အနောက်အာဖရိက နိုင်ငံတခုဖြစ်တဲ့ ဘတ်ကီနိုဖာဆိုနိုင်ငံမြို့တော်မှာ စနေနေ့က အစ္စလာမ္မစ် အကြမ်းဖက်တွေ အနောက်နိုင်ငံသားတွေ အတည်းများတဲ့ ဟိုတယ်တခုကို စီးနှင်းတိုက်ခိုက်ခဲ့ ကြပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံခြားသားတွေအပါအ၀င် လူအနည်းဆုံး ၂၃ ဦးသေဆုံး ခဲ့ပါတယ်။
ဟိုတယ်ကိုရော၊ အနီးက ကော်ဖီဆိုင်နဲ့ နောက်ထပ်ဟိုတယ်တခုကိုပါ ဒေသတွင်း အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ဝင် ၄ ဦးက ၀င်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့အားလုံး တိုက်ခိုက်မှုအတွင်း သေဆုံးကြပြီး ၂ ယောက်က အမျိုးသမီးတွေလို့ သတင်းတွေက ဆိုပါတယ်။
ဘက်ကီနာသမ္မတကိုယ်တိုင် စီးနှင်းတိုက်ခိုက်မှုဖြစ်တဲ့နေရာကို လာရောက်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုခဲ့ပြီး ဓားစာခံအဖြစ် အဖမ်းခံရသူ အနည်းဆုံး ၁၅၀ လောက်ရှိ ခဲ့တာလို့ ပြောဆိုပါတယ်။
ဘတ်ကီနာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကတော့ သေဆုံးသူအားလုံး ၂၇ ယောက်လို့ ပြောဆိုပြီး အကြမ်းဖက်တွေတွေထဲမှာ အမျိုးသမီးတွေပါ ပါဝင်တယ်ဆိုတာကိုတော့ ငြင်းဆို ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မာလီနိုင်ငံမြို့တော်က ဟိုတယ်တခုကို ဒီအယ်ကိုင်ဒါအဖွဲ့ကပဲ အခုလိုတိုက်ခိုက်စီးနင်းခဲ့ကြပြီး လူ ၁၉ ဦးသေဆုံးခဲ့ပါသေးတယ်။ ဘက်ကီနာဖာဆိုနိုင်ငံ မြို့တော်မှာတော့ ဒါဟာ ပထမဆုံး အနောက်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ပါတယ်။
7 years Ago