အယ်လ်ကိုင်းဒါး ပြန်ပေးဆွဲခံရသူ ၂ ဦး

June 23, 2015

အယ်လ်ကိုင်းဒါး ပြန်ပေးဆွဲခံရသူ ၂ ဦး အစိုးရထံ အကူအညီတောင်းခံသည့် ဗွီဒီယိုထွက်ပေါ်

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က မာလီနိုင်ငံမြောက်ပိုင်းမှာ အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲခံခဲ့ရသူ ၂ ဦးဟာ သူတို့လွတ်မြောက်ရေးအတွက် အစိုးရကို အကူအညီတောင်းခံ ထားတဲ့ ဗွီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။ ဇွန်လ ၂၂ ရက် တနင်္လာနေ့မှာ ရိုက်တာသတင်းဌာနက ရရှိခဲ့တဲ့ အဲဒီဗွီဒီယိုထဲမှာ သူတို့ကို ကြုံတောင့်ကြုံခဲ တွေ့ရှိခဲ့ရပါတယ်။ ဆွီဒင်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့က အမျိုးသား ၂ ယောက်ဟာ မာလီနိုင်ငံ မြောက်ပိုင်းကို ဘာသာမဲ့ဝါဒီနဲ့ အစ္စလာမ္မစ် သူပုန်တွေ မသိမ်းယူခင် ၂၀၁၁ နိုဝင်ဘာလတုန်းက တင်မ်ဘုက်တု ကန္တာရမြို့တော်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဖမ်းခံထားရချိန်အတွင်း ၂၀၁၅ ခုနှစ် ဧပြီလမှာ ပြင်သစ်ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေ ၀င်ရောက်စီးနင်းချိန်မှာ သူတို့နဲ့ အတူရှိနေတဲ့ ဂျာမန်လူမျိုးတယောက် ပစ်သတ်ခံခဲ့ရပြီး ဒတ်ခ်ျ ဓားစာခံ တဦးကိုတော့ ကံကောင်းထောက်မစွာ တွေ့ရှိကယ်တင်နိုင်လို့ လွတ်မြောက်သွား ပါတယ်။ အကျဉ်းသား ၂ ဦးဆီ အင်တာဗျူး ခရီးစဉ်လို့ ခေါင်းစဉ်တပ်ထားတဲ့ ၁၉ မိနစ်ကြာ ဗွီဒီယိုမှာ မြောက်အာဖရိကမှာရှိတဲ့ အယ်လ်ကိုင်းဒါး မီဒီယာဌာနဖြစ်တဲ့ အယ်လ်အန်ဒါလပ်စ် တံဆိပ်တုံး ရိုက်နှိပ်ထားတာ တွေ့ရှိရပြီး ရိုက်တာသတင်းဌာနအနေနဲ့ တသီးတခြား အတည်မပြုနိုင်သေးပါဘူး။ ဒီဗွီဒီယိုကို ယူကျုဝက်ဘ်ဆိုဒ်နဲ့ အစ္စလာမ္မစ်အုပ်စုတွေ ကြေညာချက်တွေ ထုတ်ပြန်ရာမှာ အသုံးပြုလေ့ရှိတဲ့ ဆာဟာရမီဒီယာတွေ လို့ခေါ်ဆိုတဲ့ မောရစ်သျှဝက်ဘ်ဆိုဒ်မှာလည်း တင်ထားပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးထားတဲ့ အဲဒီဗွီဒီယိုထဲက လူ ၂ ယောက်ကို မျက်နှာဖုံးဝတ်ထားတဲ့ အင်တာဗျူးသူက သူတို့လွတ်မြောက်ရေးအတွက် ညှိနှိုင်းနေကြောင်း၊ ဒါပေမယ့် မအောင်မြင်သေးကြောင်း ပြောနေပါတယ်။ တောင်အာဖရိကမှ စတီဖင် မဲလ်ကွမ် မက်ဂိုဝမ်နဲ့ ဆွီဒင်မှ ယိုဟန် ဂတ်စ်တဖှ်ဆွန်တို့ဟာ အစိုးရကနေ ကူညီပေးဖို့ တောင်းဆိုနေတာပါ။ ဓားစာခံ ၂ ယောက်လုံးမှာတော့ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာတွေတော့ မတွေ့ရပါဘူး။ ဗွီဒီယိုရိုက်ကူးတဲ့ နေ့စွဲက မရှင်းလင်းပေမယ့် မက်ဂိုဝမ်ရဲ့မိခင်ဖြစ်သူ မွေးနေ့နဲ့ သူ့ရဲ့ မင်္ဂလာဆောင်တဲ့နေ့တွေကို ရက်စွဲတပ်ထားပါတယ်။ ရိုက်ကူးထားတဲ့ နေရာကို မပြောထားပေမယ့် ရုပ်သံ နောက်ခံစကားပြောသူက မူဂျာဟစ်ဒင် ထိန်းချုပ်မှုအောက်က နယ်မြေသစ်လို့ ဖော်ညွှန်းထားပါတယ်။ မက်ဂိုဝမ်ကတော့ သူတို့ကို မာလီမှာ ထိန်းသိမ်းထားတာလို့ အရိပ်အမြွက် ပြောပါတယ်။ အဲ့ဒီဗွီဒီယိုမှာ ပြန်ပေးဆွဲသူတွေဟာ အသံပိုင်း ရုပ်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်တွေ ထည့်ထားပြီး အိုင်အက်စ်တွေ အသုံးပြုတဲ့ ခေတ်မီ ရုပ်သံထုတ်လုပ် နည်းပညာတွေကို တုပပြုလုပ်ထားပုံ ရတယ်လို့လည်း ဆိုပါတယ်။
6 years Ago
Up