အယ်လ်တန်ဂျွန်

A d v e r t i s e m e n t With Us

May 22, 2019

ဂန္ထဝင်အဆိုတော်ကြီး အယ်လ်တန်ဂျွန်အကြောင်း အတ္ထုပ္ပတ္တိရုပ်ရှင် - Rocketman (နမူနာ)

ဟောလိဝုဒ်အတ္ထုပ္ပတ္တိ ဂီတဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Rocketman ရုပ်ရှင်ကို ဗြိတိန်နိုင်ငံမှာ ဒီကနေ့ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်သရုပ်ဆောင် ဒါရိုက်တာ Dexter Fletcher က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ နာမည်ကြီး ဗြိတိန်ဂန္ထဝင်အဆိုတော်ကြီး အယ်လ်တန်ဂျွန် (Elton John) ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အယ်လ်တန်ဂျွန်ဟာ အင်္ဂလန်ရဲ့ ရှေးကျတဲ့ Royal Academy of Music ကနေ အစပြုလို့ ဖြတ်သန်းလာခဲ့တဲ့ နှစ်တွေ၊ နာမည်ကြီး ဂီတပညာရှင်တဦးဖြစ်တဲ့ Bernie Taupin နဲ့ တွဲဖက်ပြီး အောင်မြင်တဲ့၊ ပရိသတ်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဂီတအနုပညာတွေကို ဖန်တီးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဆာဘွဲ့ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်သလို ဂီတကြောင့် ဝင်ငွေအများဆုံးရရှိတဲ့ ကျော်ကြားသူ စာရင်းမှာလည်း ထိပ်တန်းစာရင်းဝင်ခဲ့သူပါ။ အမျိုးသားချင်း လိင်တူလက်ထပ်ထားတဲ့ အယ်လ်တန်ဂျွန်ရဲ့ဘဝမှာ စိတ်ဓာတ်ကျ အားငယ်မှုတွေ၊ ရုန်းကန်ခဲ့ရတာတွေ စတဲ့ ဘဝဖြတ်သန်းမှုတွေကို ဒီကားထဲမှာ ဘယ်လိုပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် အယ်လ်တန်ဂျွန်အဖြစ် Kingsman ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ဗြိတိန်သရုပ်ဆောင်မင်းသား Taron Egerton က ခေါင်းဆောင်ပါဝင်ထားပြီး တခြား သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Jamie Bell၊ Richard Madden နဲ့ Bryce Dallas Howard တို့ကလည်း အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ IMDb မှာ Rating 7.9 အထိ ရရှိထားပြီး ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၄၁ သန်း အကုန်အကျခံ ရိုက်ကူးထားတာပါ။ ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
2 years Ago
Up