အယ်လ်နီညို -၂၀၁၅-၁၆

December 6, 2015

အယ်လ်နီညို -၂၀၁၅-၁၆

ပထမဆုံး အယ်လ်နီညိုဆိုတာ ဘာလဲဆိုတာကစပြီး ပြောချင်ပါတယ်။ တိုတိုနဲ့လိုရင်းကို ပြောရရင် အယ်လ်နီညိုဆိုတာ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်ကြတဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံများဆီကို ငါးနှစ်မှ ခုနှစ်နှစ်တကြိမ် ခရစ္စမတ်ကာလလောက်မှာ တိုးဝင်လာတတ်ကြတဲ့ ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံ တံငါသည်များက ခေါ်ဝေါ်ထားတဲ့အမည် ဖြစ်ပါတယ်။ ဒီ ရေပူစီးကြောင်းတွေအကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်လောက်ကတည်းက ပီရူးနဲ့ အီကွေဒေါနိုင်ငံ ရေလုပ်သား တံငါသည်ကြီးများက စတင်သိရှိခဲ့ကြပါတယ်။ အဲဒီ ရေပူစီးကြောင်းတွေ ၀င်လာကြတဲ့နှစ်တွေဆိုရင် ငါးတွေ ဖမ်းမရကြတော့ဘူးတဲ့။ ဒါ့အပြင် ဒီလိုနှစ်တွေဆိုရင် သူတို့နိုင်ငံတ၀ှမ်းမှာ ထူးထူးခြားခြား မိုးတွေများ ရေတွေကြီးနဲ့ ရာသီဥတုတွေ ဖောက်ပြန်သွားတတကြတာကိုလည်း သတိထားခဲ့မိကြပါတယ်တဲ့။ အီကွေဒေါနဲ့ ပီရူးနိုင်ငံတွေဟာ ငါးသေတ္တာလုပ်တဲ့ ဆာဒင်းဆိုတဲ့ ငါးတွေ အမြောက်အမြား ဖမ်းယူရရှိကြတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ ငါးဖမ်းလုပ်ငန်းကလည်း နိုင်ငံရဲ့ ဂျီဒီပီဝင်ငွေရဲ့ ၂၆ ရာခိုင်နှုန်း ရှိနေလို့ ငါးဖမ်းလုပ်ငန်း ကျဆင်းသွားတာနဲ့  နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပြဿနာတွေ ရှိလာတော့တာပါပဲ။ ဒီိနေရာမှာ ဒီရေပူစီးကြောင်းတွေကို အယ်လ်နီညိုလို့ အမည်ပေးခေါ်ရတဲ့ နောက်ခံသမိုင်းကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ကမ်းမှာ ရှိနေကြတဲ့ အပေါ်လွှာရေပူတွေဟာ အယ်လ်နီညိုဖြစ်မယ့်နှစ်ဆိုရင် ဧပြီလ၊ မေလလောက်ကစပြီး အီကွေတာရပ်ဝန်းအတိုင်း ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ကနေ အရှေ့ဘက်ကို တဖြည်းဖြည်းနဲ့ ရွေ့လာကြရာမှာ ဒီဇင်ဘာ ခရစ္စမတ်ကာလလောက်မှာ ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဘက်ကမ်းခြေမှာ ရှိကြတဲ့ တောင်အမေရိကရဲ့ အနောက်ဘက်ကမ်းခြေ နိုင်ငံများဖြစ်ကြတဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံများရဲ့ ကမ်းခြေတွေကို ၀င်ရောက်လာကြပါတယ်။ ရောက်လာတဲ့အချိန်ဟာ ခရစ်တော်မွေးဖွားတဲ့ ခရစ္စမတ်ကာလ ဖြစ်နေလေတော့ ဒီရေပူစီးကြောင်း တွေကိုပဲ ခရစ်သားတော် (Christ Child) လို့ အဓိပ္ပာယ်ရတဲ့ အယ်လ်နီညို (El Nino) လို့ တင်စား ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်တခုရဲ့ အကျိုးသက်ရောက်မှုဂယက်ကို အယ်လ်နီညိုမဖြစ်တဲ့ ရိုးရိုးနှစ်တနှစ်နဲ့ အယ်လ်နီညိုဖြစ်တဲ့ နှစ်တနှစ်တို့ရဲ့ ဒေသတွင်း ရေထု၊ လေထုနဲ့ ငါးဖမ်းရရှိမှု အခြေအနေများကို နှိုင်းယှဉ်ကြည့်ရင် မတူကွဲပြားမှုတွေကို တွေ့နိုင်ပါတယ်။ ပုံမှန်နှစ်တနှစ်ရဲ့ ပစိဖိတ်သမုဒ္ဒရာ လေထုအခြေအနေကို စကြည့်မယ်ဆိုရင် အီကွေတာရဲ့မြောက်ဘက်နဲ့ တောင်ဘက်တွေမှာ အားကောင်းတဲ့ အရှေ့မြောက်ကုန်သည်လေတွေနဲ့ အရှေ့တောင် ကုန်သည်လေတွေ တိုက်ခတ်နေကြပါတယ်။ ဒီကုန်သည်လေတွေရဲ့ ထူးခြားမှုက ဦးတည်ဘက် လေကြောင်းမှန်မှန် လေတိုက်နှုန်းမှန်မှန်နဲ့ အဆက်မပြတ် တိုက်ခတ်နေကြတဲ့အတွက် လေရဲ့ ပွတ်တိုက်ဆွဲယူမှုကြောင့် အောက်ခံရေပြင်လွှာပေါ်မှာ အရှေ့က အနောက်ကို စီးဆင်းနေတဲ့ Drift Current တွေဖြစ်တဲ့ မြောက်အီကွေတာ ရေပူစီးကြောင်းနဲ့ တောင်အီကွေတာ ရေပူစီးကြောင်းတွေကို အီကွေတာရဲ့ တဘက်တချက်စီမှာ ဖြစ်ပေါ်စီးဆင်းစေပါတယ်။ အရှေ့မှ အနောက်ကို ဦးတည်ပြီး အဆက်မပြတ် စီးဆင်းနေတဲ့ ဒီ ရေပူစီးကြောင်းတွေဟာ အပေါ်ယံအလွှာက ရေနွေးတွေကို ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်ဘက်မှာ သွားရောက်စုပုံလာစေတဲ့အတွက် အနောက်ဘက်က ရေမျက်နှာပြင်ဟာ အရှေ့ဘက်မှာထက် ၂ ပေလောက် ပိုမြင့်လာစေပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်မှာ ရေနွေးတွေဟာ ရေအောက်အတော်နက်တဲ့အထိ ရှိနေစေပြီး အပေါ်ယံရေနွေးလွှာရဲ့ အနက်ဟာ အရှေ့အနောက် မတူတော့ဘဲ အနောက်ဘက်က ပိုနက်နေစေပါတယ်။ ဒါ့ကြောင့် အနောက်ဘက်က ရေငွေ့ပျံနှုန်း ပိုများနေစေပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ရှိနေတဲ့ ထောင်လိုက် ရေစီးကြောင်းတွေအနေနဲ့ ကြည့်ရင် အရှေ့-အနောက် ထောင်လိုက်လေလည်ပတ်တိုက်ခတ်မှု (East-west vertical circulation) ရှိနေပြီး ဒါကို ဝေါ်လ်ကာဆဲလ် (Walker Cell) လို့ ခေါ်ပါတယ်။ ပုံမှန်နှစ်မှာဆိုရင် ဒီဝေါ်လ်ကာဆဲလ်ရဲ့ အထက်ကိုတက်တဲ့ လေစီးကြောင်းက ပစိဖိတ် သမုဒ္ဒရာရဲ့ အနောက်ဘက်မှာ ရှိနေတဲ့အတွက် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်းမှာ မိုးတိမ်တွေနဲ့ မုန်တိုင်းတွေကို ပိုဖြစ်စေတဲ့အတွက် ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်ဘက်ပိုင်းဟာ စွတ်စိုတဲ့ ရာသီဥတုကို ရရှိစေပါတယ်။ အရှေ့ဘက်အပိုင်းကတော့ အပေါ်ယံ ရေပူလွှာကလည်း တိမ်တော့ ရေငွေ့ပျံနှုန်းကလည်း နည်းနေတဲ့အပြင် ဝေါ်လ်ကာဆဲလ်ရဲ့ အောက်ကိုဆင်းနေတဲ့ လေစီးကြောင်းတွေက အရှေ့ဘက်မှာ ဆင်းနေလေတော့ တိမ်ဖြစ်ပေါ်မှုကို ဟန့်တားထားပြန်ပါတယ်။ ဒါကြောင့် အရှေ့ဘက်မှာ ခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေပါတယ်။ အထူးခြားဆုံးကတော့ ဒီလို သာမန်နှစ်တွေမှာဆိုရင် အရှေ့ဘက်မှာ အပေါ်ယံရေပူအလွှာရဲ့ တိမ်မှုကြောင့် သမုဒ္ဒရာအောက်ကနေ အထက်ကို ထိုးတက်နေတဲ့ ရေအေးစီးကြောင်းကို ဖြစ်ပေါ်လာစေပါတယ်။ ရေအောက်ကတက်လာတဲ့ ဒီသမုဒ္ဒရာ ရေအေးစီးကြောင်းတွေထဲမှာ ငါးစာကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါလာတဲ့အတွက် အထက်ကိုတက်လာတာနဲ့အမျှ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုကြပြီး ငါးစာအမြောက်အမြားကို ဖြစ်စေတော့တာပါပဲ။ ဒီအခါ အီကွေဒေါနဲ့ ပီရူးနိုင်ငံတွေမှာ ငါးဖမ်းလုပ်ငန်းဟာ အဓိက စီးပွားရေးလုပ်ငန်း ဖြစ်လာစေတော့တာပါပဲ။ ငါးနှစ်မှ ခုနှစ်နှစ်တခါဆိုသလို အယ်လ်နီညိုဖြစ်ပြီဆိုတာနဲ့ အဲဒီအခြေအနေတွေဟာ လုံးဝ ပြောင်းသွားစေတော့တာပါပဲ။ ပထမဆုံးကတော့ အရှေ့မြောက်နဲ့ အရှေ့တောင် ကုန်သည်လေတွေ အားပျော့သွားတယ်။ အဲဒီအခါ အရှေ့ဘက်က အနောက်ဘက်ကို စီးနေတဲ့ တောင်-မြောက် အီကွေတာရေစီးကြောင်းတွေပါ အားလျော့သွားစေပြီး အရှေ့ဘက်ကို တဖြည်းဖြည်းနဲ့ ဆုတ်သွားစေပါတယ်။ ဒီအခါ ပစိဖိတ်အနောက်ဘက်ဒေသမှာ စုပုံပြီး ပိုမြင့်နေတဲ့ ရေပူစီးကြောင်းတွေဟာ နောက်ဆုတ်သွားတဲ့ အီကွေတာ ရေစီးကြောင်းတွေရဲ့နေရာကို တစစနဲ့ တိုးချဲ့နေရာယူလာကြပြီး အရှေ့ဘက်ကို စတင်တိုးချဲ့လာကြပါတယ်။ ဧပြီလနဲ့ မေလလောက်စပြီး အရှေ့ဘက်ကို ရွေ့လာကြတဲ့ ရေပူစီးကြောင်းတွေဟာ အရှေ့ဘက်ကိုရောက်လာလေ အယ်လ်နီညိုဖြစ်ဖို့ ပီပြင်လာလေပါပဲ။ ဇွန်လမှ သြဂုတ်လလောက်အတွင်း Nino 3, Nino 2 ဧရိယာများ (၁၈၀ ဒီဂရီလောင်ဂျီတွဒ်မျဉ်းရဲ့အရှေ့ဘက်) အထိ တိုးဝင်လာခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် အပူချိန်ကိုလည်း ပုံမှန်ရဲ့အထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်လောက်အထိ ကျော်လာရင်တော့ အယ်လ်နီညိုဖြစ်တော့မယ့်နှစ်လို့ စတင်သတ်မှတ်နိုင်ပါတယ်။ အနောက်ဘက်မှ အရှေ့ဘက်ကို တစစနဲ့ ရွေ့လာခဲ့တဲ့ ရေပူစီးကြောင်းတွေဟာ ဒီဇင်ဘာလလောက် ရောက်တဲ့အခါ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက်ကမ်းခြေရှိ အီကွေဒေါနဲ့ ပီရူးနိုင်ငံတွေဆီ ရောက်လာပြီဆိုတာနဲ့ ဒေသခံ တံငါသည်များက ဒီ ရေပူစီးကြောင်းတွေကိုပဲ အယ်လ်နီညိုလို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ အယ်လ်နီညိုဖြစ်ပြီဆိုတာနဲ့ ပစိဖိတ်သမုဒ္ဒရာ အရှေ့အနောက်ဒေသတွင်းမှာ အပြောင်းအလဲမျိုးစုံကို ဖြစ်စေတော့တာပါပဲ။ ပထမဆုံးအနေနဲ့ကတော့ အနောက်ဘက်မှာရှိနေတဲ့ အပေါ်ယံရေပူတွေ အရှေ့ဘက်ကို ပြောင်းရွှေ့သွားစေတဲ့အတွက် အပေါ်ယံရေပူလွှာဟာ အရှေ့အနောက် အနက်တူသွားစေပါတယ်။ ရေငွေ့ပျံတဲ့ဒေသနဲ့အတူ ဝေါ်လ်ကာဆဲလ်ရဲ့ လေတွေ အထက်ကိုတက်တဲ့ အပိုင်းကလည်း အနောက်ဘက်ကနေ အရှေ့ဘက်ကို ရွေ့သွားလို့ တိမ်ဖြစ်တဲ့ဒေသဟာလည်း အနောက်ဘက်ကနေ အရှေ့ဘက်ကို ရွေ့သွားစေတော့ မိုးရွာပြီး စွတ်စိုတဲ့ဒေသနဲ့ မုန်တိုင်းဖြစ်တဲ့ ဒေသတွေဟာ သမုဒ္ဒရာ အနောက်ဘက်ကနေ အရှေ့ဘက်ကို ရွေ့သွားတော့တာပါပဲ။ ဒီတော့ အရှေ့ဘက်မှာရှိကြတဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံတွေအပြင် အခြား အရှေ့ဘက်ခြမ်းနိုင်ငံတွေဟာ မိုးတွေရွာ၊ ရေတွေကြီးနဲ့ ရာသီဥတုတွေ ဖောက်ပြန်ကြတော့တာပါပဲ။ ဒါပေမယ့် ပစိဖိတ် အနောက်ဘက်ဒေသနိုင်ငံတွေ ဖြစ်ကြတဲ့ သြစတြေးလျ၊ အင်ဒိုနီးရှားနဲ့ အာရှတောင်ပိုင်းဒေသ နိုင်ငံတွေမှာတော့ အပူချိန်တွေမြင့်မားပြီး မိုးခေါင်စေတော့တာပါပဲ။ ဒီလို အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာဆိုရင် အင်ဒိုနီးရှားတို့၊ သြစတြေးလျတို့မှာ တောမီး အကြီးအကျယ် လောင်စေတော့တာပါပဲ။ အဆိုးဆုံးကတော့ အရှေ့ဘက်ရှိကမ်းခြေမှာ ပုံမှန်အားဖြင့် ရှိနေတဲ့ အထက်တက် ရေအေးထွက်ပေါက် (cold water upwelling) ဟာ ပျောက်ကွယ်သွားတဲ့အတွက် ငါးစာများ မချက်နိုင်တော့ဘဲ ငါးစာများ ရှားသွားလို့ ငါးတွေပါ အသိုက်ပြောင်းသွားကြတဲ့အတွက် ငါးများ လုံးဝဖမ်းမရတော့လောက်အောင် ဖြစ်သွားစေတော့တာပါပဲ။ သက္ကရာဇ် ၁၅၅၀ လောက်ကစပြီး ရေလုပ်သားကြီးများက စတင်သတိထားလာမိခဲ့ကြတဲ့ အယ်လ်နီညိုကို အစကတော့ ရေပြင်ဆိုင်ရာ ဖောက်ပြန်မှုတခုအနေနဲ့သာ သဘောထားခဲ့ကြတာ ၁၉၈၂ ခုနှစ်အထိပါပဲ။ ၁၉၈၂-၈၃ မှာ ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုဟာ အင်အားပြင်းထန်ခဲ့ပြီး ရေပြင်သာမက အထက်လေထုအတွင်း ဖြစ်စဉ်များအပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေခဲ့တဲ့အတွက် လေထုအတွင်း ထောင်လိုက်လေစီးကြောင်းတွေ၊ အဲဒီမှတဆင့် လွန်ကဲပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကို ကမ္ဘာအနှံ့ ထိတ်လန့်ဖွယ်ရာတွေ တွေ့ကြုံခံစားခဲ့ကြရပါတယ်။ အဲဒီမှာမှ လေထုနဲ့ ရေထုတို့ရဲ့ အပြန်အလှန် တုံ့ပြန်အကျိုးသက်ရောက်မှု (Air and Sea Interaction) ကို ပညာရှင်များ ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် စတင်သတိပြုလာစေခဲ့ပါတယ်။ ဒီနောက်မှာတော့ အယ်လ်နီညိုဟာ ရာသီဥတု ခန့်မှန်းရေးလောကမှာ လူတိုင်းပါးစပ်ဖျား ရေပန်းစားလာတော့တာပါပဲ။ ဒီနေရာမှာ ဖြစ်ချင်တော့ ၁၉၈၀ ပြည့်နှစ်များနဲ့ ၁၉၉၀ ပြည့်နှစ်များမတိုင်မီ အရင်က ၅ နှစ်မှ ၇ နှစ်တခါလောက်သာ ဖြစ်တတ်တဲ့ အယ်လ်နီညိုဟာ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ၂ နှစ်မှ ၃ နှစ်တခါ ဆိုသလို မကြာမကြာ အဖြစ်များလာတဲ့အပြင် ၁၉၇၈ မှ ၁၉၉၈ ခုနှစ်အထိ ကာလအတွင်းမှာလည်း ပူပြင်းခြောက်သွေ့တဲ့ ကာလတခုအဖြစ် မှတ်တမ်းတင်လာခဲ့ပါတယ်။ ပိုဆိုးသွားစေတာကတော့ ၁၉၉၇-၉၈ ခုနှစ်မှာ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုဟာ အဆိုးဝါးအပြင်းထန်ဆုံး ဖြစ်လာခဲ့တာကြောင့် တကမ္ဘာလုံး အလူးအလဲ ခံစားခဲ့ကြရတော့တာပါပဲ။ ကိရိယာနဲ့ တိုင်းလာခဲ့တဲ့ ကမ္ဘာ့မှတ်တမ်းသမိုင်းမှာ အပူပြင်းဆုံးနှစ် ၁၂ နှစ်ရှိခဲ့ရာမှာ ၁၁ နှစ်ဟာ ၁၉၈၀ ပြည့်နှစ်များမှ ၂၀၀၀ ပြည့်နှစ်များ ကာလအတွင်းမှာပဲ ဖြစ်ပါတယ်။ အယ်လ်နီညိုဖြစ်စဉ်တခုကြောင့် ထိခိုက်ပျက်စီးရမှုကို ၁၉၉၇-၉၈ အယ်လ်နီညို ဖြစ်တုန်းက ရခဲ့တဲ့ စာရင်းကိုကြည့်ရင် သိနိုင်ပါတယ်။ (ဇယား)။ တကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင် စီးပွားရေးလုပ်ငန်းများနဲ့ လူမှုရေးလုပ်ငန်းများရဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉၇ ဘီလီယံ ကျော်ပါတယ်။ လူသူအသေအပျောက်ကပဲ ၂ သောင်းကျော်ပါတယ်။ ထိခိုက်ခံစားရသူ ၁၁၁ သန်းကျော်နဲ့ အိုးပစ်၊ အိမ်ပစ် ရွှေ့ပြောင်းရသူ ၆ သန်းကျော်ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍကတော့ အဆိုးဆုံးပါပဲ။ ထိခိုက်ခံရတဲ့ စိုက်ပျိုးမြေဧကဟာ ဧက ၅၆ သန်း ကျော်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိခိုက်မှုကလည်း စံချိန်သစ်ပါပဲ။ ၉၇-၉၈ ခုနှစ်ဟာ အပူပြင်းဆုံးနဲ့ အခြောက်သွေ့ဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ မြို့တိုင်းလိုလိုဟာ အပူချိန်အမြင့်ဆုံးစံချိန်၊ ဒုတိယအမြင့်ဆုံးစံချိန်တွေနဲ့ အပူချိန်တွေခေါင်ခိုက်ပြီး အပူလှိုင်းတွေ ကျကျနေခဲ့လို့ အပူဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရတယ်။ စခန်းပေါင်း ၃၀ ကျော်ဟာ အပူချိန်စံချိန်သစ်တွေ တင်ခဲ့ကြတယ်။ မိုးရွာသွန်းမှုဟာလည်း လျော့နည်းလွန်းပြီး မိုးခေါင်တဲ့နှစ်တနှစ် ဖြစ်ခဲ့ရတယ်။ မြို့စခန်းပေါင်း ၃၅ မြို့မှာ မိုးအနည်းဆုံးစံချိန်တွေ တင်ခဲ့ကြပါတယ်။ ပူပြင်းခြောက်သွေ့ဆိုတဲ့ ရာသီဥတုကို လူတိုင်း နားလည်သဘောပေါက်စေခဲ့တဲ့ နှစ်တနှစ်လို့ ပြောရမှာပါပဲ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ တည်ဆောက်ပြုပြင်ရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ထိခိုက်မှုတွေ အများအပြား ဖြစ်စေခဲ့တဲ့ သမိုင်းကို တွင်စေခဲ့ပါတယ်။ ဒီနေရာမှာ အထူးစိတ်ဝင်စားစရာကောင်းပြီး အများပြည်သူတွေအနေနဲ့ နားမလည် ဖြစ်စေနိုင်တာကတော့ ဘာကြောင့် တောင်အမေရိက အနောက်ဘက်ကမ်းခြေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတု ဖောက်ပြန်မှုတခုဟာ ဝေးလံတဲ့ ကမ္ဘာအရပ်ရပ်ဆီကို ပျံ့နှံ့ကူးစက်သွားစေရတာလဲ ဆိုတာပါပဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၁၉၈၂ ခုနှစ်တုန်းက ဌာနမှာကျင်းပတဲ့ ရက်ရှည်ခန့်မှန်းရေး အစည်းအဝေးတခုမှာ ကျနော်တင်ပြခဲ့စဉ်က လုပ်ဖော်ကိုင်ဘက်တဦးက “မင်းဟာက ညောင်ဦးက ကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုရ်က နွားမပေါင်ကျိုးဆိုတာမျိုး ဖြစ်နေပါပြီ” လို့ ပြောဖူးပါတယ်။ အဲဒီလောက်ကို အလှမ်းကွာဝေးလှပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သုတေသနပြု လေ့လာမှုတွေ လုပ်လာတဲ့အခါမှာတော့ ဒါတွေဟာ သိပ္ပံနည်းကျတဲ့ ထောင်လိုက် လေလှည့်ပတ်စီးကြောင်းတွေကြောင့် ဖြစ်လာရတာကို ရှာဖွေတွေ့ရှိလာကြပါတယ်။ ဥပမာ တောင်အမေရိကတိုက် အရှေ့ဘက်မှာရှိတဲ့ တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ (အီကွေဒေါနဲ့ ပီရူးနိုင်ငံ) တွေနဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်မှာရှိတဲ့ သြစတြေးလျတိုက်၊ အင်ဒိုနီးရှားနိုင်ငံတို့ဟာ အရှေ့-အနောက် ထောင်လိုက် လေလှည့်ပတ်စီးကြောင်း ဝေါ်လ်ကာဆဲလ်မှတဆင့် ရာသီဥတုတွေဟာ ဆက်စပ်နေပါတယ်။ ဒါကြောင့် သြစတြေးလျနိုင်ငံ အရှေ့ဘက်မှာဖြစ်တဲ့ ရာသီဥတု ဖောက်ပြန်မှုဟာ ဝေါ်လ်ကာဆဲလ်မှတဆင့် အနောက်ဘက်ကို ကူးစက်သွားစေပါတယ်။ တခါ သြစတြေးလျနဲ့ အင်ဒိုနီးရှားမှာ ဖြစ်ပေါ်လာတဲ့ ရာသီဥတု ဖောက်ပြန်မှုဟာလည်း တောင်မြောက်လေစီးကြောင်း မုတ်သုံဆဲလ်မှတဆင့် အာရှတောင်ပိုင်း (မလေးရှား၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ) ကို ကူးစက်လာစေပြန်ပါတယ်။ ဒီလိုနဲ့ တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေမှာ ဖြစ်ပေါ်လာတဲ့ ရာသီဥတု ဖောက်ပြန်မှုတခုဟာ အဆုံးမှာ မြန်မာနိုင်ငံကို ကူးစက်ရောက်ရှိလာစေတော့တာပါပဲ။ တခုတော့ ပြောစရာရှိပါတယ်။ ဒီလို အဝေးတနေရာအထိ ကူးစက်ဖို့ ဆိုတာကတော့ မူလဖြစ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ အားကောင်းတဲ့ဖြစ်စဉ်တော့ ဖြစ်ရပါမယ်။ ဒါမှလည်း အဲဒီ အယ်လ်နီညိုဖြစ်စဉ် (El Nino) ဟာ ဝေါ်လ်ကာဆဲလ်လို့ခေါ်တဲ့ (Southern Oscillation) နဲ့ ပူးပေါင်းသွားစေပြီး အင်ဆို (ENSO_El Nino Southern Oscillation) ဖြစ်စဉ် ဖြစ်သွားစေဖို့ လိုအပ်ပါတယ်။ အဲဒါဆိုရင်တော့ အယ်လ်နီညိုရဲ့ဂယက်ဟာ တကမ္ဘာလုံး ကူးစက်သွားစေတော့တာပါပဲ။ အယ်လ်နီညိုဖြစ်ခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ကြရတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ ထူးခြားမှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ ဒါလေးကိုတော့ ဇယားနဲ့ပဲ ဖော်ပြပါရစေ။ ဒီတော့ အားကောင်းတဲ့ အယ်လ်နီညိုသာဖြစ်ခဲ့ရင် မုတ်သုံလေ ရာသီဥတုမှာ တော်တော် သိသိသာသာ အပြောင်းအလဲတွေ ရှိခဲ့တာကို တွေ့ကြရပါတယ်။ မုတ်သုံအ၀င်မှာ နောက်ကျတာတို့၊ အထွက်မှာ စောတာတို့၊ မုတ်သုံအင်အားနည်းတာတို့၊ မုတ်သုံမိုးလျော့တာတို့၊ အပူချိန်တိုးတာတို့ စတာတွေဟာ တကယ်တော့ ရာသီဥတုခန့်မှန်းရေးမှာ အရေးပါလှပါတယ်။ နောက်တချက်က အယ်လ်နီညိုဖြစ်စဉ်တခုရဲ့ သက်တမ်းကာလဟာ ၁၈ လ လောက် သက်တမ်းရှိပါတယ်။ ဒီဇင်ဘာလလောက်မှာ အားအကောင်းဆုံးကို ရောက်လာတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ရဲ့ အမှာင့်ပယောဂဟာ ရှေ့ ၉ လ နောက်  ၉ လလောက် ကြာလေ့ရှိပါတယ်။ ဒီဇင်ဘာလကို ဗဟိုပြုပြီး ရှေ့နှစ်ရဲ့ ၉ လဟာ မတ်လလောက်ကစလေ့ရှိပြီး နောက် ၉ လကတော့ နောက်နှစ်ရဲ့ စက်တင်ဘာလလောက်အထိ အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုဂယက်က ရှိတတ်ပါတယ်။ အနည်းဆုံး ၁၂ လနဲ့ တွက်ရင်တောင် အားကောင်းတဲ့ အယ်လ်နီညိုဖြစ်ပြီဆိုရင် ရှေ့နှစ်ရဲ့ မိုးနှောင်းနဲ့ မိုးလွန်ကာလနဲ့ နောက်နှစ်ရဲ့ မိုးကြိုနဲ့ မိုးဦးကာလတွေ အကျိုးသက်ရောက်စေလေ့ ရှိပါတယ်။ အယ်လ်နီညိုကို အခြေခံပြီး မိုးလေ၀သ ခန့်မှန်းမယ်ဆိုရင် အားသာချက်ကတော့ အချိန်ကာလ ၄-၅ လကြိုပြီး မှန်ကန်မှုရာခိုင်နှုန်းမြင့်မြင့်နဲ့ ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။ နောက် အယ်လ်နီညိုကို အကြောင်းပြုပြီး မိုးလေ၀သခန့်မှန်းရေး လုပ်ငန်းမှာ ပညာရပ်နယ်ပယ်နှစ်ခု ပေါက်ဖွားလာစေပါတယ်။ ပထမနယ်ပယ်ကတော့ မိုးလေ၀သဖြစ်ရပ်များအပေါ် ရေထုရဲ့ အကျိုးသက်ရောက်မှုကို ဖြစ်နိုင်တဲ့ လေထုနဲ့ ရေထု အပြန်အလှန် အကျိုးသက်ရောက်မှု (Air and Sea Interaction) ပညာရပ်ဖြစ်ပါတယ်။ နောက် ဒုတိယပညာရပ်နယ်ပယ်ကတော့ ဝေးလံတဲ့ဒေသတခုမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတု ဖောက်ပြန်မှုတခုဟာ သူနဲ့ဆက်စပ်နေတဲ့ အခြားဒေသတခုရဲ့ ရာသီဥတုအပေါ်မှာ ဆက်စပ်ပြောင်းလဲစေနိုင်မှုကြောင့် ရရှိလာတဲ့ တာဝေးဆက်နွယ်မှုနည်းပညာ (Teleconnection) ဖြစ်ပါတယ်။ အယ်လ်နီညိုဖြစ်မဖြစ်ကို ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ အီကွေတာရပ်ဝန်းတလျှောက်မှာ ဖြစ်ပေါ်နေတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ပြောင်းလဲမှုများကို နေရာအလိုက် ဒေသခွဲခြားပြီး စောင့်ကြပ်ကြည့်ရှုရပါတယ်။ အများအားဖြင့် သမုဒ္ဒရာအနောက်ဘက်အပိုင်းမှာ ရှိကြတဲ့ ပင်လယ်ရေပူတွေဟာ တဖြည်းဖြည်းနဲ့ အရှေ့ဘက်ကို ရွေ့လာကြတာ ဖြစ်ပါတယ်။ ဒီလိုရွေ့လာတာရဲ့ အတိုင်းအတာကို ပင်လယ်ရေမျက်နှာပြင် အပူချိန်ပြောင်းလဲမှုများနဲ့ စောင့်ကြပ် ကြည့်ရှုရပါတယ်။ ယေဘုယျကတော့ Nino 2 နဲ့ Nino 3 ဒေသမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ရဲ့အထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်လောက် မြင့်တက်လာခဲ့ရင် အယ်လ်နီညို ဖြစ်တော့မယ်လို့ ကြိုတင်ခန့်မှန်းနိုင်ကြပါပြီ။ ၂၀၁၅ ခုနှစ်ရဲ့ အယ်လ်နီညိုအင်အားဟာ အယ်လ်နီညိုသမိုင်းမှာ အားအကောင်းဆုံး အယ်လ်နီညိုနှစ်အဖြစ် သတ်မှတ်ထားတဲ့ ၁၉၉၇-၉၈ ခုနှစ်ထက် ယခုအခါမှာ ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက် အီကွေတာရပ်ဝန်းက ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ Nino-1, Nino-2 နဲ့ Nino-3 ဒေသတွေမှာ ပုံမှန်ရဲ့အထက် 2.4°C မှ 2.8°C အထိ ကျော်လွန်နေပြီဖြစ်လို့ ဒီနှစ် အယ်လ်နီညိုဟာ အားကောင်းတဲ့ အယ်လ်နီညိုဖြစ်ကြောင်း သက်သေထူနေပြီ ဖြစ်ပါတယ်။ အခြားသာဓကများအနေနဲ့လည်း ၂၀၁၅ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းတလျှောက် အပူဆုံးနှစ် ဖြစ်လာနေပါပြီ။ အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက် မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ မိုင် ၂၀၀ ကျော် တိုက်ခတ်ခဲ့တာဟာလည်း အဲဒီဒေသအတွက် စံချိန်သစ် ဖြစ်ခဲ့ပါတယ်။ လက်တွေ့ တွေ့ကြုံနေကြရပြီဖြစ်တဲ့ ရာသီဥတု ဆိုးဝါးဖောက်ပြန်မှုတွေနဲ့ မှတ်တမ်းအထောက်အထား တွေ့ရှိချက်တွေအရ ဒီနှစ် အယ်လ်နီညိုဟာ ၁၉၉၇-၉၈ ထက် ပိုမိုဆိုးဝါးနိုင်တယ်ဆိုတာကို ပြသနေပြီ ဖြစ်ပါတယ်။ အခုလို ဆိုးသည်ထက်ပိုဆိုးလာတဲ့ ရာသီဥတု ဖောက်ပြန်မှု ဖြစ်စဉ်တွေကို ကြုံတွေ့လာရခြင်းဟာ အဓိကအကြောင်းကတော့ ရာသီဥတု ပြောင်းလဲခြင်းကိုသာ အပြစ်တင်ကြရမှာ ဖြစ်ပါတယ်။ မောင်ထွန်းလွင်(မိုးလေ၀သ)  
6 years Ago
Up