အယ်ဒီတာအာဘော်

January 29, 2021

ခေါင်းဆောင်ကောင်းဆိုတာ (အယ်ဒီတာအာဘော်)

ခေါင်းဆောင်’ဆိုသော ဝေါဟာရကို မြန်မာအဘိဓာန်က “အကြီးအမှူးပြုသည်။ ဦးဆောင်သည်” ဟု ဖွင့်သည်။  ‘ဦးဆောင်’ခြင်းဆိုသည်ကို ‘ရှေ့ဆောင်ရှေ့ရွက်ပြုသည်’ ဟုဆိုသည်။ ခေါင်းဆောင်ကို အင်္ဂလိပ်လို leader ဟူ၍ ခေါ်သည်။ သို့ဆိုရာတွင် အချို့က leader နှင့် Boss ကို အတူတူဟုထင်ကြသည်။ အမှန်မှာ ၎င်းနှစ်ခုတို့မတူညီကြ ပေ။ Boss ကို ‘အထက်လူကြီး’ဟူ၍လည်း အဓိပ္ပါယ်ရသည်။

Boss သည် ဌာနတခု၊ လုပ်ငန်းတခု၊ ကုမ္ပဏီတခုခု အသင်းအဖွဲ့အတခုခုတွင် အကြောင်းအမျိုးမျိုး ပုံစံတခုခုဖြင့် အထက်လူကြီးအဖြစ်ရောက်ရှိခဲ့ခြင်းသာဖြစ်သည်။ သူ့တွင် leadership ဟုခေါ်သော ‘ခေါင်းဆောင်မှု အရည် အသွေး ’ ရှိချင်မှရှိမည်ဖြစ်သည်။ ဆိုကြပါစို့ အစိုးရအဖွဲ့အစည်းများတွင် သမ္မတမှအပ ပညာရေး၊ လူမှုရေး၊ ကာကွယ်ရေး၊ လုံခြုံရေးစသဖြင့် ဌာနတခု၏ အထက်လူကြီးများကို ယင်းသို့အသုံးပြုနိုင်သည်။

အထက်လူကြီးဖြစ်ရုံနှင့် ခေါင်းဆောင်မဖြစ်နိုင်ပေ။ ဝါရင့်လုပ်သက်များပြီး အတွေ့အကြုံရှိတိုင်းလည်း ခေါင်းဆောင်မဖြစ်နိုင်။ တော်၊သိတတ်နေရုံဖြင့်လည်း ခေါင်းဆောင်မဖြစ်နိုင်။ လုပ်ပိုင်ခွင့်အာဏာရှိတိုင်းလည်း ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်ကို မပိုင်ဆိုင်နိုင်။ နိုင်ငံတနိုင်ငံအနေဖြင့်ကြည့်လျှင် ခေါင်းဆောင်သည် တဦးတည်းရှိရပေသည်။ ဥပဒေအရလည်း တဦးတည်းသာခေါင်းဆောင် အထွတ်အထိပ်အဖြစ်အသိမှတ်ပြုထားပေရာ အစိုးရအဖွဲ့တွင်ပါဝင်သည့် ဌာနအားလုံးရှိ အကြီးအကဲများမှာ အထက်လူကြီးများပင်ဖြစ်ကြသည်ဟု မှတ်ယူရာသည်။

ခေါင်းဆောင်မှုဆိုသည်မှာ အခွင့်အလန်းမဟုတ်။ အရည်အသွေးကိုခေါ်ခြင်းဖြစ်သည်။ ခေါင်းဆောင်တယောက်ဖြစ်သည်နှင့်  ကောင်းမွန်သောကိုယ်ရည်ကိုယ်သွေး၊ ရိုးသားဖြောင့်မတ်သော စိတ်နှလုံးသွင်းမှု၊ တာဝန်ယူလိုစိတ်၊ တာဝန်ခံစိတ်ရှိမှု၊ အခြေနေတခုတွင် ဖောက်ထွက်စဉ်းစားတတ်မှု၊ ကာလဒေသအတွင်း အဆင်ပြေ အချိန်မီအောင် စီမံခန့်ခွဲတတ်မှု၊ ဓမ္မဓိဋ္ဌာန် ရှုမြင်တတ်မှု၊ ပြတ်သားသောအဆုံးအဖြတ်ပေးနိုင်မှု၊ ပြဿနာတရပ်ကို ဖြေရှင်းပေးနိုင်စွမ်းရှိမှုတို့  ဖြစ်သည်။

အမြင်ကျဉ်းကျဉ်းဖြင့် အာဏာလုယူရန်တခုသာသိပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် စာနာစိတ်(empathy‌)မထား နိုင်သူသည် ခေါင်းဆောင်အင်္ဂါနှင့်မညီသော စရိုက်ရှိသူသာဖြစ်သည်။ ထိုလူမျိုးခေါင်းဆောင်မဖြစ်ထိုက်။ အဖွဲ့အစည်းတခု၏ အကြီးအကဲဖြစ်ခဲ့လျှင်လည်း ‘ရှေ့ဆောင်နွားလား ကွေ့ကောက်သွားသော် နောက်လိုက်အားလုံး အမိုက်တုံးတည့်’ ဆိုသကဲ့သို့ အဖွဲ့အစည်တခုလုံး နာမည်ဆိုးဖြင့် သမိုင်းအမဲစက်တင် ကျန်ရစ်တတ်ပေသည်။

ယင်းအချက်ကို သိမြင်သူတို့အနေဖြင့် မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကယ်တင်ရန် ထိုလူမျိုးကို အဖွဲ့အစည်း၏ အကြီးအကဲဖြစ်မှ ဖယ်ကျင်၍ စစ်မှန်သောအကြီးအကဲကို ရွေးချယ်ခန့်ထားနိုင်မှသာ ပြည်သူချစ်သောအဖွဲ့ အစည်းတခုအဖြစ် ရောက်ရှိမည်သာ။ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို စောင့်ရှောက်ရာရောက်ပေလိမ့်မည်။ သို့မှသာ ကောင်းမွန်သောအုပ်ချုပ်မှု (good governance) တခုကို ရနိုင်ပေသည်။

ဤသည်ကို သတိမူ၍ မြန်မာပြည်သူအပေါင်း စစ်မှန်သော ခေါင်းဆောင်မှုအောက်၌ ငြိမ်းချမ်းပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေကြောင်း တောင်းဆုပြုလိုက်ရပေသည်။

2 months Ago

January 25, 2021

ရွေးကောက်တင်မြှောက်ပွဲနှင့် မြန်မာနိုင်ငံ (အယ်ဒီတာအာဘော်)

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ၇၃ နှစ် ကျော်ပြီ။ ဤကာလအတွင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပနိုင်သည့် အကြိမ်အရေအတွက်မှာ ၇ ကြိမ်မျှသာရှိခဲ့သည်။ အလွန်သက်တမ်းနုသေးသည်ဟု ဆိုရမည်။ ကျန်နှစ်များသည် စစ်အုပ်ချုပ်ရေး နှစ်ကာလများသာ ဖြစ်သည်။ ထိုကာလ၌ ရွေးကောက်ပွဲမရှိ။ ရွေးကောက်ပွဲ ‘သုည’ နှစ်ကာလများဟု တင်စားရမည် ထင်ပါသည်။

အဆိုပါရွေးကောက်ပွဲ ၇ ကြိမ်ကို ပြန်လည်စိစစ်ကြည့်လျှင် ဖဆပလကာလ၌ ၁၉၅၂ နှင့် ၁၉၅၆ တို့တွင် နှစ်ကြိမ် ကျင်းပခဲ့သည်။ ၁၉၆၀ နှင့် ၁၉၉၀ တွင် စစ်အာဏာရှင်တို့က ဦးစီး၍ ရွေးကောက်ပွဲ နှစ်ကြိမ်နှင့် ပေါင်းလျှင် ၄ ကြိမ် ကျင့်ပခဲ့သည်။ ၂၀၁၀ တွင် ပဉ္စမအကြိမ်။ ၂၀၁၅တွင် ဆဌမအကြိမ်။ ၂၀၂၀ တွင် သတ္တမအကြိမ် ကျင်းပနိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဤ ၇ ကြိမ်သာ ရွေးကောက်ပွဲရှိခဲ့သည်။

  ရွေးကောက်ပွဲ ခုနစ်ကြိမ်ရှိခဲ့သော်လည်း ၁၉၅၆ ခုနှစ် ဒုတိယအကြိမ်ရွေးကောက်ပွဲ၌ ပါလီမန်အုပ်ချုပ်ရေးသည် သက်တမ်းပြည့်မအုပ်ချုပ်ခဲ့ရပေ။ ၁၉၅၈ ခုနှစ်တွင် တပ်မတော်၏  ‘အစမ်းလေ့ကျင့်အာဏာသိမ်းခြင်း’ ကို ခံခဲ့ရသည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ်တွင် တတိယကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ပြန်သည်။ ဤတကြိမ်တွင်လည်း ပါလီမန်သက်တမ်း ကုန်အောင်အုပ်ချုပ်ခွင့်မရဘဲ စစ်တပ်၏ ဒုတိယအကြိမ်အာဏာသိမ်းခြင်း ခံခဲ့ရပြန်သည်။

၁၉၈၈ ခုနှစ်တွင် တတိယအကြိမ်အာဏာသိမ်းပြီး ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြန်သည်။ ထိုရွေးကောက်ပွဲသည်လည်း အမည်ခံသက်သက်သာ ဖြစ်ခဲ့သည်။ အနိုင်ရပါတီကို အာဏာမလွှဲနိုင်ဘဲ တပ်မတော်က ဆက်လက်အာဏာထိန်းခဲ့ပြန်သည်။ ၁၉၈၈ ခုမှ ၂၀၁၀ အထိဆိုလျှင် ၂၂ နှစ်ရှိခဲ့သည်။ မဆလကာလ စစ်အုပ်ချုပ်ရေးနှင့် နဝတ၊ နအဖ စစ်အုပ်ချုပ်ရေးနှစ်ခုပေါင်း နှစ် ၅၀ ကြာညောင်းခဲ့ပေသည်။

လွတ်လပ်ရေးရပြီးနောက် အရပ်ဘက်အုပ်ချုပ်ရေးမှာ ဖဆပလနှင့် ၂၀၁၁ နောက်ပိုင်း အုပ်ချုပ်ရေးကို ထည့်ပေါင်းသော်မှ ၂၃ နှစ်ခန့်သာရှိသည်။ ရွေးကောက်ပွဲများတွင် ၂ ကြိမ်က အနိုင်ရပါတီအနေဖြင့် သက်တမ်းကုန်အောင် အုပ်ချုပ်ခွင့်မရခဲ့ပေ။ ကျန်တကြိမ်ဖြစ်သည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည် အမည်ခံသက်သက် ဖြစ်ခဲ့ရသည်။ ရွေးကောက်ပွဲကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်၍ စစ်အုပ်စုက စတုတ္ထအကြိမ်အာဏာသိမ်းခဲ့သည်။ ‘ရွေးကောက်ပွဲ ကျင်းပပြီး အကြောင်းအမျိုးမျိုးပြ၍ အာဏာမလွှဲခြင်းသည် အာဏာသိမ်းခြင်း မည်၏’ ဟု ဆိုကြသည်။

ထို့နောက် ၂၀၁၀ မှ ၂၀၂၀အတွင်း ရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပနိုင်ခဲ့သည်။ နှစ်ကြိမ်လုံး သက်တမ်းပြည့် အုပ်ချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။  ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက သံသယကင်းကင်းဖြင့် မိမိတို့အလိုရှိရာ မဲပေးရွေးချယ်နိုင်ခဲ့သော်လည်း ယင်းရလဒ်အပေါ် ရှုံးနိမ့်ခဲ့ရသူအချိုနှင့် ‘နဂို’ အလုပ်ကို မေ့လျော့၍ ‘အပို’အလုပ်ကို လုပ်လိုသူတို့ ပူးပေါင်းကာ  ကန့်လန့်တိုက်ခဲ့ကြသည်။

ဤသည်မှာ မြန်မာ့တို့၏ စရိုက်ဆိုးတခုပေလော၊ သို့တည်းမဟုတ် အာဏာကို မတရားသောနည်းနှင့် ရယူလေ့ရှိသူတို့၏ ‘ဝသီဘော်’ တခုပေလောဟူ၍ စဉ်းစားချင်စရာပင်။ ဤဝသီဘော်ဆိုးကြီးသည် ‘မြန်မာ့ရွေးကောက်ပွဲယဉ်ကျေးမှု’ ဖြစ်စဉ်၌ သမိုင်းအမည်းစက်များပင် ဖြစ်ခဲ့ရပေသည်။ ဤသို့သော ဝသီဘော်ဆိုးကြီး ထပ်မံမပေါ်ပေါက်စေရန် အစဉ်သတိပြုရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ပေတော့သည်။  မည်သို့ပင်ဆိုစေကာမူ ၂၀၂၀ ရွေးချယ်တင်မြှောက်ပွဲ၏ အကျိုးရလဒ်အဖြစ် မကြာမီအတွင်း လွှတ်တော်ခေါ်ယူ ကျင်းပပြီးသည်နှင့် ကောင်းမွန်သော အစိုးရသစ်တခု အမြန်ဆုံး ပေါ်ထွက်နိုင်ပါစေရန် ဆန္ဒပြုလိုက်ရပါကြောင်း။

3 months Ago
More News
Up