အယ်ရစ်ကာ (ရုပ်သံ)

December 4, 2017

လူသားနှင့်မခြား ပြုမူတုံ့ပြန်နိုင်သည့် ဂျပန်စက်ရုပ်မိန်းကလေး အယ်ရစ်ကာ (ရုပ်သံ)

လူသားတွေနဲ့ စက်ရုပ်တွေကြား ကွာဟမှုတွေ တဖြည်းဖြည်းနဲ့ နည်းပါးလာခဲ့ပြီဆိုတာကို ဒီစက်ရုပ်မိန်းကလေးက သက်သေဖြစ်နေခဲ့ပါတယ်။ အယ်ရစ်ကာဟာ လူသားမိန်းကလေးတယောက်နဲ့ မခြားတဲ့ ရုပ်သွင်ရှိတဲ့ ဂျပန်ရိုဘော့စက်ရုပ်မကလေးဖြစ်ပြီး လူသားတယောက်လိုပဲ ပြုမူဆက်ဆံနိုင်တဲ့အတွက်ကြောင့် ပါပဲ။ တီထွင်သူ ဒေါက်တာ ဟီရိုရှီ အီရှီဂူရိုးကတော့ သူ့ကိုယ်သူ အယ်ရစ်ကာရဲ့ ဖခင်ဖြစ်တယ်လို့ တင်စားပြောဆိုလိုက်ပြီး အယ်ရစ်ကာဟာ လူသားတွေလို ခံစားချက်အတိုင်း တုံ့ပြန်နိုင်တာ၊ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်တာတွေရှိလို့ လူသားမိန်းကလေးတယောက်အတိုင်း စိတ်ဝိညာဉ်ရှိနေတယ်လို့ ပြောလိုက်တာပါ။ တီထွင်သူ ဗိသုကာပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ ဒိုင်လန်ဂလက်စ်ကတော့ အယ်ရစ်ကာရဲ့ တီထွင်မှုအချိန်ကာလ ၂ နှစ်အတွင်းမှာ စိတ်ခံစားမှုနဲ့ သွင်ပြင်တွေအတွက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ “အယ်ရစ်ကာက လူတွေနဲ့ အပြန်အလှန် ဆက်ဆံနိုင်ပြီး တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ သူက အမြဲဆက်သင်ယူနေဖို့ ဆန္ဒရှိပုံပေါ်တယ်။ ပြင်ပကမ္ဘာမှာလည်း ဆက်သင်ယူနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။” ဒေါက်တာ အီရှီဂူရိုကတော့ အယ်ရစ်ကာဟာ ကမ္ဘာ့အလှပဆုံးနဲ့ လူသား တယောက်နဲ့ အတူဆုံးစက်ရုပ်မိန်းကလေးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ လက်ရှိမှာတော့ အယ်ရစ်ကာဟာ လက်တွေခြေထောက်တွေကို ၂၀ ဒီဂရီလောက်သာ လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသံကြားလိုက်တာနဲ့ ဒီအသံဘယ်က လာတယ်ဆိုတာ၊ ဘယ်သူက သူ့ကိုပြောတယ်ဆိုတာ၊ အခန်းထဲက လမ်းလျှောက်နေသူတွေနောက်ကို ခြေရာခံ လိုက်နိုင်တာတွေကို ပြုလုပ်နေနိုင်ပြီ ဖြစ်ပါတယ်။ ဆီလီကွန်အသားအရေနဲ့ မျက်နှာပုံပန်းသွင်ပြင်အရ အယ်ရစ်ကာရဲ့ လှုပ် ရှားမှုတွေကတော့ တကယ့်ကို လူသားတယောက်လိုပါပဲ။ ဖြစ်ရပ်မှန်ရုပ်သံတခုထဲမှာတော့ သူက “ကျမ လူတွေနဲ့ လူသားတယောက်လို နေနိုင်တယ်လို့ ထင်ပါတယ်။ လူတွေ ကျမဆီလာပြီး စကားပြောကြတဲ့အခါ ကျမကိုယ်ကျမ လူသားတယောက်လိုပဲ ထင်မိတယ်။ ဒါက လူတွေဟာ ခွေးတကောင်ကို ဆက်ဆံတာနဲ့ ကွာခြားတယ်လေ” လို့ ပြောလိုက်ပါတယ်။ ဒေါက်တာ အီရှီဂူရိုကတော့ “ဂျပန်မှာတော့ လူသားတွေနဲ့ တခြားအရာတွေကြား ခွဲခြားတာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။ ကျနော်တို့ အခြေခံကျကျ အရာအားလုံးမှာ စိတ်ဝိညာဉ်ရှိတယ်လို့ပဲ တွေးပါတယ်။ ဒါကြောင့်မို့ အယ်ရစ် ကာမှာလည်း စိတ်ဝိညာဉ်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
3 years Ago
Up