အယ်လ်ဘေးနီးယားလေဆိပ်

April 11, 2019

အယ်လ်ဘေးနီးယားလေဆိပ်တွင် ပစ်ခတ်မှုဖြစ်၊ သေနတ်သမားတဦး သေဆုံး

အယ်လ်ဘေးနီးယားနိုင်ငံ လေဆိပ်တခုမှာ ဧပြီ ၉ ရက်နေ့က သေနတ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမားတဦး သေဆုံးခဲ့ပါတယ်။ မျက်နှာဖုံးတွေတပ်ထားတဲ့ အဲဒီသေနတ်သမားတွေဟာ လေဆိပ်ထဲကို ရုတ်တရက် ဝင်လာပြီး သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ကိုသွားမယ့် လေယာဉ်တစီးပေါ်က ပိုက်ဆံထုပ်တွေကို လုပြီး ကားမောင်းထွက်ပြေးသွားကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့တွေဟာ ပိုက်ဆံထုပ်တွေရှိတဲ့ နေရာဆီကို ရောက်ဖို့ မီးသတိပေးစနစ်ကို အသုံးချပြီး လေဆိပ်ဝင်ပေါက်ကနေ ဝင်လာခဲ့တာပါ။ လေယာဉ်အင်ဂျင် နှိုးထားတဲ့အချိန် မျက်နှာဖုံးတပ်ထားသူတွေနဲ့ စစ်ဝတ်စုံဝတ်ဆင်ထားသူ သုံးဦးဟာ လေယာဉ်ဝမ်းဗိုက်အောက်နားကို ရောက်လာပါတယ်။ သူတို့ဟာ လေဆိပ်ဝန်ထမ်းတွေကို သေနတ်နဲ့ခြိမ်းခြောက်ပြီး လေယာဉ်ပေါ်က ပိုက်ဆံထုပ်တွေကို အောက်ချခိုင်းတာ မြင်ခဲ့တယ်လို့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ ပိုက်ဆံထုပ်တွေယူပြီး ကားနဲ့ထွက်ပြေးသွားတဲ့ အဲဒီသေနတ်သမားတွေကို အထူးရဲကွန်မန်ဒိုတွေက ရဟတ်ယာဉ်နဲ့ လိုက်ဖမ်းရင်း အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။ သေနတ်သမားတဦး သေသွားခဲ့ပေမယ့် သူ့ရဲ့အပေါင်းအပါ သုံးဦးထက်မနည်း လွတ်နေပါသေးတယ်။ အမေရိကန်ဒေါ်လာ ၂ သန်းကျော် အခိုးခံလိုက်ရတယ်လို့ ကနဦးသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲဒီပမာဏထက် ငါးဆလောက် ပိုများနိုင်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောခဲ့ပါတယ်။
3 years Ago
Up