အယ်ဒီတာအာဘော်

July 29, 2019

လွှတ်တော်က အစိုးရကို ငဲ့လွန်းသည် (အယ်ဒီတာအာဘော်)

၁၃ ကြိမ်မြောက် ပြည်သူ၊ အမျိုးသားနှင့် ပြည်ထောင်စုလွှတ်တော် အသီးသီး၏ ပုံမှန် အစည်းအဝေးများကို ဇူလိုင်လလယ်ပိုင်းတွင် ပြန်လည် ကျင်းပခဲ့သည်။ ယခုအကြိမ် လွှတ်တော်များ စလျှင်စချင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ၊ အစိုးရဘတ်ဂျက်ကိစ္စများက ရှေ့တန်းရောက်လာတာ တွေ့ရသည်။ အထူးသဖြင့် လာမည့် အောက်တိုဘာလတွင် စတင်မည့် အစိုးရဘတ်ဂျက် တောင်းခံထားမှုကို စိစစ်မည့်ကိစ္စက လွှတ်တော်ကိုယ်စားလှယ်များအတွက် အလုပ်များစေမည့် လွှတ်တော်ကာလတခု ဖြစ်သည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အချက်ပေါင်း ၃၇၆၅ ပါ အစီရင်ခံနှင့် စပ်လျဉ်းပြီး ဆွေးနွေးကြမည့် ကိုယ်စားလှယ်ပေါင်း ၁၂၀ ကျော်၏ ဆွေးနွေးချက်များကလည်း စောင့်ကြည့်စရာ ဖြစ်လာနေသည်။ လွှတ်တော်များ ပြန်လည်စတင်ပြီး များမကြာမီမှာပင် အရေးကြီးအဆို ၂ ခု ပယ်ချခံရသည့်သတင်း ထွက်ပေါ်လာတာလည်း ကြားသိလိုက်ရသည်။ တခုက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တင်မည့် မီတာခ တိုးမြှင့်ကောက်ခံရေးကို ဆိုင်းငံ့ထားရန် အရေးကြီးအဆို တင်သွင်းခွင့်မရဖြစ်ပြီး နောက်တခုက ရခိုင်နှင့် ချင်းပြည်နယ်က မြို့နယ် ၉ ခုတွင် အင်တာနက်ဖြတ်ထားခြင်းကို ပြန်လည်ခွင့်ပြုရန် အဆိုတင်သွင်းခြင်းတို့ ဖြစ်သည်။ ၁၃ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်ပြီ ဆိုကတည်းက အထက်ပါ ကိစ္စရပ် ၂ ခု လွှတ်တော်များထံ ရောက်လာမည်ဟု ခန့်မှန်းမိသလို ထင်သည့်အတိုင်း ရောက်လာခဲ့သည်။ လွှတ်တော်က ခွင့်မပြုဆိုသည့်အပိုင်းကို လှမ်းမျှော်ကြည့်မိရာ အစိုးရက ဆုံးဖြတ်လုပ်ကိုင်ထားပြီးဖြစ်၍ အစိုးရတရပ်အနေဖြင့် အကျပ်မတွေ့အောင် တင်ခွင့်မပြုခြင်း ဖြစ်နိုင်ဟု သုံးသပ်ရသည်။ သို့သော် တဖက်ကကြည့်လျှင်မူ မီတာခတိုးကောက်ခြင်း ဆိုင်းငံ့ပေးရန် အဆိုကို လွှတ်တော်တွင် တင်သွင်းခွင့်ပြုလျှင် အဘယ်အကြောင်းကြောင့် အစိုးရက မီတာခတိုးကောက် ဆိုသည်ကို လွှတ်တော်မှတဆင့် ပြည်သူက ရှင်းရှင်းလင်းလင်း သိသွားနိုင်သည်။ အလားတူ ရခိုင်တွင် အင်တာနက်ဖြတ်ထားရခြင်းသည် မည်သို့သောအကြောင်းကြောင့် ဖြစ်သည် ဆိုသည်ကိုလည်း လွှတ်တော်မှတဆင့် ပြည်သူက သတင်းရသွားနိုင်သည်။ ပြည်သူသိခွင့်ရလျှင် ပြည်သူက နားလည်ပေးနိုင်ပြီး အစိုးရအပေါ် စာနာမှုပေးနိုင်သလို ပြည်သူ့အသံ လွှတ်တော်အသံ ဆိုသည့်ဆောင်ပုဒ်လည်း သက်ဝင်သွားနိုင်သည်။ ယခုတော့ လွှတ်တော်များသည် အစိုးရ အကျပ်မတွေ့အောင်ဆိုသည့် တွေးမြင်ချက်များနှင့် အရေးကြီးအဆိုများကို ပယ်ချနေသည့်အတွက် လွှတ်တော်များသည် အစိုးရကို ငဲ့လွန်းသည်ဟု ဆိုလိုက်ချင်သည်။ အခြားတဖက်တွင်လည်း အန်အယ်လ်ဒီအစိုးရနှင့် အန်အယ်လ်ဒီလွှတ်တော် ဘာလုပ်လုပ် တင့်တယ်နေတော့သည်ဟု ဝေဖန်စရာလည်း ဖြစ်သည်။ ခေတ်စားနေသည့်စကားနှင့် ဆိုရလျှင်မူ ထိန်းကျောင်းခြင်းအနုပညာနှင့် ငဲ့ကွက်ခြင်းအနုပညာတို့ ရောထွေးယှက်တင်နေသည်ဟု ဆိုရပေမည်။
4 years Ago

July 22, 2019

ခွေးပေါက်ဖွားနှုန်း ချိန်ကိုက်ဗုံးအရေး (အယ်ဒီတာအာဘော်)

ယခုအစိုးရလက်ထက်တွင် ခွေးရူးကာကွယ်ဆေးများအတွက် ကျပ် ၁၅ ဘီလီယံခန့် သုံးစွဲထားရသည်ဟု ဇူလိုင်လအတွင်း ကျင်းပနေသည့် ပြည်သူ့လွှတ်တော်တရပ်တွင် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ နှစ်စဉ် ခွေးကိုက်နှုန်းများ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်တွင် ခွေးကိုက်ခံရသည့် လူပေါင်း ၁၈၀၀၀၀ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၉၂၀၀၀ ဦးကျော်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ယခုခြောက်လအတွင်း အယောက် ၆၀၀၀၀ အကိုက်ခံခဲ့ရသည်။ ပျမ်းမျှ တလလျှင် လူအယောက် ၁၂၀၀၀ ခန့် အကိုက်ခံနေရခြင်းဖြစ်ပြီး ခွေးရူးအကိုက်ခံရသဖြင့် လူသေဆုံးမှုများလည်း ရှိနေသည်။ ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရ ခွေးရူးရောဂါကြောင့် ၂၀၁၄ ခုနှစ်တွင် ၁၅၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၉၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၉ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၇၈ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၆၉ ဦး၊ ၂၀၁၉ ခုနှစ်တွင် ယခုအချိန်ထိ ၄၁ ဦး အသီးသီး သေဆုံးခဲ့ကြရသည်။ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တွင် Dog Bite Treatment Centre ဆိုပြီး မေလ ၂၉ ရက်တွင် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ သင်္ဃန်းကျွန်းနှင့် အင်းစိန်တို့တွင် ဖွင့်လှစ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ အဆိုပါစင်တာများ ဖွင့်လှစ်အပြီး တလခွဲအတွင်း လူ ၃၃၂၆ ဦးကို ခွေးရူးကာကွယ်ဆေး အကြိမ်ပေါင်း ၁၁၄၆၈ ထိုးလိုက်နိုင်သည်ဟုလည်း ဌာနက ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ခွေးသန်းခေါင်စာရင်းအရ ပိုင်ရှင်ရှိခွေး ၄ သန်း၊ ပိုင်ရှင်မဲ့ခွေး ၂ သန်းကျော် ရှိသည်ဟု သိရပြီး ခွေးပေါက်ဖွားနှုန်း ကြောက်ခမန်းလိလိ တိုးမြင့်နေသည်။ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးက ခွေးပေါက်ဖွားနှုန်းသည် Time Bomb အချိန်ကိုက်ဗုံးကြီးနှင့် တူနေသည်ဟု ပြည်သူ့လွှတ်တော်တွင် ထုတ်ပြောသွားသည်။ “ခွေးက သားမွေးပေါက်မည်ဆိုပါက ၎င်းခွေးများကို ကာကွယ်ဆေးများ လိုက်ထိုး၍ ပြီးမည့်ကိစ္စ မဟုတ်ဘဲ နောက်ထပ် အနှစ်တရာလည်း ပြီးမည်မဟုတ်သည့်အတွက် ခွေးပေါက်ဖွားနှုန်းကို လျှော့ရန်လိုတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ထောက်ပြသွားသည်။ ခွေးအရေးကို လက်တွေ့ကျသော မဟာဗျူဟာ နည်းဗျူဟာနှင့် လုပ်ဆောင်ကြရန် လိုအပ်နေပြီး လူမှုယဉ်ကျေးမှုဆိုင်ရာ ထောက်တိုင် (Socio Cultural Pillar)၊ နည်းပညာဆိုင်ရာ ထောက်တိုင် (Technical Pillar)၊ အဖွဲ့အစည်းဆောင်ရွက်မှုဆိုင်ရာ (Organization Pillar) နှင့် အုပ်ချုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာ (Political and Administrative Pillar) များ အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်မှသာလျှင် အောင်မြင်မည်ဖြစ်သည်။ ဥပဒေလည်းရှိပြီးဖြစ်ကာ နိုင်ငံတော်အနေဖြင့် စည်ပင်သာယာရေး ဥပဒေများဖြစ်သော ရန်ကုန် (၂၀၁၈)၊ မန္တလေး (၂၀၀၂)၊ နေပြည်တော် (၂၀၀၉)၊ ၂၀၁၀ တပ်မြို့စည်ပင်သာယာရေး ဥပဒေများတွင် မြို့တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သော တိရစ္ဆာန်များကို အဆိပ်ကျွေးသုတ်သင်ခြင်း အပါအဝင် သင့်လျော်သော နည်းလမ်းများဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊ အချိန်မရွေး ဖမ်းဆီးခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံသို့ ပို့ဆောင်ခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။ သို့သော် ဥပဒေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် နှိမ်နင်း လုပ်ဆောင်မှုကို ယနေ့အထိ မမြင်မတွေ့ရသေးပေ။ ယခုတခါ ကာကွယ်ဆေးထိုးပြီး ဖြေရှင်းနိုင်မည်လား ဆိုသည်ကို လွှတ်တော်တွင် တင်ပြ ဆွေးနွေးလာကြပြန်ရာ လမ်းဘေးခွေး အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ခွေးအားလုံးကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံရန်လုပ်ငန်းသည် လက်တွေ့မကျသော လုပ်ငန်းဟု တင်ပြလိုရင်လည်း ဖြစ်သည်။
4 years Ago
More News
Up