အယ်ဒီတာစကားဝိုင်း

August 17, 2016

အစိုးရသစ်လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး - အယ်ဒီတာစကားဝိုင်း

ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အခုလာမယ့် သြဂုတ်လ ၁၇ ရက်မှာဆိုရင် နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးစဉ် ၄ ရက်သွားဖို့ ရှိပါတယ်။ အဲဒီလိုပဲ သြဂုတ်လ ၁၀ ရက်ကနေပြီးတော့ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေးရာ ၀န်ကြီး မစ္စတာရှောင်ထုံကလည်း ဗမာပြည်ကို ၄ ရက်တာခရီးစဉ် ရောက်ရှိနေပါတယ်။ အခုအဲဒါတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကလည်း ဒီသြဂုတ်လအကုန်မှာ ကျင်းပဖို့ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဒီနေ့ဆွေးနွေးမှာကတော့ တရုတ်-မြန်မာ ဆက်ဆံရေးပေါ့။ တချိန်လုံး ပြောလာကြတာကတော့ ပေါက်ဖော်ပေါ့။ ပေါက်ဖော်ဆိုတာကတော့ ဗမာလိုတော့ ဆွေမျိုးတွေပေါ့။ အဲဒါတွေက တချိန်တုန်းကတော့ ကျနော်တို့ အရင်အစိုးရ အဟောင်းတုန်းကတော့ တရုတ်နဲ့ စစ်အစိုးရနဲ့ တော်တော်လေးကို ရင်းနှီးဆက်ဆံခဲ့တယ်။ အစိုးရသစ်လက်ထက်မှာတော့ သိပ်ရင်းနှီးမှု မရှိဘူး။ အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ဇူလိုင်တုန်းက တခေါက်ပဲ တရုတ်ပြည်  သွားခဲ့ဖူးတယ်ပေါ့။ အဲတော့ ကျနော်တို့ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်အရာရှိတွေ ဗမာပြည် ရောက်နေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အဓိက သုံးသပ်တဲ့ သူတွေကတော့ ၂၁ ပင်လုံထိုးရေး၊ နောက်တခု ဗမာပြည်မြောက်ဘက်ပိုင်းမှာရှိတဲ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဆက်နွယ်တယ်လို့ အဓိက သုံးသပ်ကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဒီခရီးစဉ်ကနေပြီးတော့ ဒေါ်စုသွားမှာရော၊ အခု သူတို့ဆီကလာပြီးတော့ တရုတ်ရဲ့ အဆင့်မြင့် Engage လုပ်နေတဲ့ အပေါ်ကရော ကျနော်တို့ ဘာတွေမျှော်လင့်လို့ရတယ်။ ဘာတွေဖြစ်လာနိုင်လဲ အဲဒီကစပြီးတော့ ဆွေးနွေးပေးပါခင်ဗျ။” ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) “ပထမဦးဆုံး ကျနော်ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီခရီးစဉ်ကို စီစဉ်တဲ့နေရာမှာ တော်တော်လေး မဟာဗျူဟာအနေအထားနဲ့ စဉ်းစားတယ်လို့ ကျနော်က ယူဆပါတယ်။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အားလုံးက အာဆီယံနိုင်ငံတွေနဲ့ပဲ ပတ်သက်တယ်။ မဟာဗျူဟာနိုင်ငံဆိုတာ အိန္ဒိယတို့၊ တရုတ်တို့၊ အမေရိကန်တို့ပေါ့။ အဲဒီအထဲမှာ ပထမဦးဆုံး သူရွေးချယ်လိုက်တာက တရုတ်ပြည်ဖြစ်တယ်။ အဲလိုဖြစ်ရတဲ့အကြောင်းက ယေဘုယျအားဖြင့် ကျနော်တို့ခန့်မှန်းကြည့်တဲ့အခါမှာ နံပါတ် (၁) က အရင်အစိုးရလက်ထက်က ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်တည်ရှိမှာလား။ နောက်တခုကတော့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတဲ့အခါမှာ တရုတ်ပြည်ဆီကနေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုအကူအညီမျိုးနဲ့ ဘယ်လိုအားပေးမှုမျိုး ရနိုင်သလဲ။ နောက်ထပ် ဒုတိယတချက်ကတော့ ကျနော်တို့ မြစ်ဆုံအပါအ၀င်ပေါ့။ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အဖြေပေးရမယ့် အနေအထားတခု ရောက်လာပြီလို့ ယူဆပါတယ်။ အဲဒီအနေအထားပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒီခရီးစဉ်ကို ရွေးချယ်စီစဉ်လိုက်တာလို့ ကျနော်က ယူဆပါတယ်ခင်ဗျ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ အဲလိုပါပဲ ဆရာဇေယျာသူကိုလည်း ကျနော်မေးချင်ပါရစေ။ အခု တရုတ်-ဗမာ ဆက်ဆံရေးပေါ့။ အထူးသဖြင့်တော့ အစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ စိပ်လာတယ်။ နောက်တခုက ကျနော်တို့ ဒီချုပ်အစိုးရတက်ပြီး ဧပြီ ၅ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီဟာ ဗမာပြည်ကို ၂ ရက်တာ လာခဲ့တယ်ပေါ့ဗျာ။ အထူးသဖြင့်တော့ သူက ပါတီတူပါတီပေါ့။ ဒီချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီက အရင်တုန်းက အဆက်အဆံ သိပ်မရှိဘူးပေါ့။ အဲဒါနဲ့ ပတ်သက်လို့ကော ဒီခရီးစဉ်ဟာ ကျနော်တို့ တရုတ်-မြန်မာ ဆက်ဆံရေး ဘယ်လိုတိုးတက်လာနိုင်လဲ။ နောက်တခုကတော့ ဗမာပြည်သူတွေအတွက် ဘာများရဖို့ မျှော်လင့်ချက် ရှိပါသလဲခင်ဗျ။ အဲဒါလေး ဖြည့်စွက် ဆွေးနွေးပါဦးခင်ဗျ။" ကိုဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice Weekly) “အခုကတော့ တရုတ်က မြန်မာကို ပိုးတာပေါ့လေ။ ကျနော်တို့ အစိုးရသစ်ကို ပိုးတဲ့ဟာ အကြိမ်များလာတာပေါ့။ မြန်မာဘက်ကလည်း ဒါက ဒီလိုပဲ တုံ့ပြန်တာတွေတော့ ရှိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲနိုင်ပြီး ပထမဆုံး စတွေ့တာက တရုတ်သံအမတ်က ပထမဦးဆုံး စတွေ့တဲ့ သံအမတ်။ တော်တော်လည်းကြာတယ်ပြောတယ်။ အခုလည်း ကျနော်တို့ ဆက်တိုက်ပဲပေါ့ လာနေကြတော့ ဒါ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အပြန်အလှန်အနေနဲ့ အင်အားကြီးနိုင်ငံတွေ ရှိတဲ့အထဲမှာမှ သူက တရုတ်ကို ရွေးလိုက်တာက အရင်အစိုးရတွေလည်း ဒါမျိုးပဲပေါ့နော်။ တရုတ်ကို ကျနော်တို့ကတော့ ချစ်ကြည်ရေးကို မပျက်အောင်လို့ စဉ်းစားရတဲ့ အစဉ်အလာကို ဆက်ထိန်းလိုက်တာ တွေ့ရတယ်။ အဲဒီအခါကျတော့ တရုတ်ကလည်း မြန်မာနဲ့က အပြန်အလှန် လိုအပ်နေတာကိုး။ ဘာလို့လဲဆိုတော့ မြန်မာပြည်ကလည်း တရုတ်နဲ့က ကုန်သွယ်ဘက်လည်းဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုလည်း အဆက်အဆံရှိတယ်။ ပြီးတဲ့အခါကျတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်တို့မှာ တရုတ်ဘက်က အများကြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ရှိတယ်။ ဥပမာ တရုတ်နယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးတဲ့ လက်နက်ကိုင်တွေ ရှိတဲ့အခါကျတော့ တရုတ်ကို မြန်မာက လိုအပ်တယ်ပေါ့နော်။ မြန်မာကိုလည်း တရုတ်က လိုအပ်တယ်။ ဘာလို့လဲဆိုတဲ့အခါကျတော့ သူ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်။ နောက်ပြီးတဲ့အခါကျရင် အမေရိကန်က တရုတ်ကို ၀ိုင်းပတ်ဖို့ စဉ်းစားတဲ့အခါမှာ မြန်မာက ကျမသွားအောင်လို့ လုပ်ရမယ့်ဟာတွေ ရှိတယ်။ ဆိုတဲ့အခါကျတော့ ဒါက ကျနော်တို့က ကောင်းတဲ့အလားအလာ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ နိုင်ငံငယ်တခုအနေနဲ့ကတော့ အင်အားကြီးတဲ့နိုင်ငံတွေ မှန်သမျှနဲ့က သင့်တင့်မျှတတဲ့ ဆက်ဆံရေး ရှိဖို့လိုတယ်။ အဲဒီအချိန်မှာ တဘက်ကလည်း ကိုယ့်ကို လိုလိုလားလား ဆက်ဆံလာတဲ့အတွက်ကြောင့် ဒါကို အခွင့်ကောင်းယူပြီးတော့ ကိုယ့်နိုင်ငံ အကျိုးစီးပွားဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒါလေးကိုတော့ ကြည့်ရမှာပေါ့။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ပါခင်ဗျာ။ ဆရာဇေယျာသူကတော့ တရုတ်က ဗမာကို ပိုးနေပြီပေါ့နော။ အဲဒါနဲ့ပတ်သက်လို့ ဆက်ဆံရေးတွေလည်း ပိုစိပ်လာတယ်ပေါ့ဗျာ။ အဲဒါနဲ့ တပြိုင်တည်းမှာပဲပေါ့။ ကျနော်တို့ကတော့ ဒီလို သံတမန် အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်လာတာကနေပြီးတော့ တကယ်တမ်း လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်ကနေပြီးတော့ ပြောထားပါတယ်။ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို သူတို့ ဒေါ်လာ ၃ သန်းကူမယ်။ နောက် မြောက်ပိုင်းမှာ အရင်တုန်းကတော့ Buffer ဇုန်လိုမျိုး ထားခဲ့ရာကနေပြီးတော့ နောက်ပိုင်းတော့ စီးပွားရေး ပိုပြီးတော့ ဆက်ဆံမှု တိုးမြှင့်တဲ့ပုံစံမျိုး ဖြစ်လာတာပေါ့နော်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်သွားမယ့် ခရီးစဉ်မှာရော တကယ်တမ်း ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုထိရောက်မှုရှိလဲ။ အဲလိုပဲ မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ ကိုဇေယျာသူ ပြောသလိုမျိုး ကျနော်တို့ ကချင်ရှိမယ်၊ ၀ ရှိမယ်၊ မိုင်းလားရှိမယ်။ တခြား အဲဒီ တရုတ်နယ်စပ်မှာနေတဲ့ လူမျိုးစုလက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားနိုင်လဲ ဆိုတာလေးကို ဆရာဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။” ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) “ပြီးခဲ့တဲ့ ကျနော်တို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်တဲ့ ကိုယ်စားလှယ်တွေ တော်တော်များပါတယ်။ အမေရိကန်ကလည်း ဒီ သံတမန်တွေဘာတွေ လာရောက်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်တယ်။ နောက် နော်ဝေတို့၊ အီးယူတို့ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကူညီပေးတယ်။ ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည်ခေတ်လုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွင်းမှာ အနောက်တိုင်းနိုင်ငံတွေရဲ့ အနေအထား နည်းနည်းလေး နောက်ကိုဆုတ်သွားတာ တွေ့ရတယ်။ မိုင်ဂျာယန်မှာ အခုကြည့်တဲ့အခါမှာ အဓိက နိုင်ငံတကာ ကိုယ်စားလှယ်ဆိုလို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်လာတယ်။ နောက်ပြီးတော့ အရှေ့တောင်အာရှဆိုင်ရာ တရုတ်ရဲ့ နိုင်ငံခြားရေးဆိုင်ရာ ဆက်ဆံရေး ကိုယ်စားလှယ် မစ္စတာဆွန် လာတယ်။ ကျန်တဲ့ အနောက်နိုင်ငံက ဗမာပြည်ကဆိုရင် အမေရိကန် သံအမတ်တောင် လာတာ မတွေ့ရဘူး။ အဲဒါက အရင်နဲ့မတူတဲ့ ထူးခြားတဲ့ အပြောင်းအလဲတခုပေါ့။ နောက်တခုကတော့ အခု မိုင်ဂျာယန် အစည်းအဝေးဆိုတာ အဓိကအားဖြင့် ယူအန်အက်ဖ်စီက ဦးဆောင်ပြီးတော့ လုပ်တဲ့ အစည်းအဝေး ဖြစ်တာကိုး။ ဒါပေမယ့် ဗမာပြည်ငြိမ်းချမ်းရေး ပြဿနာမှာ ယူအန်အက်ဖ်စီနဲ့ သီးခြားခွဲနေတဲ့ ‘၀’ ယူဒဗလျူအက်စ်အေ ခေါင်းဆောင်တဲ့ အင်အားစုတွေက သီးသန့်ရှိနေတယ်။ အဲဒီထဲမှာဆိုရင် မိုင်းလားပါတယ်။ အခုဆိုရင် နောက်ပိုင်းဆက်ဆံရေးအရဆိုရင် ကျနော်တို့ သိရသလောက်ဆိုရင် ပလောင်တို့ ကိုးကန့်တို့ အေအေတို့ ဒီအဖွဲ့အစည်းတွေကလည်း ၀အဖွဲ့နဲ့ ပိုပြီးတော့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာတာ တွေ့ရတယ်။ အဲတော့ ဆိုလိုတာက ငြိမ်းချမ်းရေးကိစ္စကို ပြောကြတဲ့အခါမှာ အင်အားစုက သုံးစုဖြစ်လာတယ်။ ဆိုလိုတာက တပ်မတော်ရယ်၊ ယူအန်အက်ဖ်စီရယ်၊ နောက်ပြီးတော့ ၀ အဖွဲ့ ဦးဆောင်တဲ့ အင်အားစုတွေ။ အဲတော့ သူတို့ မိုင်ဂျာယန် အစည်းအဝေး ကျင်းပနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ၀ အဖွဲ့နဲ့ မိုင်းလားအဖွဲ့ ခေါ်ပြီးတော့ ဆွေးနွေးတယ်။ အဲတော့ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်က အားလုံးပါဝင်ရေးဆိုတဲ့ ကိစ္စမှာ တွန်းအားပေးနိုင်မယ့် အနေအထားက လိုအပ်တယ်။ အဲဒါကြောင့် သူတို့ဖိတ်တယ်။ တချိန်တည်းမှာ ကျနော်တို့ ဒါ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ တရုတ်ပြည်နဲ့ ဒီအဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးကလည်း တစုံတရာရှိတယ်ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်။ နောက် ကျနော်တို့ အထူးသဖြင့် တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက တခါကဆို ပြောဖူးတယ်။ ဒီ ကိုးကန့်ကိစ္စနဲ့ ပတ်သက်ရင် ကိုးကန့်ကို ဆက်လက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်တာ မလုပ်ဘဲနဲ့ အပစ်အခတ်ရပ်စဲထားဖို့၊ တဘက်သတ်ရပ်စဲထားဖို့ တရုတ်ဘက်က တိုက်တွန်းတယ်။ အဲတော့ ဆိုလိုတာက တရုတ်ပြည်ရဲ့ ပါဝင်ပတ်သက်မှုဟာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ်ဆိုတာ ကျနော်တို့ အကြောင်းအချက်အလက် များစွာကနေပြီးတော့ ဖော်ညွှန်းနေပါတယ်။ ဒါကြောင့် အခုသွားတာကလည်း ကျနော်တို့ ၂၁ ရာစုပင်လုံ ကျင်းပခါနီး ရက်ပိုင်းမှာ သွားတာဖြစ်တဲ့အတွက် အဲဒီ တရုတ်ပြည်ရဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ကူညီမှုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖိတ်ခေါ်တဲ့၊ ကမ်းလှမ်းတဲ့ကိစ္စက တော်တော်လေး အရေးပါမယ်လို့ ကျနော်ယူဆပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာဇေယျာသူကိုလည်း ကျနော် ဒီဟာပဲ မေးပါ့မယ်။ အခုလိုသွားနေတာ တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့်လာမှုပေါ့။ အရင်တုန်းကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒေါက်တာမင်းဇော်ဦးက ပြောဖူးတယ်။ မြောက်ပိုင်းတပ်ဖွဲ့တွေ မထိုးတာ တရုတ်ပြည်ရဲ့ ပတ်သက်မှုပါတယ်ဆိုတာ ၀န်ကြီးဦးအောင်မင်း လက်ထက်တုန်းက။ အဲတော့ အဲဒီလို အခြေအနေကနေ ဆက်ဆံရေးကောင်းလာတယ်။ တိုးမြှင့်လာတယ်။ စောစောက ဆရာပြောသလိုပဲ သြဂုတ်လကုန်မှာလုပ်မယ့် ၂၁ ရာစုပင်လုံ မထိုးခင်မှာ သွားကြတယ်ဆိုတော့ အခုခရီးစဉ်ကနေပြီးတော့ ငြိမ်းချမ်းရေးအပေါ် ဘယ်လိုသက်ရောက်လာနိုင်လဲ။ ဘယ်လိုမျိုး လက်တွေ့ကျတဲ့ အဖြေတွေ၊ ငြိမ်းချမ်းရေးနဲ့ ဘယ်လိုမျိုး ပိုပြီးတော့ ရလာနိုင်လဲ အဲဒါလေး ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။” ကိုဇေယျာသူ (တာဝန်ခံအယ်ဒီတာ၊ The Voice Weekly) “တရုတ်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကိုတော့ သူက ဆက်ထိန်းထားမယ်လို့ ကျနော်ထင်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးကလည်း ဒါ အများစု မြင်ကြတာကတော့ ငါးနှစ် ဆယ်နှစ်လောက်နေမှ ကျနော်တို့က ပြီးမှာဆိုတော့ ဒီကာလအတွင်းမှာ တရုတ်ကလည်း မြန်မာပြည်နဲ့ ဆက်ဆံရေး တိုးမြှင့်တဲ့အခါမှာ သူက ဖဲချပ်တချပ်အနေနဲ့ ကိုင်ထားဖို့ရှိတယ်။ အဲတော့ သူ့ဘက်ကလည်း မြန်မာပြည်ကို ပိုးတဲ့အချိန်ဖြစ်နေတဲ့ အချိန်ကျတော့ ဒါတွေက ခုနလိုမျိုး ပြည်တွင်းငြိမ်းချမ်းရေးမှာတော့ အပေါင်းလက္ခဏာတော့ ဖြစ်လာနိုင်တယ်ပေါ့။ ဆိုတော့ ဘယ်လို တကယ်ဖြစ်လာမလဲ။ ဒါတွေကတော့ ခုန ဆရာဦးသန်းစိုးနိုင်လည်း ပြောသွားတဲ့အထဲမှာ ၀ နဲ့ မိုင်းလားနဲ့ ဒါက ယူအန်အက်ဖ်စီ အစည်းအဝေး လုပ်နေတဲ့အချိန် တည့်တည့်ကြီးမှာကို သူက ရောက်လာတယ်။ ဆိုတဲ့အခါကျတော့ ဒါက တရုတ်ပြည်ရဲ့ တစုံတရာ တိုက်တွန်းအားပေးမှု ပါနိုင်တယ်ပေါ့နော်။ တချက်တည်းမှာပဲ ဘာပြန်စဉ်းစားလို့ရလဲဆိုတော့ ကျနော်တို့ ဒါ ဘယ်တော့မှ အလကားစားရတဲ့ ထမင်းတနပ်ဆိုတာ မရှိဘူးဆိုတဲ့ စကားအတိုင်းပဲ။ ကျနော်တို့က ဘာပြန်ပေးလိုက်ရလဲ။ ဒါကတော့ ကျနော် ဒေါ်စုခရီးစဉ်မတိုင်ခင်ကတည်းက နှစ်ဘက်မှာတော့ အောက်ပိုင်း ညွှန်ကြားရေးမှူး၊ ညွှန်ချုပ်အဆင့်မှာ ဒါတွေက ဘာပေးရမလဲ၊ ဘာယူရမလဲ ဒါလေးတွေကတော့ တော်တော်လေး ဆွေးနွေးပြီးသား ဖြစ်တယ်ပေါ့။ နောက်ဆုံးအဆင့် ကျန်နေသေးတဲ့ဟာကိုပဲ ခေါင်းဆောင်အဆင့် မျက်နှာချင်းဆိုင်တွေ့ပြီးတော့ ဖြတ်ရမယ့်ကိစ္စတွေရှိတော့ ကျနော့်အမြင်ကတော့ ငြိမ်းချမ်းရေးဘက်ကလည်း ကျနော်တို့က တစုံတရာ ပွင့်သွားနိုင်စရာရှိတယ်။ နောက်တခုကတော့ ငြိမ်းချမ်းရေးအပြင်ပေါ့နော် စီးပွားရေးလိုဟာမျိုး ဘယ်လိုများ ကျနော်တို့က ထပ်ပြီး တရုတ်ဆီက အာမခံချက်တွေများ ရလာနိုင်မလဲပေါ့နော်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးသက်သက်ကြီးပဲဆိုရင် ကျနော်တို့က နာနေသလို ဖြစ်နေမှာပေါ့နော်။ ကိုယ့်ပြည်တွင်းက အရေးကိုပဲ ကျနော်တို့က ဟိုဘက်က ပုဂ္ဂိုလ်ကို ကျနော်တို့က အကူအညီကို ယူလိုက်ရပြီးတော့ ဒါနဲ့ပဲ ကျနော်တို့က ပြီးသွားစရာရှိတယ်။ ဒီထက် ကျနော်တို့က ဘာများထပ်ရနိုင်သေးလဲ။ ကျနော့်စိတ်ထင်တော့ ငြိမ်းချမ်းရေးအပြင် နောက်ထပ် ရလာစရာ ကတိက၀တ်တွေ ဘာတွေ ရှိနိုင်တယ်လို့ ကျနော်ထင်တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “သံတမန်ဆက်ဆံရေးမှာ အမြဲတမ်းရန်သူလည်း မရှိဘူး၊ အမြဲတမ်းမိတ်ဆွေလည်း မရှိဘူး။ အကျိုးစီးပွားပဲ ရှိတယ်ပေါ့နော။ ငြိမ်းချမ်းရေးနောက်က ကျွဲကူးရေပါ၊ စောစောက ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုကိစ္စပေါ့။ တရုတ်ဟာဆိုရင် ဗမာပြည်မှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတယ်။ ဟောင်ကောင် မကာအိုပိုင် ဒေါ်လာ ၂၂ ဘီလီယံရှိပါတယ်။ အဲတော့ ဗမာပြည်မှာဆိုရင် တရုတ်ရဲ့ အထူးသဖြင့် မြစ်ဆုံ၊ ကျောက်ဖြူ၊ နောက် ကျနော်တို့ လက်ပံတောင်းပေါ့နော်။ အဲလိုကိစ္စတွေ ရှိတဲ့အခါမှာ ဒီကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ ဒီဟာရဲ့ စာချုပ်ပါ အချက်အလက်တွေကို တချိန်တုန်းကတော့ သူဖောက်ပြမယ်။ အဲလိုနဲ့ တပြိုင်တည်းမှာပဲ နိုင်ငံတကာဆက်ဆံရေးကိုလည်း မထိခိုက်အောင် ဘာကြောင့်လဲဆို စာချုပ်တွေက လက်မှတ်ထိုးထားရတာကိုး။ အဲတော့ ဆရာရေ အစောတုန်းက ရင်းနှီးမြှုပ်နှံမှုတွေမှာကော ဒီခရီးစဉ်မှာ အများပြည်သူ ပြည်သူတွေရဲ့ဆန္ဒ၊ ဥပမာ မြစ်ဆုံကိစ္စဆိုရင် မြစ်ဆုံကို မလုပ်စေချင်ကြဘူး။ တဘက်မှာလည်း စာချုပ်စာတမ်းတွေနဲ့ ရှိတယ်ပေါ့။ အဲဒီရဲ့ သက်ရောက်မှုတွေကကော ဘယ်လိုဖြစ်နိုင်လဲ။ တကယ့် ပြေလည်လာနိုင်တဲ့ နည်းလမ်းတွေ ဘာတွေရှိလဲ။ ဆရာဖြည့်စွက်ပြီး ပြောပေးပါဦးခင်ဗျ။” ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက ဒီလဆန်းမှာပဲ ပြောခဲ့တယ်။ မြစ်ဆုံကိစ္စက အရေးကြီးပါတယ်။ ဒါပေမယ့် မြစ်ဆုံကိစ္စ အကြောင်းပြုပြီးတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီးတော့ ထိခိုက်မှာမဟုတ်ဘူးလို့ သူကလည်း စပြီးတော့ ညွှန်းပါတယ်။ နောက်တခုက မြစ်ဆုံကိစ္စနဲ့ ပတ်သက်တဲ့အခါမှာ ကျနော့်အနေနဲ့ ကျနော်တို့ ကိစ္စသုံးခုရှိတာပေါ့။ တခုက ကျနော်တို့ လုံးဝဖျက်သိမ်းပြီးတော့ ပြန်လျော်မလား၊ နောက်တခုကတော့ ကျနော်တို့ ဒီကိစ္စကို ဘယ်လိုပုံသဏ္ဌာန်နဲ့ ပုံဖော်လို့ရနိုင်သလဲ။ တတိယတခုကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေတဲ့ နည်းလမ်းသစ်တခုကို ရှာဖွေဖို့ဆိုတဲ့ အနေအထားတခု ရှိတယ်။ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ တရုတ်ပြည်ကို သိပ်ထိခိုက်စေမယ့် ဆုံးဖြတ်ချက်မျိုး လုပ်မှာလည်း မဟုတ်ဘူး။ နောက်တဘက်က ဗမာပြည်သူလူထု လက်မခံနိုင်တဲ့ အနေအထားလည်း လုပ်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ဒီအတောအတွင်းမှာပဲ ကျနော်တို့ ပညာရှင်တချို့ရဲ့ ထောက်ပြမှုက ဗမာပြည်မှာ ရေအားလျှပ်စစ်လည်း လိုအပ်တယ်။ နောက်ပြီးတော့ အခု ဧရာဝတီမြစ်ဟာ အခုချိန်ဆိုရင် ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေပြီ။ နွေကျရင် ရေမရှိတော့ဘူး။ အဲဒီပြဿနာအတွက်ကတော့ ဒါ ကျနော်တို့ မြစ်ဆုံပြဿနာနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေပေါ့။ အဲတော့ ဆိုလိုတာကတော့ ဒီမြစ်ဆုံမှာ မလုပ်ဘဲနဲ့ တခြား သီးခြား ဖြစ်နိုင်တဲ့နည်းနာတခုနဲ့ ဖြေရှင်းဆောင်ရွက်မယ့် အစီအစဉ်တခုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးချယ်လိမ့်မယ်လို့ ထင်တယ်။ ဆိုလိုတာကတော့ ဒီဟာကိစ္စကို အကြောင်းပြုပြီးတော့တော့ ကျနော်တို့ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေမယ့် သဘောထားတော့ လုပ်မှာမဟုတ်ဘူး။ အခုကလည်း ဒီမြစ်ဆုံကိစ္စရပ်ထားတာ ၅ နှစ်ရှိပြီ။ ထပ်ပြီးတော့ဆိုရင် ဒါကလည်း သက်ဆိုင်ရာ ကုမ္ပဏီတွေ အနေနဲ့လည်း တော်တော်နစ်နာမှုရှိတယ်။ အဲတော့ အဖြေပေးရမယ့်အချိန် ဖြစ်တဲ့အတွက် ဒီခရီးစဉ်မှာ တစုံတရာသော ညှိနှိုင်းဆောင်ရွက်မှု ရှိလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”
5 years Ago

August 10, 2016

အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ ဘာတွေမျှော်လင့်လို့ရလဲ - အယ်ဒီတာစကားဝိုင်း

"ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဇူလိုင်လ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရဟာ နိုင်ငံ့စီးပွားရေးမူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ၁၂ ချက်ကို ထုတ်ပြန်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ သယံဇာတစွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေက အရေးကြီးတဲ့အတွက် သီးသန့်မူချမယ်ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။ အခြား ကျနော်တို့ ဗမာပြည်မှာ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ စီးပွားရေးပညာရှင်တွေကတော့ အခုထုတ်ပြန်ခဲ့တဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ဟာ ယေဘုယျဆန်လွန်းတယ်။ တချို့ တိတိကျကျ ဘယ်ဟာကို ဦးစားပေးဆိုတာ မပါဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းနဲ့ စီးပွားရေးဆောင်းပါးရှင် မယမင်းမြတ်အေးတို့ ဖြစ်ပါတယ်။ အဲတော့ မယမင်းကို ပထမဆုံး မေးချင်ပါတယ်။ အခုအသစ်ထွက်လာတဲ့ စီးပွားရေးမူဝါဒတွေဟာ ကျနော်တို့ ဘာတွေမျှော်လင့်လို့ရလဲ၊ ဘာတွေလိုနေသေးလဲ၊ ဘာတွေလုပ်ဖို့လိုလဲ၊ အဲဒါလေး ပထမဦးဆုံး စဆွေးနွေးပေးပါဦးခင်ဗျ။" မယမင်းမြတ်အေး (စီးပွားရေး ဆောင်းပါးရှင်) “မူဝါဒထွက်လာတဲ့ အချိန်မှာပဲ ဝေဖန်သံတွေ ထွက်ပေါ်လာတယ်ပေါ့။ စောစောက ပြောသလို ဒါက သိပ်ပြီးတော့ General ဆန်နေတယ်ပေါ့နော်။ ဒီမူဝါဒနဲ့ပတ်သက်ပြီး အစိုးရပိုင်းက ဘယ်ကဏ္ဍမှာတော့ ဘယ်လိုလုပ်သွားမယ်ဆိုတာ မပါဘူးပေါ့။ နောက်တခုက တိုင်းပြည်တပြည်ရဲ့ Economic Development ပေါ့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးကြီးဆုံးကတော့ ရင်းနှီးမြှုပ်နှံမှုပဲ။ ဒီရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေ သူတို့က စောင့်မျှော်နေတာ။ ဒါကို စောင့်မျှော်တယ်။ ဒီမူဝါဒရဲ့ အနေအထားက ဘယ်ကဏ္ဍတွေ ဦးစားပေး ဖိတ်ခေါ်ထားတာလဲ။ သယံဇာတကို ဖိတ်ခေါ်ထားတာလား၊ စွမ်းအင်ကို ဖိတ်ခေါ်ထားတာလား၊ အိမ်ရာအဆောက်အအုံကို ဖိတ်ခေါ်ထားတာလား၊ စက်မှုကဏ္ဍအတွက်ကို ဦးစားပေးပြီးတော့ ဖိတ်ခေါ်ထားတာလား၊ အဲဒီ အစိုးရရဲ့ မူဝါဒကို ကြည့်ပြီးကာမှ သူတို့ဟာ ဘယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသင့်သလဲဆိုတာကို ဆုံးဖြတ်ပြီးကာမှ သူတို့က တိုင်းပြည်ထဲကို ၀င်လာမှာဖြစ်တယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုက အရမ်းအရေးကြီးတယ်ပေါ့နော်။ ဒါပေမယ့် လောလောဆယ်မှာ ဒီ Economic Policy ထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တာ မပါသေးဘူး။ နောက်ထပ် ပါမယ်ဆိုတဲ့အခါကျတော့ ရင်းနှီးမြှုပ်နှံမှုမှာ ပေါ်လစီပိုင်းမှာတော့ နည်းနည်းအားနည်းနေတဲ့ အပိုင်းတော့ ရှိတာပေါ့။ သူတို့ Expectation ကို အမီမဖြစ်ဘူးပေါ့။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျာ။ မယမင်းကတော့ တကယ်တမ်း လူတွေဟာ ဘယ်နေရာမှာ ဘယ်လုပ်ငန်းကို ဘယ်လိုလုပ်ခွင့်ရှိမလဲဆိုတဲ့ တိကျတဲ့ အခက်အလက်တွေ မပါလာသေးဘူးလို့ ပြောပါတယ်။ ဒေါက်တာရန်မျိုးသိမ်းအနေနဲ့ကော ဒီဟာနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်လိုပါလဲခင်ဗျ။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး ဆောင်းပါးရှင်) “ကျနော့်အမြင်ကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒကို ထုတ်ပြန်တာဟာ အစိုးရသစ်အနေနဲ့ အတော်လေးကို နောက်ကျတယ်လို့ ကျနော်ကမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားနဲ့ပြောရင် ကျနော်တို့က သူများတလှမ်းလှမ်းရင် ကိုယ်က လေးငါးဆယ်လှမ်း လှမ်းနိုင်မှ တော်မယ့် အခြေအနေမျိုးမှာ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒဆိုတာကို ရက်ပေါင်း ၁၀၀ ပြည့်ခါနီးတော့မှ ထုတ်နိုင်တယ်ဆိုတာ အင်မတန်မှ ဒါ ရုပ်ဆိုးတယ်လို့ ကျနော်ကတော့ မြင်တယ်။ နောက်တချက် ကျနော်ပြောချင်တာက ဒီမူဝါဒမှာ သူက ဘာလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ရရှိနိုင်မယ့် မူဝါဒမျိုးဖြစ်ဖို့ ဦးတည်တယ်လို့ ပြောတယ်။ ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ စဉ်းစားရင် လူတစုနဲ့ သင့်မြတ်ရေးကို ပြောမှာလား၊ အဖွဲ့အစည်းတခုနဲ့ သင့်မြတ်ရေးကို ပြောမှာလား၊ ဒါမှမဟုတ် ခရိုနီတွေနဲ့ သင့်မြတ်ရေးကိုပြောမှာလား၊ ဒါမှမဟုတ် ကျနော်တို့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးနဲ့ သင့်မြတ်ရေးကို ပြောမှာလား ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်တချက် ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောတယ်။ ဒီမူဝါဒဟာ အလုပ်အကိုင်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးရလာဖို့အတွက် ရည်ရွယ်ပြီးတော့ ရေးဆွဲတဲ့ မူဝါဒလို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ဆိုတာက နိုင်ငံတကာမှာလည်း အစိုးရတွေက အာဏာရလာတဲ့အချိန်မှာ ပြောတာပဲ။ ကျနော်တို့ တိုင်းပြည်မှာလည်း အရင်အစိုးရတွေက အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ဆိုပြီး ပြောတာပဲ။ ဒါပေမယ့် အရေးကြီးတာက ဘာလဲဆိုတော့ တကယ် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့လိုတယ်။ ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ပြဿနာက ကျနော်တို့တိုင်းပြည်က လူငယ်တွေဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်ဆိုတာ ဒီတိုင်းပြည်ထဲမှာ တလကို ၂ သိန်းလောက် မရနိုင်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံခြားမှာထွက်ပြီး အလုပ်သွားလုပ်နေတာ။ အဲဒီတော့ အဲဒီလူငယ်တွေအတွက် အလုပ်အကိုင်တွေကို ဖန်တီးပေးဖို့ကို ကျနော့်အမြင်ကတော့ စနစ်တကျ စဉ်းစားပြီးတော့ အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ ဒေါက်တာရန်မျိုးသိမ်းကတော့ တချို့စီးပွားရေးပေါ်လစီက နိုင်ငံရေးသိပ်နွယ်တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ချိတ်ဆက်ထားတယ်။ ကျနော်တို့ ဒီဟာနဲ့ပတ်သက်လို့ စီးပွားရေးပညာရှင် ရှောင်တာနာကတော့ ပြောဖူးပါတယ်။ သူက ဘာပြောထားလဲဆိုတော့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကိုကြည့်ပြီးတော့ လူတွေက စီးပွားရေးလုပ်တယ်ဆိုတဲ့ဟာ ဆက်စပ်မှုတခုတော့ ပြောပါတယ်။ ခုနကပြောတဲ့ အရေးကြီးတဲ့ အလုပ်အကိုင်ရရှိရေး၊ အဲလိုပဲ ကျနော်တို့ ဘဏ္ဍာရေးပေါ့နော်။ မြန်မာပြည်ရဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်လို့ ကျနော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုမယ်။ ပြီးတော့မှ ကျနော်တို့ ဘဏ်အတိုးနှုန်းတို့၊ ဘဏ္ဍာရေးနဲ့ပတ်သက်လို့ အခုအသစ်ထွက်လာတဲ့ စီးပွားရေးမူဝါဒကလည်း တိတိကျကျ ပြဋ္ဌာန်းမှု မရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဗမာပြည်ရဲ့ ဗဟိုဘဏ်နဲ့ ပတ်သက်တဲ့ ကျနော်တို့ Monetary Policy ပေါ့။ ငွေကြေးဆိုင်ရာ ပေါ်လစီကကော ဘယ်လိုတွေရှိသင့်လဲ၊ ဘယ်လိုမျိုး တိတိကျကျပြောသင့်လဲ အဲဒါလေးလည်း ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦး။” မယမင်းမြတ်အေး (စီးပွားရေး ဆောင်းပါးရှင်) “နှစ်ပိုင်းရှိတာပေါ့နော်။ တခုကတော့ ဘဏ္ဍာရေးပေါ်လစီပေါ့။ နောက်တခုကတော့ ငွေရေးကြေးရေးပေါ့နော်။ Monetary Policy ရှိမယ်။ ဗဟိုဘဏ်က ကိုင်တွယ်တာကတော့ Monetary Policy ကို ကိုင်တွယ်တာပေါ့။ အဲဒီမှာ ပြဿနာရှိတာက စောစောတုန်းက ဗဟိုဘဏ်ကနေပြီးတော့ တော်တော်များများပဲ ပြောကြပါတယ်။ ဒီဘဏ်တိုးနှုန်းတွေ မြင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ၁၂ ရာခိုင်နှုန်းဆိုတာ မြင့်တယ်။ တဘက်က ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ကျမတို့က Inflation Rate က အရမ်းတက်နေတယ်။ မနှစ်တုန်းကဆိုရင် Inflation Rate က ဘယ်လောက်တက်သွားလဲဆိုရင် သြဂုတ်လလောက်မှာ ၁၃ ရာခိုင်နှုန်းလောက်အထိ တက်တယ်။ ဒါ Double Digit ဖြစ်သွားပြီပေါ့။ ဒါဆိုရင် အခုဒီနှစ်ထဲမှာကျတော့ ပြီးခဲ့တဲ့ အေဒီဘီကနေပြီးတော့ ထုတ်ပြန်ကြေညာသွားတဲ့ဟာမှာတော့ ၉ ရာခိုင်နှုန်းကျော်ကျော်လောက်ပဲ ပြောတယ်။ ဒါပေမယ့် အပြင်မှာဝေဖန်တာ ဒီလောက်မကဘူးလို့ ပြောတယ်။ ဥပမာစဉ်းစားကြည့် ဈေးသွားမယ်ဆိုရင် အရင်တုန်းက ဂေါ်ဖီထုပ်တထုပ်က ၅၀၀ ရှိတယ်ဆိုရင် အခု ၁၅၀၀ ရှိတယ်။ အဲတော့ Inflation Rate အရမ်းတက်နေတာပေါ့နော်။ ဒီ Inflation Rate တက်နေတဲ့အချိန်အခါမှာ ဗဟိုဘဏ်ကလည်း ဒါကို အတိုးနှုန်းကို လျှော့ချလို့မရဘူး ဖြစ်နေတယ်။ ဒီ Inflation Rate ကလည်း ဘာကြောင့်တက်ရတာလဲဆိုတော့ ဥပမာ ပြီးခဲ့တဲ့အစိုးရ လက်ထက်တုန်းကဆိုရင် ငါးနှစ်တာကာလမှာ သူတို့အုပ်ချုပ်သွားတဲ့ အချိန်အခါမှာ ကုန်သွယ်မှု လိုငွေတွေက ဆက်တိုက်ပြတယ်။ နိုင်ငံခြားကနေပြီးတော့ ကုန်တွေကို ကိုယ်ကပို့နိုင်တာ ဆန်နဲ့ပဲလောက်ပဲရှိတယ်။ ရေထွက်ပစ္စည်းဆိုတာလည်း ကျနေပြီ။ ဟိုကနေပြီးတော့ ပြန်ပြီး တင်သွင်းလာတယ်။ သွင်းကုန်တွေက အရမ်းများတဲ့အခါကျတော့ စုစုပေါင်း ၁၂ ဘီလီယံ ရှိနေတယ်။ ဒါဟာ ကုန်သွယ်မှုလိုငွေပဲ ရှိသေးတယ်။ နောက်တခုက ဘတ်ဂျက်လိုငွေရှိတယ်။ အစိုးရအသုံးစရိတ်တွေ အရမ်းမြင့်တက်တယ်။ တည်ဆောက်ရေးတွေ လုပ်တယ်လို့ ပြောတယ်။ အဲဒါက ဘယ်လောက်ရှိလဲဆိုတော့ ကျပ်ဘီလီယံ ၁၁၀၀၀ ကျော်ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘတ်ဂျက်လိုငွေပြတယ်။ ကုန်သွယ်ရေး လိုငွေပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါ်လာဈေးတွေ အရမ်းတက်သွားတယ်။ အရင်တုန်းက ၁ ဒေါ်လာကို ၉၀၀ လောက်ရှိတဲ့ ဒေါ်လာဈေးက ၁၃၀၀ လောက်အထိကို တက်သွားတယ်။ ၁၃၀၀ ကျော်သွားတယ်။ အဲဒီအချိန်မှာ Inflation က အရမ်းတက်လာတယ်။ အဲတော့ ကျမတို့က ဒီ Inflation ကို ဘယ်လိုလျှော့ချမလဲဆိုတဲ့ ပြဿနာ ရှိတယ်။ Inflation လျှော့ချရအောင်လည်း စောစောက ရင်းနှီးမြှုပ်နှံမှုကိုပဲ ခေါ်ရမှာပဲ။ ဒီရင်းနှီးမြှုပ်နှံမှုတွေဝင်လာမှ ကျမတို့က အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမှာရှိတယ်။ အဲဒါမှ အိတ်စပို့ကို တိုးမြှင့် ပရိုမုတ်လုပ်နိုင်မယ်။ အဲလို အိတ်စပို့ကို ပရိုမုတ်မလုပ်နိုင်ဘူးဆိုရင်တော့ ဒီ Inflation ပြဿနာကလည်း လျှော့ချဖို့ဆိုတာက တော်တော်မလွယ်ဘူး။ အခုကတော့ ဗဟိုဘဏ်မှာ Reserve Money ဘယ်လောက်ရှိတယ်ဆိုတာလည်း ကျမတို့မသိရဘူး။ ဒီကြားထဲမှာ သတင်းတခုရထားတာ ကျမ ဟိုနေ့ကတုန်းက မေးကြည့်တယ်။ စီးပွားရေးပညာရှင် တယောက်ကို။ ဗဟိုဘဏ်က Reserve Money ဘယ်လောက်ရှိလဲ၊ ရွှေဘယ်လောက်ရှိတယ်ဆိုတာ မကြေညာဘူး။ ၂၀၁၃ တုန်းက နောက်ဆုံးကြေညာခဲ့တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုက သူက ဘာကိုထောက်ပြလဲ ဆိုတော့ မြစ်ဆုံကိစ္စကို ထောက်ပြတယ်။ မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး အခု သန်း ၈၀၀ လျော်ရမယ်ဆိုတဲ့ အသံမျိုးတွေ ထွက်လာတဲ့အတွက်ကြောင့် ဗဟိုဘဏ်က Reserve Money ကို မကြေညာတာလားဆိုတော့ ဖြစ်နေတာက အစိုးရမှာလည်း ဘေးကြပ်နံကြပ်ကတော့ တော်တော်လေးကို ဖြစ်နေတဲ့ကိစ္စရှိတယ်။ ရင်ကြားစေ့ရေးဆိုတဲ့ကိစ္စမှာ စောစောက အစ်ကိုပြောသွားတယ်၊ နိုင်ငံရေးအရ ရင်ကြားစေ့ဖို့တောင် တော်တော်လေး လုပ်နေရတဲ့နေရာမှာ စီးပွားရေးက ကျမတို့က ဘယ်လိုလုပ် ရင်ကြားစေ့မှာလဲဆိုတဲ့ ပြဿနာက တော်တော်လေးကို ကြီးနေတဲ့ပြဿနာပါ။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ။ ဒါကတော့ ငွေကြေးကဏ္ဍတခုပေါ့။ နောက်တခုက ဒေါက်တာရန်မျိုးသိမ်း ပြောသွားသလိုပဲ။ လူငယ်တွေ ဘယ်လိုအလုပ်အကိုင်ရအောင် လုပ်မှာလဲ။ အဲလိုပဲ ကျနော်တို့ အရင် ဦးသိန်းစိန်အစိုးရ လက်ထက်က ဆင်းရဲမှုကိုတော့ ဘယ်နှနှစ်အတွင်းမှာ ဘယ်လောက် ရာခိုင်နှုန်း လျှော့ချမယ်။ အဲလိုမျိုး တိတိကျကျ မပါလာဘူးပေါ့။ နောက်တခုကလည်း ဘယ်ကဏ္ဍကိုတော့ ဦးစားပေးပြီးတော့ လုပ်မယ်။ ဘယ်ဟာကိုတော့ အထူးဦးစားပေး လုပ်မယ်ဆိုတဲ့ ငါးနှစ်စီမံကိန်း၊ တနှစ်၊ ရေတိုရေရှည် အဲဒါတွေလည်းမပါဘူး။ တကယ်တမ်း အစောကပြောတဲ့ အလုပ်အကိုင်ရရှိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ အဲဒါတွေကို ထင်ဟပ်မယ့် ဘယ်လိုလုပ်ဆောင်မှုမျိုးတွေ တကယ်တမ်း ပါသင့်တယ်။ နောက်ထပ်ကျန်နေတဲ့ဟာတွေကိုလည်း အချိန်မီအတွင်း ဘယ်လိုမျိုး ဦစားပေးဖော်ပြသင့်လဲဆိုတာကို ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး ဆောင်းပါးရှင်) “ကျနော့်အမြင်ကတော့ ခုနဆွေးနွေးသွားတဲ့အထဲမှာ ကျနော်နားမလည်တာက လက်ရှိ အစိုးရသစ်ပေါ်လာပြီးတော့ ရက် ၁၀၀ ရှိပြီ။ အဲဒီအချိန်ထိ ဘာလို့ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌကို အသစ်မခန့်နိုင်တာလဲ။ အဲတော့ ဗဟိုဘဏ်က ကျနော်တို့ ခုနပြောတဲ့ ဒီငွေကြေးမူဝါဒကို ဖော်ဆောင်တဲ့နေရာမှာ အရမ်းကို အရေးကြီးတဲ့အခါကျတော့ ကျနော်တို့က အခုချိန်ထိ ဗဟိုဘဏ်ဟာ အရင်အစိုးရလက်ထက်က လူတွေနဲ့ပဲ ဆက်ပြီးတော့ အလုပ်လုပ်နေတယ် ဆိုတဲ့အခါကျတော့ ဒါကလည်း အင်မတန်မှ ကျနော့်အမြင်အားဖြင့် အရုပ်ဆိုးတယ်လို့မြင်တယ်။ အဲတော့ နိုင်ငံတကာအမြင်မှာကျတော့ ပြောစရာဖြစ်တယ်။ ဘာဖြစ်လို့လဲ၊ လက်ရှိအစိုးရမှာ လူမရှိလို့လားဆိုတဲ့ မေးစရာမေးခွန်းတွေ ဖြစ်လာတယ်။ အဲတော့ တဘက်က ကျနော်ပြန်ကြည့်တဲ့ အခါကျတော့ ဘာသွားတွေ့လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်းကနေ အခုချိန် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါမှာ ကျနော်တို့ဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံ ဘ၀ကို ရောက်နေပြီ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ကျနော့်အမြင်အားဖြင့်တော့ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ မူဝါဒပိုင်းမှာ အားနည်းချက်တွေရှိတာ၊ နောက်ပြီးတော့ အဂတိလိုက်စားမှုတွေ အရမ်းကိုမြင့်မားတာ၊ နောက်ပြီးတော့ ဆရာမွေး၊ တပည့်မွေးတဲ့စနစ်က အရမ်းကို ကြီးထွားတာ၊ နောက်ပြီးတော့ ဒီ ခရိုနီစနစ်ဟာ အရမ်းကို အားကောင်းတာ။ ဒီအချက်တွေကို သွားတွေ့ရတယ်။ အဲဒီအခါကျတော့ ကျနော့်အမြင်အားဖြင့် လက်ရှိ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးခေါင်းထောင်နိုင်အောင် လုပ်မယ်ဆိုရင် ကျနော်တို့ဟာ လက်ရှိ ရှိနေတဲ့ အခြေအနေကနေ ပြန်ပြီးစဉ်းစားနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဥပမာ ခရိုနီစနစ်ကို ကျနော်တို့ ဘယ်လိုထိန်းကျောင်းမလဲ။ ဆရာတပည့်မွေးတဲ့စနစ်ကို ဘယ်လိုဖျက်မလဲ။ အဂတိလိုက်စားမှုကို ဘယ်လိုတိုက်ဖျက်မလဲ။ လက်ရှိအခြေအနေမှာ ကြည့်မယ်ဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုတာ ဖွဲ့တောင်မဖွဲ့နိုင်သေးဘူး။ အဲတော့ ဒီလိုအခြေအနေတွေအောက်မှာ ကျနော်တို့က စီးပွားရေးကို အတင်းဇွတ်တိုးပြီး လုပ်မယ်ဆိုရင် ဒီစီးပွားရေးဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပိုပြီးတော့ အားပေးတဲ့၊ ခရိုနီစနစ်ကို ပိုပြီးတော့အားပေးတဲ့ စီးပွားရေးစနစ်ပုံစံမျိုး ဖြစ်သွားမယ်ဆိုရင် ကျနော်တို့ပြည်သူလူထုဟာ ပိုပြီးတော့ ဆင်းရဲသွားနိုင်တယ်။ ပိုပြီးတော့ ကြပ်တည်းသွားနိုင်တယ်။ ပိုပြီးတော့ ဒုက္ခတွေ ပင်လယ်ဝေသွားနိုင်တယ်လို့ ကျနော်ကတော့မြင်ပါတယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ။ ဒေါက်တာရန်မျိုးသိမ်းကတော့ ကျနော်တို့ အရင်ဖြစ်ခဲ့တဲ့ Crony Capitalist ပေါ့ဗျာ။ ခရိုနီပေါ်အခြေခံတဲ့ အရင်းရှင်စီးပွားရေးစနစ်ကနေ ဘယ်လိုကူးပြောင်းတဲ့ စနစ်တခု လုပ်မလဲပေါ့။ နီးစပ်ရာ စားတော်ခေါ်တဲ့ကိစ္စ၊ ပြီးတော့ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်။ အဲလိုတွေနဲ့ပဲ စီးပွားရေးလုပ်ငန်း လည်ပတ်ခဲ့တာပေါ့နော်။ အစိုးရသစ်လက်ထက်မှာ လူအများက အဲဒါတွေကို ပြောင်းလဲဖို့ မျှော်လင့်တယ်။ အဲတော့ တကယ့်စီးပွားရေး အဆောက်အအုံမှာ လည်ပတ်နေတာကတော့ ဒီအသေးစားလုပ်ငန်းတွေ၊ အလတ်စားလုပ်ငန်းတွေ SME ပေါ့ဗျာ။ အဲဒါနဲ့ပတ်သက်လို့လည်း သေသေချာချာ ဘာမှမပြောခဲ့ဘူး။ မျှတအောင်လုပ်ပေးမယ်လို့သာ ပြောတာ။ အထူးသဖြင့် အရေးပါတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း အဲဒါကို ကတိပြုထားပါတယ်။ စွန့်ဦးတီထွင်သူတွေ၊ အသေးစား အလတ်စားတွေရဲ့ ငွေကြေးရင်းနှီးမှု၊ လည်ပတ်နိုင်အောင် အရင်းအနှီး လုပ်ပေးမယ်။ အဲဒါနဲ့ပတ်သက်လို့ရော တကယ်ဖြစ်သင့်တာက ဘာလဲ၊ တိတိကျကျ စောစောကပြောတဲ့ အသေးစား အလတ်စား စီးပွားရေး၊ တိုင်းရင်းသား အရင်းရှင်လေးတွေ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ပေးသင့်လဲ။ အဲဒါလေးကိုလည်း ဖြည့်စွက်ပြီး ပြောပေးပါဦး ဆရာမရေ။” မယမင်းမြတ်အေး (စီးပွားရေး ဆောင်းပါးရှင်) “အသေးစား အလတ်စား လုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နှစ်ပိုင်းရှိတာပေါ့လေ။ ဒီကဏ္ဍက တကယ်လည်း အလေးထားပြီး လုပ်ဆောင်သင့်တဲ့ အပိုင်းပေါ့။ ဘာလို့လဲဆိုတော့ ဂျာမန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်သွားတယ်ဆိုတာက ဒီ အသေးစား အလတ်စား လုပ်ငန်းတွေကြောင့် ဖွံ့ဖြိုးတိုးတက်သွားတာပဲ။ ကျမတို့အနေနဲ့ အိန္ဒိယနိုင်ငံလို အမေရိကန်နဲ့ ချိတ်ပြီး Outsourcing လုပ်ငန်းတွေ မလုပ်နိုင်သေးဘူး။ ၀န်ဆောင်မှုတွေ Technology ပိုင်းမှာ ကျမတို့ မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးတဲ့အခါမှာ အသေးစား အလတ်စား လုပ်ငန်းလေးတွေ ဖွံ့ဖြိုးဖို့အတွက် ကျမတို့ လုပ်ပေးရမှာ မှန်တယ်။ အဲဒီအချိန်မှာ ဘာလိုလဲဆိုတော့ နံပါတ် (၁) က နည်းပညာလိုတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ဂျီအိုင်ဇက်က ၀င်နေတာတော့ ရှိတယ်။ ဒါက ဂျာမန်အဖွဲ့ကနေပြီးတော့။ နံပါတ် (၂) က အရင်းအနှီးလိုတယ်။ အဲတော့ နည်းပညာကတော့ ဟုတ်တယ်။ နည်းပညာ ဂျီအိုင်ဇက်က ဘယ်လောက်အတိုင်းအတာအထိ လုပ်ပေးနိုင်လဲဆိုတာတော့ မသိသေးဘူး။ အဲလိုပဲ အရင်းအနှီးပိုင်းမှာကျတဲ့ အခါကျတော့ တရားဝင်စာရင်း ကောက်ယူထားတာပေါ့နော်။ ဘယ်လောက်ရှိလဲပေါ့။ ၉၀ ရာခိုင်နှုန်း ကျော်လို့တော့ သိရတယ်။ ဒါပေမယ့် ဘယ်နှစ်ခုရှိလဲပေါ့၊ တိတိကျကျ။ တချို့ကလည်း အဲဒီအပိုင်းမှာ မှတ်ပုံမတင်ဘူးလို့ပြောတယ်။ သူက မှတ်ပုံတင်မှ သိရတာကိုး။ သူက စိုးရိမ်နေတာက မှတ်ပုံတင်လိုက်ရင် အစိုးရကများ အခွန်ကောက်မလား ဆိုတာမျိုးကို သူတို့က စိုးရိမ်ပြီးတော့ မှတ်ပုံမတင်ဘူးလို့ ပြောတယ်။ အဲဒီတော့ အသေးစားလုပ်ငန်း စုစုပေါင်း ဘယ်လောက်ရှိလဲ။ ဒါတွေကို ဘယ်လောက် ထောက်ပံ့မှာလဲ။ ဒီငွေကြေးက ဘယ်ကရမှာလဲ။ ဘယ်နိုင်ငံက ချေးမှာလဲ။ ODA Loans နဲ့ သွားရမှာလား။ ဒါမျိုးတွေပေါ့နော်။ တိတိကျကျလုပ်ဖို့တော့ လိုတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်မှာ ပိုက်ဆံရိုက်ထုတ်ပြီးတော့ ဒါကို အကောင်အထည်ဖော်ဖို့ကတော့ မဖြစ်နိုင်ဘူး။ အဲတော့ အခုချိန်မှာ Development Loans တွေ ယူနေတာရှိတယ်။ ဒါပေမယ့် ဒီ Development Loans တွေကလည်း အခြေအနေကို ကြည့်ပြီးတော့ပေးတာ။ ပြီးခဲ့တဲ့လတုန်းက အေဒီဘီကပေးတယ် ၁၅၀ နဲ့ ၃၅၀ ကြားမှာ ပေးမယ်ဆိုတာ ဒါက Conditional တွေ။ အခြေအနေကောင်းလို့ရှိရင် တနှစ်ချင်းတနှစ်ချင်း ပေးသွားမယ့် Loans တွေပေါ့။ အဲတော့ ODA ချေးငွေရရင်တော့ ဒီချိန်မှာ ယူသင့်တယ်။ အဲဒါနဲ့ အသေးစား အလတ်စားစီးပွားတွေ ဖွံ့ဖြိုးတိုးတက်အောင် ကျားကန်ပေးသင့်တယ်။ အဲဒီလိုပဲ မြင်တာပေါ့လေ။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ ဆရာမကတော့ SME ကိစ္စကို Detail ပြောသလို ဒေါက်တာ ရန်မျိုးသိမ်းပြောတာ ကျနော်ပြန်ဆက်ပါဦးမယ်။ ဦးထင်ကျော်ကတော့ ကျနော်တို့ ဇွန်လမှာ ၁၁ ဦး ပါတဲ့ National Economic Coordination Committee ဆိုတဲ့တခုကို ဦးမျိုးမြင့်ကို ဦးဆောင်ပြီး ဖွဲ့ပေးတာ တခုပဲရှိတယ်။ တချို့ဝေဖန်သုံးသပ်မှုတွေက Institution ခိုင်ခိုင်မာမာမရှိဘူး။ လောလောဆယ် စီးပွားရေးနဲ့ပတ်သက်ရင် ဘယ်သူ့ကို ချဉ်းကပ်ရမှန်း မသိဘူး။ အစောကလိုမျိုး သိပ်ပြီးတော့ Centralize များတယ်။ အရင်တုန်းကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေမှာ Decentralize လုပ်မယ်။ တကယ်လက်တွေ့ အကောင်အထည် မပေါ်သေးဘူးပေါ့နော်။ တကယ့်လက်ရှိ စီးပွားရေးမူဝါဒကို ကော်မရှင်တခုပဲ ရှိသေးတယ်။ ကျန်တာကတော့ ၀န်ကြီးဌာန ၂ ခုလောက်ရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ကော တကယ်တမ်း ဒီလိုကဏ္ဍတွေ Institutional Life ပေါ့ဗျာ။ တကယ်တမ်း ကျနော်တို့ Institution တခု ခိုင်မာတဲ့ဟာဖြစ်လာအောင် ဘာတွေဆက်လုပ်ဖို့လိုလဲ။ အဲဒါနဲ့ပတ်သက်တာတွေ ဖြည့်စွက်ပြီးတော့ ပြောပေးပါဦးခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး ဆောင်းပါးရှင်) “ကျနော့်အမြင်ကတော့ ကိုတိုးဇော်လတ် ခုနဆွေးနွေးသလိုပဲ။ ဒီစီးပွားရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံပိုင်းမှာ အင်မတန်မှ အားနည်းတယ်။ လက်ရှိအခြေအနေမှာကြည့်ရင် အစိုးရရဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျနော့်အမြင်အားဖြင့် အတော်ကို အားနည်းချက်တွေ ရှိနေတယ်လို့ မြင်တယ်။ အဲတော့ ပညာရှင်တွေကို ကျနော့်အမြင်အားဖြင့် စုစည်းဖို့လိုအပ်တယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ စနစ်တကျစုစည်းဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ကျနော်တို့ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အနေအထားအရ နိုင်ငံခြားက ပညာရှင်တွေအပေါ်မှာပဲ မှီခိုနေလို့မရဘူး။ အဲတော့ ကျနော်တို့ အများစုဟာ ပြည်တွင်းက ပညာရှင်တွေဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားဟာ အင်္ဂလန်တို့၊ အမေရိကန်တို့ ဥရောပတို့မှာ လုပ်တဲ့ပုံစံကို ကျနော်တို့က သိပ်ပြီးတော့ အားကိုးလို့မရဘူးလို့ မြင်တယ်။ ကျနော်တို့ ဒေသတွင်းမှာရှိတဲ့ အခြားနိုင်ငံတွေ၊ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ လုပ်နေတဲ့ပုံစံမျိုး၊ ဗီယက်နမ်မှာ လုပ်နေတဲ့ပုံစံမျိုး၊ ဒါတွေကို ကျနော်တို့က သေချာလေ့လာပြီးတော့ ပိုပြီးကောင်းမွန်အောင် လုပ်နိုင်မှ ကျနော်တို့တိုင်းပြည်ရဲ့ ရှိနေတဲ့ အနေအထားနဲ့ ကိုက်ညီမယ်လို့မြင်တယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ ငြိမ်းချမ်းရေးကိစ္စမှာ မြောက်အိုင်ယာလန်ကို ပုံစံယူတယ် ဆိုတာမျိုးဟာ လက်ရှိ ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားနဲ့ကျတော့ အံဝင်ခွင်ကျ ဖြစ်ချင်မှဖြစ်မယ်။ အဲဒီလိုပဲ ကျနော်တို့ဟာ စီးပွားရေးမှာလည်း အဲလိုစဉ်းစားနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အရေးကြီးတာကတော့ ကျနော်တို့က ဒီစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပေးနိုင်မယ့် အဖွဲ့အစည်းပေါ့လေ။ အဲဒါကို အားကောင်းမောင်းသန်အောင် လုပ်သင့်တယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဆရာမ မယမင်းကိုလည်း နောက်ဆုံးအနေနဲ့ မေးချင်တာပေါ့။ အခု ၁၂ ချက်တော့ ထွက်လာပြီ။ တကယ်တမ်းကျတော့ ပြည်သူတွေ တကယ်မျှော်လင့်တဲ့၊ စီးပွားရေး လုပ်ငန်းရှင်တွေရော ရင်းနှီးမြှုပ်နှံမယ့်လူတွေရော အလုပ်အကိုင်မရှိသေးလို့ အလုပ်အကိုင် မျှော်လင့်နေတဲ့သူတွေရော၊ တကယ်တမ်း သူတို့မျှော်လင့်ချက်တွေ မျှော်လင့်ချက် သိပ်ကြီးတယ်လို့ ပြောကြတယ်။ တကယ် လက်တွေ့ကျကျ နိုင်ငံတော်စီးပွားရေးမူဝါဒအသစ်က ဘာရနိုင်လဲ။ ဘာတွေမျှော်လင့်လို့ရလဲ။ နောက်တခု အရေးကြီးဆုံး ဘာလုပ်ဖို့လိုတယ် ဆိုတာလေးကို နောက်ဆုံး Comment အနေနဲ့ ဆရာမပြောပေးပါဦး။” မယမင်းမြတ်အေး (စီးပွားရေး ဆောင်းပါးရှင်) “နောက်ဆုံးက စောစောက ကိုရန်မျိုးသိမ်းပြောတာနဲ့ ဆက်စပ်ပြီးတော့ ပြောရမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံမှာ အစဉ်အဆက် ဖြစ်လာခဲ့တာ Mismanagement ပြဿနာရှိတယ်။ နောက်ပြီးတော့ Corruption ပြဿနာ ရှိတယ်ပေါ့နော်။ အဲဒီအထုပ်အထည်ကြီးက အခုလောလောဆယ်မှာ အန်အယ်လ်ဒီအပေါ်မှာ လုံးဝပုံပြီးတော့ ကျသွားတာပေါ့လေ။ ဥပမာဆိုရင် Conflict Business တွေရှိတယ်။ ကျမတို့ ဖြေရှင်းရမယ့်ပြဿနာတွေက၊ မတည်မငြိမ်ဖြစ်တယ်။ Conflict တွေ ရှိနေတယ်။ ဒါကြောင့် လုပ်လို့ရတဲ့ အကျိုးစီးပွားတွေ ရှိနေတယ်။ ဥပမာ မနှစ်တုန်းကဆိုရင် Global Witness ကနေပြီးတော့ ဖွင့်ချသွားတဲ့ကိစ္စရှိတယ်။ အဲတော့ ကျောက်စိမ်းလောကမှာ လည်ပတ်နေတဲ့ ပိုက်ဆံက မြန်မာနိုင်ငံဂျီဒီပီရဲ့ ထက်ဝက်ကျော်ရှိတယ်ဆိုရင် မြန်မာနိုင်ငံ ဂျီဒီပီက ကျမထင်တယ် ၆၇ ဘီလီယံလောက်ရှိလိမ့်မယ်။ အဲတော့ ဘီလီယံ ၃၀ ကျော်လောက်က ဒီလောကမှာ ရှိနေတယ်ပေါ့နော်။ ဒီလောကမှာ လည်ပတ်နေတဲ့ပိုက်ဆံ။ ဒါပေမယ့် နှစ်စဉ် ၀န်ကြီးဌာနတွေရဲ့ ၀င်ငွေကို ပြန်ကြည့်လိုက်။ သယံဇာတက ၀င်လာတဲ့ပိုက်ဆံ ဘယ်လောက်ရှိလို့လဲ။ အဲတော့ ဒါတွေက ဒီ Conflict Business တွေပေါ့။ သစ်တွေသယ်တယ်ပေါ့နော်။ သစ်တွေခိုးခုတ်တာတွေ၊ ကျောက်စိမ်းတွေ ထွက်နေတာတွေ ရှိတယ်။ ဒါတွေကို ကျမတို့ ရင်ကြားစေ့တဲ့နည်းနဲ့ သွားမှာလား။ ဘယ်လိုလုပ်မှာလဲ။ ဒါတွေကို ကျမတို့ လမ်းကြောင်းပေါ်မှာ ဘယ်လိုပြန်တင်မလဲ။ ဒါကလည်း Challenge တခု။ နောက်တခုက အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လာရင် စောစောတုန်းက ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာအလုပ်သမားဆိုရင် ၃ သန်းကျော် ၄ သန်းလောက်ရှိတယ်။ အဲဒီထဲမှာ တရားဝင်ပတ်စ်ပို့ကို ကိုင်ပြီးတော့ လုပ်နိုင်တဲ့လူက ၁ သန်းလောက်ပဲ ရှိတယ်။ ကျန်တဲ့ ၂ သန်းကျော်လောက်က တရားမ၀င်ဘူး။ အဲတော့ အခုဖြစ်နေတဲ့ ပြဿနာတွေက တရားမ၀င်တဲ့ ပြဿနာတွေ။ အဲဒီတော့ မြ၀တီဘက်မှာတော့ ရှိပါတယ်။ သူတို့ Special Economic Zone လိုပေါ့နော်။ အဲလိုဇုန်တွေ ဖော်နေတာရှိပါတယ်။ ဟိုဘက်ကလူတွေလာရင် ဒီဘက်မှာ အလုပ်ရအောင်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဖြစ်သင့်တာက ဒီစီးပွားရေးမူဝါဒထဲမှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဘယ်လောက်အာမခံချက်ပေးမယ်။ ဘယ်လောက်လျှော့ချပေးမယ်ပေါ့။ နိုင်ငံခြားကိုသွားနေတဲ့ သူတွေကို တရားဝင်လမ်းကြောင်းကို ရောက်အောင်အတွက် ဘယ်လောက် အချိန်ယူပြီးတော့လုပ်မယ်။ Formal လမ်းကြောင်းကနေ သွားပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းကို ဘယ်လောက်ထိ လျှော့ချပေးမယ်။ ဥပမာ Per Capital GDP ပေါ့၊ လူတယောက်က မြန်မာနိုင်ငံရဲ့ သူ့ရဲ့ တနှစ်လုံးမှာ ၀င်ငွေက ဒေါ်လာ ၁၀၂၀ ပဲရှိတယ်။ အဲဒီ Per Capital GDP ကို ကျမတို့ဘယ်လောက်ထိ အန်အယ်လ်ဒီကနေပြီးတော့ ၁၅၀၀ ထိတိုးပေးမယ်။ ၂၀၀၀ အထိတိုးပေးအောင် လုပ်မယ်ဆိုတာမျိုးတွေပေါ့နော်။ အဲဒါမျိုးတွေတော့ မူဝါဒ တိတိကျကျနဲ့ သွားသင့်တယ်လို့ ထင်တာပေါ့။”
5 years Ago
More News
Up