အယ်ဒီတာစကားဝိုင်း

A d v e r t i s e m e n t With Us

May 16, 2018

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)

၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက ဒီဘက်ကိုတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးလို့ ပြောကြပါတယ်။ မကြာခင်ရက်ပိုင်းတုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ဦးဆောင်မှုအောက်ကနေပဲ လှုပ်ရှားနေပါတယ်ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ တကယ်ရော အခြေခံဥပဒေအရ အဲဒီအတိုင်းပဲ ပေးထားလား၊ တကယ်ရော အဲဒီအတိုင်း လုပ်နေလား ဆိုတဲ့ လူအများရဲ့ စိတ်ဝင်စားမှု ရှိနေပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းနဲ့ Myanmar Quarterly အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ခုရက်ပိုင်းအတွင်းမှာ အဲဒီလို ပြောဆိုမှုရှိတယ်။ တပ်မတော်အကြီးအကဲ တယောက်ကတော့ နိုင်ငံတော်သမ္မတရဲ့ ဦးဆောင်မှုအောက်မှာပဲ လုပ်တယ်၊ သမ္မတကလည်း အသစ်ဖြစ်နေတာ မကြာသေးဘူး။ လူအများရဲ့ အာရုံစိုက်မှု မြင့်တက်နေတယ်။ တကယ်ရော ဥပဒေအရ အဲဒီလို ရှိလား၊ လက်တွေ့အရရော အဲဒီလို ရှိလား။ ဆရာ စပြီး ဆွေးနွေးပေးပါဦး။” ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင်တော့ တပ်မတော်က သီးခြားပေါ့။ အရပ်ဘက်က ထိန်းချုပ်နိုင်တဲ့အောက်မှာ မရှိဘူး။ ဒါကြောင့်မို့ အဲဒီထောင့်ကနေ ပြောရမယ်ဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတအောက်မှာ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအရက တပ်မတော်ရဲ့ အရေးကိစ္စတွေမှာ ဝင်မပါဖို့ ကန့်ထားပြီးတော့ ကျန်တဲ့ကိစ္စတွေမှာတော့ သမ္မတရဲ့အောက်မှာ ထားတယ်။ အဲဒီထောင့်ကနေ ပြောမယ်ဆိုရင် လုပ်ငန်းပိုင်းအနေနဲ့ ပြောရမယ်ဆိုရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အရပ်ဘက်က လုပ်ပိုင်ခွင့်လို့ ခွဲထားတဲ့အောက်မှာ ဆိုရင်တော့ အဲဒီလုပ်ငန်းခွင်ထဲ ဝင်သွားပြီဆိုရင်တော့ တပ်မတော်ဟာ သမ္မတရဲ့အောက်မှာ ရှိတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်မို့လို့ ယေဘုယျအားဖြင့် ပြောရရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့စကားဟာ မဟုတ်လည်း မဟုတ်ဘူး၊ ဟုတ်လည်း ဟုတ်တယ်လို့ ပြောရမယ်။ တပ်မတော်ရဲ့ အရေးကိစ္စတွေ၊ ဥပမာ ဘတ်ဂျက်လိုမျိုး၊ နေရာရွှေ့ပြောင်းတာမျိုး၊ ကာကွယ်ရေးဦးစီးချုပ်ကို ခန့်ထားတဲ့ ကိစ္စမျိုးပေါ့။ ဒါပေမယ့် အရပ်ဘက်ကိုရောက်လည်း အစိုးရအဖွဲ့အောက်မှာရှိတဲ့ သုံးဖွဲ့ကတော့ လုပ်ငန်းပိုင်းအနေနဲ့ဆိုရင် သူတို့က သမ္မတကို တိုက်ရိုက်အစီရင်ခံတယ်။ သမ္မတရဲ့ ဦးဆောင်မှုအောက်မှာ ရှိတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “သမ္မတက ကက်ဘိနက်ကို ဦးဆောင်တော့ ဝန်ကြီးဌာန ၃ ခုကတော့ အဲဒီလို လုပ်တာပေါ့။ ဒီကိစ္စကို တော်တော်များများလည်း စိတ်ဝင်စားကြတယ်။ မြန်မာပြည်မှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက သိပ်အရေးကြီးပါတယ်။ ဒီနှစ်ခု ပြေလည်နေမှ လွှတ်တော်မှာ ရှေ့ကို ဆက်လို့ရမယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ အခုလို ဖိအားတွေပေါ့။ UN Security Council က လာတယ်။ ICC ပဲ ပို့မလိုလို ပြောတယ်။ အဲဒီလိုအခြေအနေမှာ တကယ့် ပြည်တွင်းအရ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအခြေအနေ ပြောဆိုမှုတွေမှာ  ဆရာနေထွန်းနိုင်အနေနဲ့ရော ဘယ်လိုသုံးသပ်လဲ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးနေထွန်းနိုင် (အယ်ဒီတာ၊ Myanmar Quarterly) “ယေဘုယျအားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သဘောသဘာဝကိုက ဂူတဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းနေတယ်လို့ အစောကြီးကတည်းက လူတိုင်းသိတဲ့ကိစ္စပါပဲ။ အခုဖြစ်နေတဲ့ ပြဿနာတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မပြတ်သားမှု၊ အငြင်းပွားစရာ အချက်တွေကြောင့်မို့ ဖြစ်နေတာပေါ့။ သမ္မတရဲ့အောက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိသလားဆိုတဲ့ ကိစ္စလိုမျိုး။ သူကိုယ်တိုင်လည်း ထုတ်ပြောတယ် ဆိုတာမျိုးပေါ့။ Issue ကို ပြန်ကြည့်တဲ့အခါကျတော့ ရခိုင်ကိစ္စနဲ့ ဆက်နွှယ်ပြီး သူက ပြောတာဆိုတော့ အားလုံးကို ခြုံငုံတာ မဟုတ်ဘူး။ ကန့်သတ်ချက်လေး တခုရှိတယ်။ တနည်းတဖုံအားဖြင့် သူက ဒီကိစ္စမှာ သူနဲ့မဆိုင်ဘူး၊ အစိုးရနဲ့ပဲဆိုင်တယ် ဆိုလိုချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီလိုအနေအထားမျိုး ဖြစ်နိုင်တဲ့ အခင်းအကျင်းကလည်း ရှိနေတယ်။ တနည်းအားဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ လုပ်မယ်ဆိုရင် သေချာတာက တပ်မတော်လက်ထဲမှာပဲ အပြည့်အဝရှိတယ်။ အကယ်၍များ ဖြစ်ခဲ့တဲ့ Conflicts တွေမှာ ကာလုံနဲ့ တိုင်ပင်ပြီးမှ အရေးပေါ်အခြေအနေ ကြေညာထားတယ်ပဲ ဆိုကြပါစို့။ အဲဒီလိုအခြေအနေမျိုးဆိုရင်တော့ ဖြစ်သမျှကိစ္စ လုံးလုံးလျားလျား တပ်မတော်ပေါ်မှာ တာဝန်ရှိတဲ့ပုံစံမျိုး ရှိတယ်။ အခုကတော့ ကာလုံနဲ့ အလားသဏ္ဌာန်တူတဲ့ အစည်းအဝေးတွေပဲ ခေါ်ထားတဲ့အတွက်ကြောင့် သူ ဒါကိုပဲ ရည်ညွှန်းပြီးတော့ အစိုးရရဲ့ ဦးဆောင်မှုအောက်မှာပဲ တပ်မတော်က လုပ်တယ်လို့ ပြောတယ်လို့ပဲ ထင်တယ်။ တဖက်က ပြန်ကြည့်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက ပြောနေသလောက်တော့ ကောင်းသေးတဲ့ အနေအထားမှာ မရှိဘူးလို့ ပြောနိုင်ပါတယ်။”
3 years Ago

January 30, 2018

၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်လာမလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)

၂၀၁၈ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူတိုးတက်ရေးအစည်းအရုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရင်ထိုးထားတာ ၈ ဖွဲ့၊ အခုနောက်ထပ် ၂ ဖွဲ့တိုးလာတော့ ဒါဟာ အန်စီအေလမ်းကြောင်းထဲကို ဝင်လာတဲ့ လူမျိုးစုအဖွဲ့ ဆယ်ခု ဖြစ်လာပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာဆိုရင် တတိယအကြိမ်မြောက် ၂၁ ပင်လုံကိုလည်း ပြန်စမယ်။ ပြည်ထောင်စုနေ့လည်း ရှိတယ်။ ၂၀၁၈ ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်လာမလားဆိုတာ ဒီနေ့ ဆွေးနွေးမှာပါ။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ The Myanmar Quarterly အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အရင်တုန်းက အန်စီအေလမ်းကြောင်းကတော့ အစိုးရနဲ့ တပ်မတော်က ချပေးထားတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ့။ ၈ ဖွဲ့ပဲ ထိုးခဲ့တယ်။ ကျန်တာတွေ မထိုးဘူး။ အခု ၂ ဖွဲ့တော့ ထပ်တိုးလာတယ်ပေါ့။ မွန်ပြည်သစ်ကတော့ စပြီးဆွေးနွေးကတည်းကလည်း ပါတယ်။ အရင်ထိုးတဲ့ထဲတော့ မပါဘူး။ အခု ၂၀၁၈ မှာ ငြိမ်းချမ်းရေး ပိုပြီးတော့ ပွင့်လင်းလာလား၊ ငြိမ်းချမ်းရေးလိုလားတဲ့ တိုင်းရင်းသားတွေ လုပ်ငန်းစဉ်ထဲမှာ ပိုပြီးတော့ ပါဝင်လာနိုင်ခြေရှိလား။ ဆရာ သုံးသပ်ပေးပါဦး။” ဦးမောင်မောင်စိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ယူအန်အက်ဖ်စီအနေနဲ့ ဆွေးနွေးတာကနေပြီး ဒီတခေါက်မှာ မွန်ပြည်သစ်ပါတီနဲ့ LDU တို့ နှစ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လာတွေ့တယ်။ အန်စီအေ လက်မှတ်ထိုးတာတော့ မဟုတ်သေးဘူး။ ထိုးမယ်လို့ ကတိကဝတ်ပြုတာ။ ဒီနှစ်ဖွဲ့ကိုပဲ သီးခြားဆွေးနွေးသွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ကလည်း ပြောတယ်။ ယူအန်အက်ဖ်စီ ဒီပီအန်အနေနဲ့ မဟုတ်ဘဲနဲ့ မွန်ပြည်သစ်ပါတီနဲ့ LDU နှစ်ပါတီ ဆွေးနွေးပြီးတော့ အန်စီအေ လက်မှတ်ရေးထိုးသွားမယ်လို့ ပြောတယ်။ ဒီနှစ်ဖွဲ့ကတော့ အန်စီအေ လက်မှတ်ရေးထိုးသွားဖို့ကတော့ သေချာသလောက်ရှိတယ်လို့ ပြောလို့ရပါတယ်။ ၂၀၁၅ အောက်တိုဘာ ၁၅ မှာ အန်စီအေ လက်မှတ်ထိုးတာ ၈ ဖွဲ့ပဲ ရှိတယ်။ မူအရ အစိုးရနဲ့၊ တပ်မတော်က အန်စီအေကို ဆုပ်ကိုင်ထားတယ်။ အန်စီအေထိုးမှလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားလို့ရမှာကိုး။ လောလောဆယ် ကိန်းဂဏန်းအရဆိုရင် နှစ်ဖွဲ့တိုးလာတယ်။ အန်စီအေထိုးတာ ဆယ်ဖွဲ့ရှိပြီလို့ ပြောလို့ရတယ်။ တဖက်က ပြောမယ်ဆိုရင် မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒီဧရိယာမှာတော့ ငြိမ်းချမ်းရေးလမ်းစ ဆွေးနွေးပွဲစကားဝိုင်းကို ရောက်တဲ့ လမ်းစ ပွင့်တယ်လို့ ပြောလို့ရပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ တောင်ပိုင်းတခုလုံးကို ခြုံလိုက်တာပေါ့။ မြောက်ပိုင်းကတော့ တခုပေါ့။ အခု မွန်ပြည်သစ်ရယ်၊ လားဟူရယ် ထပ်တိုးလာတယ်။ တပြိုင်တည်း အရင်ထိုးတဲ့သူတွေကလည်း လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်တဲ့နေရာ၊ အဆင့်လိုက် အမျိုးသားအဆင့်လို၊ ပြည်နယ်အဆင့်လို ဆွေးနွေးပွဲတွေမှာတော့ တချို့လည်း ဝေဖန်နေတာတွေ အများကြီး ရှိတယ်ပေါ့နော်။ ဒီနှစ်ဖွဲ့အပေါ်မှာ ဘာမျှော်လင့်လို့ရလဲ၊ ငြိမ်းချမ်းရေးအလားအလာ ပိုပြီးတော့များ ပွင့်လင်းလာလား ဆရာနေထွန်းနိုင် ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးနေထွန်းနိုင် (အယ်ဒီတာ၊ The Myanmar Quarterly) “အခုက နှစ်ဖွဲ့ပေါ့။ အမှန်ဆိုရင် ၅ ဖွဲ့လောက်ထိ ထိုးဖို့ အခြေအနေ ရောက်ခဲ့သေးတယ်။ အဲဒီကနေတဆင့် နောက်ဆုံး ၂ ဖွဲ့ ကျန်တဲ့သဘောဆိုတော့ အပြည့်အဝ တိုးတက်မှုရှိလား ပြောရင်တော့ ပြောလို့မရသေးဘူးပေါ့။ တဖက်မှာကလည်း သတိထားရမှာက အန်စီအေကို တိုင်းရင်းသားတွေက ရွေးချယ်တယ်ဆိုတာက နိုင်ငံရေးအရ အဖြေရှာလိုမှုပေါ့။ နိုင်ငံရေး ဆွေးနွေးမှုတွေကတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အဖြေရှာဖို့ အသုံးချချင်တဲ့သဘောကိုး။ အန်စီအေအရ အရေးကြီးတာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း အရေးကြီးတယ်။ အခုအချိန်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ရှမ်းမှာဆိုရင် ဒေသတချို့မှာ အတားခံရတယ်။ ရခိုင်မှာဆိုရင် လုံးဝ မလုပ်နိုင်သေးဘူးပေါ့။ အဲဒီလိုပဲ ကရင်မှာဆိုရင်လည်း ပြဿနာရှိနေတယ်။ အေဘီအက်စ်ဒီအက်ဖ် ဆိုရင်လည်း လုပ်လို့မရတဲ့ တားခံရတဲ့နေရာတွေ ရှိနေတယ်။ အခုဖြစ်နေတဲ့ ပြဿနာက အဲဒီပြဿနာတွေပေါ့နော်။ အဲဒီပြဿနာတွေ မပြေလည်ဘဲနဲ့ တဖက်မှာလည်း ၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးကို ပြင်ဖို့ စပြီးစိုင်းပြင်းနေတယ်ပေါ့။ အဲဒီအချိန်မျိုးမှာ မွန်ပြည်သစ်က လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ကျနော်တို့ မေးစရာရှိတာက မွန်ပြည်သစ်က လက်မှတ်ထိုးပြီးတဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်မှာလဲပေါ့။ အခု မွန်ပြည်နယ်တခုလုံးကို ကိုယ်စားပြုမှု လွှမ်းခြုံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်ရှိမှာလားပေါ့။ ဒါမှမဟုတ် တပ်မတော်က သတ်မှတ်ပေးထားတဲ့ နေရာလေးတခုမှာပဲ လူလေးနည်းနည်းနဲ့ပဲ လုပ်ခွင့်ရှိမှာလားပေါ့။ ဒါကတော့ မေးစရာတခု ရှိပါတယ်။ နောက် သူ့အနေနဲ့ သီးခြားပြဿနာတွေ ရှိတယ်။ မြေယာကိစ္စတွေ၊ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ၊ ဒုက္ခသည်အရေးတွေပေါ့။ အခု အဲဒါကို ဘာလို့ပြောလဲဆိုတော့ အန်စီအေ လက်မှတ်ထိုးပြီးသွားရင် လက်မှတ်ထိုးတဲ့သူတွေက အကျိုးအမြတ်ရှိပါတယ် ဆိုတာကို ပြသနိုင်တာမျိုး ကျန်တဲ့အဖွဲ့တွေမှာ မရသေးဘူး။ မွန်ပြည်သစ်ကရော အဲဒါကို ရမလားဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေတယ်။ အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
3 years Ago
More News
Up