အယ်လ်နီညိုဆိုတာ ရာသီဥတုဆိုင်ရာ သဘာဝဖြစ်စဉ်တခုဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။
အယ်လ်နီညိုကို စပိန်ဘာသာစကားနဲ့ ဆိုရင်တော့ ဘုရားသားတော် နတ်သူငယ်လို့ အဓိပ္ပာယ်ရပါတယ်။
အခု ၂၀၁၆ ခုနှစ်ရဲ့ အယ်လ်နီညိုရာသီဥတုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်းမှာ ကြုံခဲ့ရသမျှ အဆိုးဝါးဆုံးဖြစ်တယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောပါတယ်။
ပီရူးနိုင်ငံမှာတော့ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့အတွက် စစ်တပ်ကို စေလွှတ်ပြီး အဖွဲ့အစည်းတွေက ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီနိုင်ဖို့နဲ့ ဆုံးရှုံး ပျက်စီးမှုတွေကို ပြန်လည်ထူထောင်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတာပါ။
ခုလို အယ်လ်နီညိုရဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို နတ်ဘုရားတွေက ကယ်တင်နိုင်ပါ့မလား။
စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်မှာတော့ ပီရူးနိုင်ငံမြို့တော် လီမာမှာ ရိုးရာနတ် ကိုးကွယ်ယုံကြည်သူတွေဟာ ရှာမန်နတ်ဆရာတွေရဲ့ အကူအညီနဲ့ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်မှ သက်သာစေဖို့ ၀တ်ပြုဆုတောင်းတာတွေ လုပ်ဆောင်နေကြတာကို တွေ့ရမှာပါ။
နတ်ဆရာတွေဆိုတာ ရှေ့လာမယ့် အနာဂတ်ကို ကြိုတင်သိမြင်နိုင်ပြီး ထိန်းချုပ် ပြောင်းလဲနိုင်သူတွေလို့ ယုံကြည်ထားကြပါတယ်။
နတ်ဘုရားတွေကို တိုင်တည်ကာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကနေ ကယ်တင်ပေးဖို့ ဆုတောင်းနေကြတာကို တွေ့ကြရမှာပါ။
မြစ်ထဲကို လက်ဆောင်ပစ္စည်းတွေ မျှောချပူဇော်ခြင်းဟာ ရေကြီးရေလျှံမှုကို လျှော့ချစေနိုင်ပါလိမ့်မယ်။
နတ်ဆရာတဦးက “ခုချိန်ဟာ သဘာဝရဲ့ ဘေးဒဏ်ခတ်မှုကို လျှော့ချရမယ့် အချိန်ပဲ။ အယ်လ်နီညိုက ကျနော်တို့ရွာတွေကို ဖျက်ဆီးချင်နေတာပါ။ ဒါကြောင့်မို့ ရှာမန် နတ်ဆရာတွေဟာ ယာကူမန်မန်နတ်ဘုရားကို ပူဇော်ပသဖို့ ခုလို စုဝေးနေကြတာပါ” လို့ ပြောပါတယ်။
7 years Ago