အယ်ဒီတာ အာဘော်

A d v e r t i s e m e n t With Us

January 1, 2021

၂၀၂၁ ကောင်းသောနှစ်သစ် ဖြစ်စေသောဝ်… (အယ်ဒီတာအာဘော်)

နိုင်ငံတော်အား သက်ဝင်ရှင်သန်မှု ဖြစ်စဉ်အဖြစ်ကြည့်လျှင် မျဉ်းဖြောင့်တခုကား မဟုတ်။ အချိုင့်အဝှမ်း အမို့အမောက် အကွေ့ကောက်တို့ကားရှိစမြဲ။ ‘ဒွန္ဒယာ’လောကကြီးဟု ဆိုရလောက်အောင် အဆိုးအကောင်းတို့၏ ဒွန်တွဲ ဖြစ်စဉ်တခုကို မြင်တွေ့ရမြဲ။ အပြုသဘောနှင့် အဖျက်သဘောတို့လည်း အတူတွဲ အားပြိုင်ကြမြဲပင်။ အပြုသဘောတို့ အားသာလျှင် အကောင်းဘက်သို့ရောက်ရှိပြီး နိုင်ငံတော်လည်း စည်ပင်သာယာလေ့ရှိ၏။ The Greatest happiness of Greatest Number အဖြစ် ပြည်သူလူထုအပျော်ကို မြင်တွေ့ခွင့်ရခြင်းသည်ပင် ကြီးမြတ်သော ဆုလာဘ်တခုဟု ဆိုရမည်သာ။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းခြင်းကလည်း ဖြစ်မြဲဓမ္မတာ။ နှစ်ဟောင်း၏ အညစ်အကြေး အစွန်းအထင်းတို့ကို နှစ်သစ်မှာ သယ်ဆောင်မယူလိုခြင်းကလည်း လူတိုင်းမျှော်လင့် တောင့်တသောဆန္ဒတခုပင်။ သို့ရာတွင် မိမိဆန္ဒကို မိမိတို့ကိုယ်တိုင် မေ့လျော့၍ မောဟ၌ပျော်မွေ့တတ်ခြင်းကလည်း ‘ဟေတုပစ္စယ’တခုပင် ဖြစ် လေသလော မဆိုနိုင်။ ကုန်လွန်ခဲ့သည့် ကာလအပိုင်းအခြားဖြစ်သည့် ၂၀၂၀ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသော နှစ်တခု ဖြစ်ခဲ့သည်ကိုမူ ငြင်းမရ။ ကိုဗစ်ဟုခေါ်သော သဘာဝကပ်ရောဂါဆိုးကိုရင်ဆိုင်ခဲ့ရသည်။ အလုပ်ပျက် အကိုင်ပျက် စီးပွားပျက်ကပ်ပင် ဆိုက်လုလုဖြစ်ခဲ့သည်။ လူစုလူဝေးနှင့် ပျော်ရွှင်ဖွယ်ရာ ဖျော်ဖြေမှု ဖြစ်စဉ်တို့လည်း တုံ့ဆိုင်းခဲ့ ရသည်။  အိုးမကွာအိမ်မကွာ အလုပ်လုပ်ခဲ့ရသော်လည်း ထင်သလောက်ခရီးမပေါက်ခဲ့။ ခက်ခဲသောနှစ်ဟုဆိုရ မည်ပင်။ ယင်းဖြစ်စဉ်ကြားထဲမှ အစဉ်အလာမပျက် ရွေးချယ်တင်မြှောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာလည်း အဆိုးထဲမှ အကောင်းတခုဖြစ်ခဲ့သည်။ မကြာမီအတွင်း ခိုင်လုံမဲအရေအတွက်နှင့် ကိုယ်စားလှယ်အများဆုံးရသူတို့ စုပေါင်း၍ အစိုးသစ် တရပ်ပေါ်ပေါက်လာပေတော့မည်။ ‘အမျိုးသား ညီညွတ်ရေးအစိုးရသစ်’တခုကို ဖေါ်ဆောင်မည် ဆိုသော သတင်းတို့လည်း ထွက်ပေါ်လာခဲ့သည်။ ဤသည်ပင် ရင်ကြားစေ့ရေးမူသစ်တခု ဖြစ်လာနိုင်ဖွယ်ရာရှိနေသည့်အပြင် မပြီးပြတ်သေးသော ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး၏ ခြေဆင်းလည်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုကြသည်။ လူမျိုးစုအစုံစုံဖြင့် အမျိုးသားအစိုးရသစ် တခုဖြစ်လာမည်ဆိုပါက ‘ပြည်တွင်းငြိမ်းချမ်းရေး’ရောင်ခြည်လည်း ကွန့်မြူးလာနိုင်ဖွယ်ရာရှိသည်ဟူ၍ ပြည်သူလူထုတို့က မျှော်လင့်နေကြသည်။ သို့စေကာမူ မြန်မာပြည်သူတို့သည် မျှော်လင့်ချက်မဲ့နေသူများမဟုတ်သကဲ့သို့ မျှော်လင့်ချက်ကို လှုပ်ရှားမှုမဲ့ ထိုင်စောင့်နေသူများမဟုတ်သည်ကိုတော့ သတိချပ်ကြရပေလိမ့်မည်။   အကောင်းအတွက်မျှော်လင့်သကဲ့သို့ အဆိုးအတွက်လည်းပြင်ဆင်ခြင်းမှာလည်း မြန်မာတို့အနေဖြင့်နှစ်ပေါင်း ရာချီကြာအောင် မျိုးဆက်တဆက်ပြီးတဆက်လက်ဆင့်ကမ်းခဲ့ကြသော အမွေတခုပင်ဖြစ်လာခဲ့သည်။ အကောင်းကိုလည်း ကြုံတွေ့ခဲ့ရဖူးသကဲ့သို့ အဆိုးဆုံးကာလတွေလည်း ဖြတ်သန်းခဲကြဖူးပြီ။ ဤသို့ ကြုံတွေ့ခဲ့ရသည့် နိုင်ငံ ရေးလောကဓံအပေါင်းအား သင်ခန်းစာယူ၍ နှစ်သစ်တခုကို ကြိုဆို ချီတက်ကြရပေအုံးမည်။ မလိုအပ်သည်တို့ကို ဖယ်ကျဉ်၍ လိုအပ်သည်တို့ကို ထပ်ပေါင်းဖြည့်စွက်ကာ ကောင်းမွန်သော အစိုးရသစ်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဖြစ်ပေါ်လာပါစေကြောင်း မိမိတို့ ဒီဗွီဘီ ဝိုင်းတော်သားများက ဆန္ဒပြုလိုက်ရပါသည်။   မြန်မာပြည်သူအပေါင်း ၂၀၂၁ ကောင်းသောနှစ်သစ်ဖြစ်စေသောဝ်…။
2 months Ago

April 2, 2020

မကြောက်ဘဲလည်းမနေခြင်းဖြင့် ကိုဗစ်ကို ရင်ဆိုင်ကြ (အယ်ဒီတာ အာဘော်) 

COVID-19 ရောဂါက တကမ္ဘာလုံးကို အကြီးအကျယ်ခြိမ်းခြောက်ထားချိန်၊ အင်အားကြီး အနောက်နိုင်ငံကြီးများပင်လျှင် အပြင်းအထန်ရုန်းကန်ကာကွယ်နေရချိန်ဖြစ်သည်။ ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် လူအများစု အိမ်ထဲကအိမ်ပြင်မထွက်ကြတော့။ လမ်းတွေရှင်း၊ ကားတွေရှင်းနှင့် ဘတ်စ်ကားလိုင်းအချို့ လူမစီးတော့သဖြင့် ရပ်နားလိုက်ရသည်အထိ လူများက လမ်းပေါ်မထွက်ကြဘဲ ရောဂါ ကြိုတင်ကာကွယ်နေကြသည်။ ဧပြီ ၁ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးစဉ်ပြောခဲ့သည့် စကားတခွန်းရှိသည်။ "ခြောက်တိုင်းလည်းမကြောက်နဲ့ မကြောက်ဘဲလည်း မနေနဲ့"။ ခြောက်တိုင်းလည်း မကြောက်နဲ့ ဆိုသည့်စကားက ရှင်းသည်။ မကြောက်ဘဲလည်း မနေနဲ့ဆိုသည့်စကားက လေးနက်သည်။ ကြောက်စရာရှိတာကို အသိ၊ သတိနှင့်ကြောက်ပြီး မိမိလုပ်စရာရှိတာကို ဆက်လုပ်ရန် ဆိုလိုရင်းဖြစ်သည်။ လူဦးရေ တသန်းကျော်ရှိသော ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ယခုလက်ရှိ ကိုဗစ်ကာကွယ်ထိမ်းချုပ်ကုသရေးလုပ်ဆောင်နေသည့် ဆရာဝန်က သူ့မြို့နယ်ထဲတွင် ရောဂါပိုးအန္တရာယ်ကို ကြောက်ပြီး ကျန်းမာရေးအသိရှိသူက ထက်ဝက် ရှိပြီး၊လုံး၀ မကြောက်သူက ထက်ဝက်၊ ငါးဆယ် ငါးဆယ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောရာက အတိုင်ပင်ခံက “ခြောက်တိုင်းမကြောက်နှင့်၊ မကြောက်ဘဲလည်း မနေနှင့်” ဆိုသောစကားကို ဆိုခြင်းဖြစ်သည်။ ယင်းနောက် ကြောက်ကြောက်နှင့်ပဲ လုပ်စရာရှိတာ ဆက်လုပ်ကြပါဟုလည်း အားပေးစကား ဆိုခဲ့သည်။ ဒီမတိုင်ခင်က ဒီဗွီဘီရုပ်သံ သတင်းထောက်များက လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ လူထုအကြားဆင်းကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး  သိသလား၊ ကြောက်သလား၊ ဘယ်ပုံဘယ်နည်းကာကွယ်ရမည်နည်း၊ ရောဂါသိပ်ဆိုးလာပါက မည်သို့ ရင်ဆိုင်မည်နည်းဟူသော မေးခွန်းများကို လိုက်မေးခဲ့သည်။  ရန်ကုန်က  လမ်းဘေးဈေးသည်များနှင့် တက္ကစီမောင်းသူများကဲ့သလို အခြေခံလူတန်းစားများ ကိုလိုက်မေးခြင်းဖြစ်သည်။ အံ့သြစရာကောင်းလောက်အောင်ပင် အများစုက ရောဂါကို မည်သို့မည်ပုံ ကာကွယ်ရမည်ကို သိနေကြသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်က ထိုသူတို့သည် တနေ့လုပ် တနေ့စားဘဝများဖြစ်သဖြင့် ရောဂါအန္တရာယ်ကို သိပင်သိငြား အိမ်ပြင်ထွက် ရောင်းဝယ်ဖောက်ကား ပြေးလွှားနေရခြင်းပင်။ ကြောက်စရာကောင်းသည်ကတော့ အခြေခံလူတန်းစားအများစုသည် COVID-19 ကို မကြောက်ဟု ဖြေဆိုကြခြင်းပင်ဖြစ်သည်။ တူညီသည်တခုရှိသေးသည်။ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မိမိတို့သည် တနေ့လုပ်တနေ့စားများဖြစ်နေသဖြင့် အိမ်ပြင်ထွက် အလုပ်လုပ်နေရဦးမည်ဟု ဖြေသည်။ ရောင်းရေးဝယ်တာများလည်း ကျဆင်းကာ အလုပ်အကိုင်များ မကောင်းကြတော့ခြင်းကလည်း တသံတည်းထွက်သည်။ ခြေခံလူတန်းစားများဖြေဆိုနေကြသည်ကို ကြည့်၍ ရောဂါ၏ ခြိမ်းခြောက်မှုကို မှန်းဆကြည့်နေမိသည်။ COVID-19 မကြောက်ကြသူများ၏ အခြေအနေကို လှမ်းကြည့်မိသောအခါ ရောဂါဖြစ်ပွားနှုန်းအမြင့်ဆုံးရောက်နေသည့် အမေရိကန်ပြည်ထောင်စုကို တွေ့မြင်ရသည်။ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားသူ ၉၂ဝဝဝဝ ကျော်၊ သေဆုံးသူ ၄၆ဝဝဝ ကျော် ရှိပြီး အမေရိကန်ပြည်ထောင်စုတွင်  ကူးစက်သူ ၂၁ဝဝဝဝ ကျော်နှင့် သေဆုံးသူ ၄၆ဝဝ ကျော်သွားပြီ ဖြစ်သည်။ အဓိက ဖြစ်ပွားနေသည့်  နယူးယောက်ပြည်နယ်တွင် ဖြစ်ပွားသူ ၈၃ဝဝဝ ကျော်၊ သေဆုံးသူ ၂ဝဝဝ ခန့် ရှိသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံ အမေရိကန်တွင် ရောဂါကူးစက်ခံရမှု ထိပ်တန်းရောက်အောင် မည်သို့ ဖြစ်ပွားခဲ့သနည်း။ COVID-19 စဖြစ်နေကတည်းက သူတို့နှင့် မဆိုင်သလို ပျော်ပါးခဲ့ကြ၊ လူစုလူဝေးနှင့် ပွဲတော်အမျိုးမျိုး ကျင်းပမြဲ ကျင်းပခဲ့ကြသည်ကို  တွေ့ရသည်။ မကြောက်ဘဲ နေခဲ့ကြ၍ဖြစ်သည်။ အီတလီနှင့် စပိန်နိုင်ငံများတွင်လည်း အလားတူပင်ဖြစ်သည်။  အသိ သတိနှင့် မကြောက်ဘဲလည်း မနေခဲ့၍ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး  လူအသက်များကို မျက်စိတမှိတ်အတွင်း တဖြည်းဖြည်းနုတ်ယူနေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးနှင့် ရင်ဆိုင်ရာတွင် ခြောက်တိုင်းလည်း မကြောက်နှင့် မကြောက်ဘဲလည်းမနေနှင့်ဟုသာ  နှိုးဆော်တိုက်တွန်းလိုက်သည်။
11 months Ago
Up