အယုံအကြည်မရှိအဆိုတင်သွင်းမှု

A d v e r t i s e m e n t With Us

June 8, 2020

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းမှု နိုင်ငံရေးထိုးနှက်ချက်ဖြစ်ဟု မုံရွာအောင်ရှင်ပြော

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အယုံကြည်မရှိကြောင်း စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းလိုက်တာဟာ ရွေးကောက်ပွဲနီးလာတဲ့အတွက် နိုင်ငံရေးထိုးနှက်ချက်တခုသာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ပြောကြားလိုက်ပါတယ်။   ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆိုကို ဇွန် ၅ ရက်နေ့က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်က လက်မှတ်ရေးထိုးပြီး လွှတ်တော်ဥက္ကဋ္ဌ တင်ပြခဲ့တာပါ။ အခုလို စွပ်စွဲပြစ်တင်မှုဟာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင်လည်း အဆိုရှုံးနိမ့်မှာဖြစ်တဲ့အတွက် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ ထိုးနက်တာဖြစ်ပြီး ရွေးကောက်ပွဲနီးလာချိန်မှာ အခုလိုဖြစ်စဉ်မျိုးတွေ နောက်ထပ်ဖြစ်ပေါ်ဖို့လည်း ရှိနိုင်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ပြောပါတယ်။ အခုလို နိုင်ငံရေးအင်အားစုတွေ တဖက်နဲ့တဖက် စွပ်စွဲပြစ်တင်တာတွေ ပြုလုပ်နေမယ်ဆိုရင် ကိုဗစ်အလွန်ကာလ ပြန်လည်တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေမှာ စိုးရိမ်စရာအခြေအနေတခု ဖြစ်သွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။   ဇွန်လ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးနောက် ဆုံးနေ့မှာ တိုင်းလွှတ်တော်အမတ်ရဲ့ လေးပုံတပုံ ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးက လက်မှတ်ရေးထိုးတင်ပြခဲ့တာပါ။ အဆိုကို လက်မှတ်ရေးထိုးတင်သွင်းခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုကိုးကျွန်းမဲဆန္ဒနယ်အမှတ် ၁ က ဦးတင်ဝင်းကတော့ ဒီကိစ္စကို လွှတ်တော်မှာ ဥပဒေနဲ့အညီလုပ်ဆောင်ခဲ့တာဖြစ်ပြီး သီးခြားမှတ်ချက် ပေးစရာမရှိဘူးလို့ ပြောပါတယ်။ တိုင်းလွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံ လက်မှတ်ရေးထိုးပြီး အဆိုတင်သွင်းခဲ့တာကြောင့် လာမယ့်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဗိုလ်တထောင် ဘုရားမှာ ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနား တက်ရောက်တဲ့ကိစ္စအပါအဝင် ဘတ်ဂျက်ငွေစီမံခန့်ခွဲမှုကိစ္စနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေ ရှိနေတာပါ။  သတင်း- ချမ်းမြေ့မောင်
9 months Ago
Up