အယ်လ်ကိုင်းဒါး

July 22, 2015

အမေရိကန် လေကြောင်းထိုးစစ်အတွင်း အယ်လ်ကိုင်းဒါး ခေါင်းဆောင် သေဆုံး

အယ်လ်ကိုင်းဒါးအဖွဲ့မှာ စစ်ဆင်ရေးတွေကို ကြိုးကိုင်တဲ့ နာမည်ကြီးခေါင်းဆောင် မူဆင်း အယ်လ် ဖတ်ဒီဟာ အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း သေဆုံးသွားပြီလို့ ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၂၁ ရက်နေ့က ပြောပါတယ်။ သူဟာ ခိုရက်ဆန်အုပ်စုမှာ အရေးကြီးတဲ့ ခေါင်းဆောင်တယောက်ဖြစ်ပြီး ကျန်ခဲ့တဲ့ ၂ ပတ်က ဆီးရီးယား အနောက်မြောက်ဒေသမှာ ကားနဲ့ ခရီးသွားနေတုန်း သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အယ်လ်ကိုင်းဒါး အတွင်းစည်းထဲမှာ ပါဝင်ခဲ့ပြီး ၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကို ကြိုတင် သိရှိခွင့်ရတဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့တယ်လို့ ပင်တဂွန် ပြောခွင့်ရသူ ရေတပ်ဗိုလ်ကြီး ဂျက်ဖ် ဒေးဗစ်က ပြောပါတယ်။ အယ်လ် ဖတ်ဒီဟာ ၂၀၀၂ အောက်တိုဘာလက ကူဝိတ်နိုင်ငံ ဖေလာကာကျွန်းပေါ်က အမေရိကန် မရိန်းအဖွဲ့ကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သလို ပြင်သစ်သင်္ဘော အမ်ဗီလမ်းဘာ့ဂ်ကို တိုက်ခိုက်ရာမှာလည်း ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ အယ်လ်ကိုင်းဒါးအဖွဲ့ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်မှာ အဓိက လှုပ်ရှားတယ် ဆိုပေမယ့် ဆီးရီးယား ပြည်တွင်းစစ် ပေါက်ကွဲတဲ့ အခါမှာတော့ အယ်လ်ကိုင်းဒါးအနွယ်  ဆီးရီးယားအခြေစိုက် နက်ဆာရာ တပ်ဦးကို အင်အားဖြည့်ပေးနေတယ်လို့ ယုံကြည်ထားကြပါတယ်။ အယ်လ် ဖတ်ဒီဟာ ကူဝိတ်နွယ်ဖွားတဦးဖြစ်ပြီး ၂၀၁၄ စက်တင်ဘာတုန်းကလည်း အခုလိုပဲ အမေရိကန်လေကြောင်း ထိုးစစ်အတွင်း သေဆုံးသွားပြီလို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ အိမ်ဖြူတော်နဲ့ ပင်တဂွန်တို့က အတည်ပြုချက် မပေးခဲ့ပါဘူး။
6 years Ago
Up