလိုသေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီလို တရားမ၀င်ချက်လုပ်ထားတဲ့ အရက်တွေကို စုံစမ်းစစ်ဆေးနေပြီး ဖမ်းဆီးမှုတွေလည်း လုပ်ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါ ဖြစ်ရပ်နှစ်ခုကနေ စုစုပေါင်း သေဆုံးတဲ့ အရေအတွက်ဟာ ၂၀၁၁ ခုနှစ် ဖြစ်ရပ် နောက်ပိုင်းလူ  အသေအပျောက် အများဆုံး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း ဘန်ဂေါပြည်နယ် အနောက်ပိုင်းမှာ အလားတူ အရက်ပုန်းသောက်ပြီး လူ ၁၇၂ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အများစုဟာ နာမည်ကြီးး အရက်တွေကို မတတ်နိုင်တာကြောင့် အရက်ပုန်းလို့ခေါ်တဲ့ တရားမ၀င်ချက်လုပ်တဲ့ အရက်ကို သောက်သုံးပြီး သေဆုံးတာတွေ မကြာမခဏ  ဖြစ်လေ့ရှိပါတယ်။
2 years Ago

April 12, 2018

အင်ဒိုနီးရှားတွင် အားပြင်းအရက်ကြောင့် ၈၂ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင်ရောင်းချတဲ့ အားပြင်းအရက် သောက်မိတာကြောင့် ဧပြီ ၁၁ ရက်နေ့က အနည်းဆုံး လူ ၈၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ဂျကာတာက ၃၁ ဦးနဲ့ အိမ်နီးချင်း ဂျာဗားပြည်နယ်က ၅၁ ဦး ပါဝင်ပါတယ်။ အဲဒီအရက်ထဲမှာ မက်သနောဓာတ်နဲ့အတူ အယ်လ်ကိုဟော ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် အလွန်ပြင်းထန်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး နောက်ထပ် ၂ ဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးဟာ အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏ ဖြစ်လေ့ရှိပြီး အခုသေဆုံးမှုကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အများဆုံးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဒေသတွင်းချက်တဲ့ အရက်ကို သောက်မိပြီး လူ ၃၆ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up