အမှုပေါင်း ၄၀ ခန့် ဖမ်းဆီးအရေးယူ

February 2, 2018

လင်းယုန်စီမံချက်ဖြင့် ဖေဖော်ဝါရီ ၁ ရက်တည်း အမှုပေါင်း ၄၀ ခန့် ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းမှာ ခိုးဆိုးလုနှိုက်တွေကို လင်းယုန်စီမံချက်နဲ့ ဖမ်းဆီးအရေးယူနေရာမှာ ဖေဖော်ဝါရီ ၁ ရက်တည်းမှာတင် အမှုပေါင်း ၄၀ လောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တိုင်းအတွင်းရှိ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူတွေ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲသူတွေ၊ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ အုပ်စုဖွဲ့ ကျူးလွန်သူ လူဆိုးလူမိုက်တွေ၊ ဒုစရိုက်မှုတွေ၊ ပြေး (၄) ပြေးတွေကို ရဲက ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုမှာ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့မှာ ရဲအက်ဥပဒေနဲ့ အရေးယူမှု ၂ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူမှု ၂ မှုနဲ့ တရားခံပြေး ၁ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့လို့ သိရပါတယ်။ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း၊လှိုင်၊ လမ်းမတော်၊ ကမာရွတ်၊ လသာမြို့နယ်တွေ အတွင်းမှာ ရဲအက်ဥပဒေနဲ့ ၄ မှု၊ မော်တော်ယာဉ်ဥပဒေနဲ့   ၂ မှု၊ ကျင့်ထုံးပုဒ်မ ၅၄နဲ့ ၁ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ၂ မှု၊ လောင်းကစားဥပဒေနဲ့ ၁ မှု အရေးယူခဲ့ပြီး စစ်ပြေး ၁ ဦးကို ဖမ်းဆီးရမိ အရေးယူခဲ့တယ်။ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်မှာ  ရဲအက်ဥပဒေနဲ့ ၂ မှု ဖမ်းဆီးရမိအရေးယူခဲ့ပြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်မှာ ရဲအက်ဥပဒေနဲ့ ၉ မှု၊ ၁၉၆၁ ခုနှစ်ပြစ်မှု ကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေအရ ၂ မှု၊ ယစ်မျိုးဥပဒေ ၁ မှု၊ ကျင့်ထုံးပုဒ်မ ၅၄ အရ ၄ မှု၊ လက်နက်များ အက်ဥပဒေပုဒ်မနဲ့ ၁ မှု၊ လောင်းကစားဥပဒေနဲ့ ၁ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ၃ မှုနဲ့  စစ်ပြေး ၁ ဦးတို့ကို ဖမ်းဆီးရမိ အရေးယူခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ လင်းယုန်စီမံချက်ကို ၂၅ မြို့နယ်မှာ အရှိန်မြှင့် လုပ်ဆောင်နေပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် ၁၉ မြို့နယ်မှာလည်း ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ Photo: Yangon Police
4 years Ago
Up