အယ်ဗလင်း

October 26, 2020

အစဉ်အလာမရှိခဲ့တဲ့နေရာတခုအတွက် အစဉ်အလာတွေအောက်က ထိုးဖောက်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း (ဆောင်းပါး)

ကယားပြည်နယ်ဟာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတွေကို လက်ကိုင်ကျင့်သုံးနေကြဆဲ ဒေသတစ်ခုဖြစ်ပါတယ်။ တချို့သော ဓလေ့ထုံးတမ်းတွေဟာ အမျိုးသမီး၊ အမျိုးသား ခွဲခြားဆက်ဆံသလိုဖြစ်နေတာတွေလည်းရှိပါတယ်။ ရိုးရာအရရော ဘာသာရေးအရပါ အမျိုးသမီးတွေအပေါ်ခွဲခြားလာရာကနေ လူ့အသိုင်းအဝိုင်းထဲထိ စိမ့်ဝင်လာခဲ့ပြီး ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်မရှိတာ၊ အမွေဆက်ခံခွင့်မရှိတာ စတဲ့ ခွဲခြားမှုတွေကို မေးခွန်းထုတ်ကြတာတွေလည်းရှိပါတယ်။ လူသိများ ထင်ရှားပြီး ကယားလူမျိုးတို့ အထွတ်အမြတ်ထားရာ ရိုးရာပွဲတော်ဖြစ်တဲ့ ကေ့ထိုးဘိုးပွဲတော်မှာဆိုရင်လည်း အမျိုးသမီးတွေဟာ မြင့်မြတ်လှတဲ့ တံခွန်တိုင်ကို ကိုင်တွယ်ထိတွေ့ခွင့်မရှိတာ၊ ပရဝဏ်အတွင်းကို အမျိုးသမီးတွေ သွားလာခွင့်မရှိတာ စတဲ့ အယူအဆတွေကို အခုချိန်ထိ ယုံကြည်နေကြဆဲဖြစ်ပါတယ်။ “ကျမတို့တွေရဲ့ တကယ့် အထွတ်အမြတ်ထားတဲ့ ကရင်နီရဲ့ သင်္ကေတအောက်မှာ သိသာထင်ရှားစွာ အမျိုးသမီးတွေကို ခွဲခြားနေတာကတော့ အဲ့ဒီတချက်ရှိတယ်။ ကျေးရွာတွေမှာဆိုလည်း နေထိုင်တဲ့ အသိုင်းအဝိုင်း နေရာကို ချဲ့ထွင်တဲ့ အပိုင်းမှာ လူထုတွေကို ပေးတဲ့ အခန်းကဏ္ဍတွေမှာဆို အမျိုးသမီးတွေဆို မရဘူး အမျိုးသားတွေပဲ မြေကွက်အသစ် ရကြတယ်။ ဒီလိုဟာတွေက ဒီဒေသမှာရှိနေတုန်းပဲ၊ မြို့ပေါ်မှာလည်း ရှိနေတယ်” လို့ အယ်ဗလင်းက ပြောပါတယ်။ အယ်ဗလင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကနေ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် လွှတ်တော်ပြင်ပကနေ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်လာရာကနေ အခုတော့ လွှတ်တော်အတွင်းကို ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ဆယ်တန်းအောင်ပြီးကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်အနေနဲ့ကို တော်တော်လေးကို နှစ်အကြာကြီးကိုပါဝင်ခဲ့တယ်။ ဒီကြားထဲမှာ လက်နက်ကိုင်တော်လှန်ရေးအုပ်စုရဲ့နိုင်ငံရေးဖြတ်သန်းမှုကနေပြီးတော့ သော်လည်းကောင်း၊ CSOs တွေနဲ့အတူဖြတ်သန်းရင်းနဲ့သော်လည်းကောင်းဆိုတော့ ဒီနိုင်ငံရေး ဖြတ်သန်းမှုတွေပါလာခဲ့တယ်။ ကျွန်မတို့ ၂၀၀၈ ဖွဲ့စည်းပုံမကြိုက်သော်လည်းပဲ တစ်နည်းတစ်လမ်းနဲ့ကို လွှတ်တော်ထဲကနေပြီးတော့မှ ကျွန်မတို့ရဲ့ လိုချင်တဲ့ပန်းတိုင်ကို သွားရမယ်ဆိုတဲ့ ခံယူချက်ကရောက်လာတယ်ပေါ့နော်” လို့သူမကဆိုပါတယ်။ “အယ်ဗလင်း ”ဟာ ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်အသိမှတ်မပြုခင်ကာလအထိ လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်)မှာ ဒုတိယညွှန်ကြားရေးမှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ လူထုကျန်းမာရေးနဲ့ဖွံ့ဖြိုးရေးကွန်ရက်ဆိုတာကတော့ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့အစည်း ၆ ဖွဲ့ ရဲ့ ကျန်းမာရေးဌာနတွေကို စုစည်းထားတာကာ ၂၀၁၂ ခုနစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ ကျန်းမာရေးအဖွဲ့အစည်းဖြစ်ပေါ်လာဖို့ဖြစ်ပြီး အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ ပူးတွဲလုပ်ဆောင်မှုတွေကို မြှင့်တင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ကရင်နီမျိုးနွယ်စုတွေ နေထိုင်ရာ ရှမ်း ကယား နပ်စပ်နဲ့ ကယား ကရင်ပြည်နယ် နယ်စပ် ဒေသတွေမှာလည်း ကျန်းမာရေးဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေတာဖြစ်ပြီး ရုံးချုပ်ကတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးတဲ့အခါ တစ်ရွာဝင် တစ်ရွာထွက် နယ်လှည့်ကျောပိုးအိတ်စနစ်နဲ့သွားရောက်တာရှိသလို ဝေးလံပြီး အစိုးရရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမမီတဲ့ ဒေသတွေမှာတော့ အထိုင်ဆေးခန်းတွေကို ဖွင့်လှစ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေကိုပေးနေတာဖြစ်ပါတယ်။ နယ်လှည့်ကျောပိုးအိတ်အတွက် ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းပေါင်း ၄၀၀ ကျော်ခန့်ရှိပြီး အထိုင်ဆေးခန်းကတော့ ၂၆ ခုထိ ဖွင့်လှစ်ထားရှိနိုင်ခဲ့တာဖြစ်ပါတယ်။ “ကျမတို့တွေက ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေးမှာ ကျန်းမာရေးဝန်ထမ်း အနေနဲ့ တထောင့်တနေရာက ပါဝင်ခြင်းဖြစ်တယ်။ လူထုနဲ့ကိုက်ညီတဲ့ ကျန်းမာရေးစနစ်တွေ ဖော်ဆောင်ပေးနိုင်ဖို့အတွက် ဒါတွေကို ကြိုးစားသွားရမယ်။ လူထုဦးဆောင်တဲ့ကျန်းမာရေးကွန်ယက်ဖြစ်လာဖို့အတွက် ကျမတို့တွေ ရည်ရွယ်ချက်တွေ၊ ဖယ်ဒရယ် ကျန်းမာရေးစနစ် ပေါ်ပေါက်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းပြီး အကောင်ထည်ဖော်ဆောင်ရွက်နေတာဖြစ်တယ်” လို့ ဆိုပါတယ်။ “အယ်ဗလင်း ”ဟာ ကျန်းမာရေး ရှုထောင့်ကနေ နိုင်ငံရေးလုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့လည်း တတ်ကြွလှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူ တစ်ယောက်လို့လည်း ဆိုရမှာပါ။ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦးမှာ ပါဝင်လုပ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံ နယ်စပ်မှာ သွားရောက် ပညာသင်ကြားကာ နိုင်ငံရေးကိုလည်းလေ့လာရင်း သူမရဲ့ အမျိုးသားနဲ့ စုံစည်းဖြစ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အကြာက စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ၂၀၀၈ မေလမှာ ကယားပြည်နယ်ထဲက လူငယ်တချို့ဟာ စစ်အစိုးရက အတင်းအကျပ် ပြဌာန်းဖို့ကြိုးစားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ပြည်နယ်ထဲမှာ လုပ်ခဲ့ကြပါတယ်။ အဲ့ဒီလှုပ်ရှားမှုကြောင့် နောင်မှာ သူ့အမျိုးသားဖြစ်လာမယ့် “ခွန်ဘီထူး(ခ) လွီးစီငြိမ်း” ကိုတော့ ထောင်ဒဏ် ၃၇ နှစ်ချခဲ့ပါတယ်။ ၂၀၁၀ ရောက်တော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာမှာ “ခွန်ဘီထူး(ခ) လွီးစီငြိမ်း” လည်းပြန်လွတ်လာခဲ့ပါတယ်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်၊ လူငယ်တစ်ယောက်အနေနဲ့ လူငယ်နဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့အရေးအရာတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး သူမနဲ့ အယူအဆတူ၊ ရည်မှန်းချက်တူတဲ့ “ခွန်ဘီထူး(ခ) လွီးစီငြိမ်း” ကိုဘဝလက်တွဲဖော်အဖြစ် “အယ်ဗလင်း” ကရွေးချယ်ခဲ့ပြီး သူတို့နှစ်ဦးဟာ ၂၀၁၃ ခုနစ်မှာ အိမ်ထောင်ပြုခဲ့ပါတယ်။ အချိုးအကွေ့များလှတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေနဲ့ ကြုံခဲ့ပေမယ့် “အယ်ဗလင်း” ရော သူ့အမျိုးသားပါ နိုင်ငံရေးလောကထဲကနေ ထွက်မသွားခဲ့ဘဲ ပိုပြီးရှေ့တိုးလုပ်ကြဖို့သာဆုံးဖြတ်ခဲ့ကြပါတယ်။ အသက် ၃၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် “အယ်ဗလင်း” အပြင် သူ့အမျိုးသားပါ လွှတ်တော်အမတ်အဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်အရွေးခံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လင်မယားနှစ်ယောက်ဟာ သီးခြားပါတီတွေကနေ ဝင်ပြိုင်ကြမှာဖြစ်ကြပါတယ်။ “အယ်ဗလင်း”က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှာ ဝင်ပြိုင်မှာဖြစ်ပြီး သူ့အမျိုးသား “ခွန်ဘီထူး(ခ) လွီးစီငြိမ်း” ကတော့ ကယန်းအမျိုးသားပါတီ ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော် မယ်စဲ့မြို့နယ်မဲဆန္ဒနယ် မှာဝင်ပြိုင်မှာဖြစ်ပါတယ်။
“အယ်ဗလင်း” သာအနိုင်ရခဲ့မယ်ဆိုရင် ကယားပြည်နယ်လွှတ်တော်ထဲ ပထမဆုံးရောက်တဲ့အမျိုးသမီးအမတ် စာရင်းဝင်မှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ကျင်းပခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲနှစ်ခုလုံးမှာ ကယားပြည်နယ် လွှတ်တော်မှာ အမျိုးသမီးတယောက်တလေမှ အနိုင်မရခဲ့ပါဘူး။ “ပညာရေးနဲ့ ကျန်းမာရေးကို ဦးစားပေးပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့(ရည်မှန်းထားတယ်) လွှတ်တော်ထဲ ပါဝင်ခဲ့ရင်တော့ ဒါတွေကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်သွားမယ့် စီစဉ်ထားပါတယ်” လို့ သူသာအနိုင်ရခဲ့မယ်ဆိုရင် ဦးစားပေးလုပ်မယ့်အစီအစဉ်တွေကို “အယ်ဗလင်း” ကပြောပါတယ်။ သူမရော သူမရဲ့ အမျိုးသားရောက နိုင်ငံရေးလှုပ်ရှားသူတွေဖြစ်တာကြောင့် မိသားစုအတွက် ဝင်ငွေအတည်တကျမရှိပဲ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေခဲ့ရတယ်လို့ ဆိုရမှာပါ။ သူမရဲ့ အမျိုးသားကတော့ သူရွေးချယ်ရာ လွှတ်တော်နိုင်ငံရေးအတွက် တစိုက်မတ်မတ်ပြင်ဆင်လုပ်ဆောင်နိုင်ပေမယ့် သူမကတော့ အဖွဲ့အစည်းအလုပ်တဖက်နဲ့ မိသားစုတာဝန်ကိုလည်း အချိန်မျှတအောင် ဆောင်ရွက်နေရသူဖြစ်ပါတယ်။ “နိုင်ငံရေးမှာကို လွှတ်တော်နိုင်ငံရေးသွားဖို့လုပ်တဲ့အချိန်မှာ ခုလိုရွေးကောက်ပွဲကာလတွေမှာ လူထုကိုပိုပြီးတော့ အချိန်ပေးရတဲ့အချိန်တွေမှာ သားသမီးကို ချန်ထားရတဲ့ကိစ္စတွေ ဒါတွေလည်း တော်တော်လေးမလွယ်ကူတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်တယ်ပေါ့နော်။ ဒါကတော့ အိမ်ထောင်ရှင်နိုင်ငံရေးလုပ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ အနေအထားပေါ့နော်” လို့ သူမကဆိုပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံရေးလုပ်ဆောင်တဲ့အခါ စိန်ခေါ်မှု များစွာရှိတဲ့အထဲမှာ မိသားစု တာဝန်ဝတ္တရားတွေ ကလည်း တစ်ခုအပါအဝင်ဖြစ်သလို လူမှုပတ်ဝန်းကျင်ရဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းအပေါ်မှာ ထားရှိတဲ့ အမြင်သဘောထားတွေကလည်း အဟန့်အတားတွေဖြစ်စေပါတယ်။ “ကျွန်မတို့လူ့အသိုင်းအဝိုင်းမှာ အမျိုးသားကြီးစိုးရေးတွေက နေရာတကာမှာကို ရှိနေတုန်းပဲ။ ယောက်ျားတွေနဲ့အတူတူ ရင်ဘောင်တန်းဖို့က တချိန်လုံး ဓလေ့ထုံးစံတွေ၊ ဘာသာတရားတွေလူ့ပတ်ဝန်းကျင်တွေရဲ့ ကြားမှာ ဆိုတော့ အခက်ခဲတွေရှိတယ်။ လူထုတွေနဲ့ တွေ့တဲ့အချိန်မှာ တစ်ဦးချင်းစီရဲ့ အရည်အချင်းနဲ့ ရပ်တည်မှုပေါ်မှာ တော်တော်လေး အားပေးအားမြောက်ရှိတယ်ဆိုပေမယ့် အမျိုးသမီးတွေ အတွက် စိန်ခေါ်မှုတွေကတော့ နေရာပေါ်မှုတည်ပြီး ရှိနေသေးတယ်လို့ ကျမသုံးသပ်လို့ရပါတယ်” လို့လည်း သူမကဆိုပါတယ်။ တိုင်းရင်းသားဒေသက အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာပဲဖြစ်ပါတယ်။ တောင်ပေါ်ဒေသဖြစ်သလို ဝေးလံတဲ့ ကျေးရွာတွေအထိ စည်းရုံးရေးဆင်းဖို့၊ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့မှုရှိဖို့ဆိုတာ ဖွံဖြိုးပြီး ဒေသတွေမှာလို မလွယ်ကူလှပါဘူး။ “တချို့သောမြို့နယ်တွေမှာကိုက ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာကို ၂ ကြိမ် ၃ ကြိမ်လောက် လူထုတွေနဲ့ တွေ့နိုင်ပေမယ့် ကျမတို့တွေက ရွာအားလုံးကို တကြိမ် တွေ့နိုင်ဖို့တောင် မနည်းကို ကြိုးစားရမယ့် အနေအထားဖြစ်တယ်။ ရွာများတယ်။ ဝေးလံခေါင်ဖြားတဲ့ဒေသဖြစ်တယ်။ သွားရေးလာရေးအရမ်းခက်ခဲတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နယ်စွန်နယ်ဖျားမှာရှိတဲ့ ကျေးလက်ဒေသတွေမှာ မလုပ်ခဲ့ဘူးဆိုတဲ့ အရာတွေကို ကျမတို့ သုံးသပ်လို့ရတယ်” လို့ ဆိုပါတယ်။ မိသားစုကတစ်ဖက်၊ ရွေးကောက်ပွဲကတစ်ဖက်နဲ့ အမျိုးသမီးတွေ အနိုင်ရခဲ့တဲ့ အစဉ်အလာမရှိခဲ့တဲ့ ကယားပြည်နယ် လွှတ်တော်ထဲက ထိုင်ခုံတစ်နေရာရဖို့အတွက်က “အယ်ဗလင်း” အဖို့ အခြားပြိုင်ဘက်တွေထက် ပိုပြီးကြိုးစားနေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲတွေကြားထဲကမှ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ အဆုံးအဖြတ်ချရတဲ့ နေရာတွေမှာ အမျိုးသမီးတွေ ရှိနေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်လာခြင်းရဲ့အချက်တွေထဲမှာ အဓိက တူညီတဲ့အချက်ကတော့ နိုင်ငံရေးအခင်းအကျင်းထဲမှာ အမျိုးသမီးဦးဆောင်သူတွေ၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီအချက်ကို လက်ကိုင်ထားရင်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေဟာ နောက်ထပ် အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ရေးအတွက် လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ အယ်ဗလင်း က တိုက်တွန်းထားပါတယ်။ “ဘယ်ပါတီက အမျိုးသမီးတွေတက်တက် အားလုံးဝိုင်းပြီး Support လုပ်ဖို့ မီးမောင်းထိုးပြချင်တယ်။” လို့ သူမကဆိုပါတယ်။ ခင်စုကြည် hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
1 year Ago
Up