အယ်လ်ကိုင်းဒါး

August 4, 2017

၂၀၁၁ ခုနှစ်က ပြန်ပေးဆွဲခဲ့သည့် တောင်အာဖရိကနိုင်ငံသားကို အယ်လ်ကိုင်းဒါး ပြန်လွှတ်

အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ ၂၀၁၁ ခုနှစ်တည်းက ပြန်ပေးဆွဲထားတဲ့ တောင်အာဖရိကနိုင်ငံသားကို ပြန်လွှတ်ပေးလိုက်ပါတယ်။ မာလီနိုင်ငံမြောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားမြို့ တင်ဘွတ်တုကနေ အယ်လ်ကိုင်းဒါးတွေ ပြန်ပေးဆွဲတာခံရတဲ့ တောင်အာဖရိကနိုင်ငံသား စတီဖင် မက်ဂိုဝမ်ဟာ ပြန်လွတ်လာပြီး အိမ်ပြန်ရောက်ပြီလို့ မာလီ နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက သြဂုတ် ၃ ရက်မှာ ပြောလိုက်ပါတယ်။ မက်ဂိုဝမ်ဟာ ဂျာမန်၊ ဆွီဒင်နဲ့ ဒတ်ခ်ျလူမျိုး တယောက်စီတို့နဲ့အတူ မော်တော်ဆိုင်ကယ်စီးရင်း မာလီနိုင်ငံတွင်း လည်ပတ်စဉ် ပြန်ပေးဆွဲခံခဲ့ရတာပါ။ ခုတော့ ဆေးဘက်ဆိုင်ရာစစ်ဆေးမှု ခံယူနေပြီး အကြီးစားဒဏ်ရာ မရဘူးလို့ ဝန်ကြီး အန်ကိုအာနာ မရှာဘန်က ပြောပါတယ်။ မက်ဂိုဝမ်နဲ့အတူ တင်ဘွတ်တု စားသောက်ဆိုင်ကနေ ပြန်ပေးဆွဲခံရတဲ့ ဆွီဒင်နိုင်ငံသားက ဇွန်လမှာ လွတ်မြောက်ခဲ့တာပါ။ ပြန်ပေးဆွဲသူတွေက အမေရိကန်ဒေါ်လာ ၅ သန်းပေးမှ သူ့ကို ပြန်လွှတ်ပေးမယ်လို့ တောင်းဆိုခဲ့ပေမယ့် အစိုးရက ငြင်းပယ်ခဲ့တယ်လို့ ဆွီဒစ်ရှ်ရေဒီယိုက ပြောပါတယ်။ ဂျာမန်သူငယ်ချင်းက ပြန်ပေးဆွဲခံရပြီး မကြာခင် အသတ်ခံခဲ့ရပြီး ဒတ်ခ်ျလူမျိုးကိုတော့ ၂၀၁၅ ခုနှစ် ပြင်သစ်အထူးတပ်ဖွဲ့ဝင်တွေ စီးနင်းမှုအတွင်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အယ်လ်ဂျီးရီးယား အစိုးရကို ၁၉၉၀ ပြည့်လွန်နှစ်တွေက တိုက်နေတဲ့ အစ္စလာမ္မစ် လှုပ်ရှားမှုကနေ ကွဲထွက်လာတဲ့ အုပ်စုဟာ မာလီမြောက်ပိုင်းကို ဝင်လာခဲ့တာပါ။ အနောက်အာဖရိကတလွှားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှု၊ ဒါဇင်နဲ့ချီတဲ့ အနောက်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
4 years Ago

April 5, 2016

အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်စ်ရာတပ်ဦးခေါင်းဆောင် သေဆုံး

ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်းဒါး ဂိုဏ်းကွဲ နတ်စ်ရာတပ်ဦးရဲ့ ထင်ရှား သြဇာကြီးတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အဘူ ဖီရတ်စ် သေဆုံးခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ဧပြီ ၄ ရက်နေ့မှာ ပြောပါတယ်။ အစ္စလာမ္မစ် သူပုန်သတင်းရင်းမြစ်တွေက အဘူ ဖီရတ်စ်ဟာ အစ္စလာမ္မစ်တွေဘက်ကို ယိမ်းလို့ ၁၉၇၀ ပြည့်လွန်နှစ်တွေက အထုတ်ခံရတဲ့ ဆီးရီးယားစစ်တပ် အရာရှိဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ စစ်သွေးကြွအုပ်စုကို တည်ထောင်သူ အဖွဲ့ဝင်လည်းဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အာဖဂန်နစ္စတန်မှာ တိုက်ခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။ သူဟာ နတ်စ်ရာတပ်ဦး မူဝါဒချမှတ်ရေးကောင်စီရဲ့ အကြီးတန်းအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဧပြီ ၃ ရက်နေ့က ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အယ်လ်ကိုင်းဒါး အဆင့်မြင့် အရာရှိတွေရဲ့ အစည်းအဝေးကို အဘူဖီရပ်စ် တက်ရောက်နေတုန်း အမေရိကန် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက ပြောပါတယ်။ အမေရိကန်ဟာ အရင်က နတ်စ်ရာတပ်ဦးကို ပစ်မှတ်ထားခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်စစ်တပ် အများစုက အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယား အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားပါတယ်။
6 years Ago
More News
Up