အမှိုက်သိမ်းသမား

September 21, 2017

ကောက်ရငွေ ဘတ် ၂ သိန်းကို ရဲစခန်းတွင် ပြန်အပ်ခဲ့သည့် အမှိုက်သိမ်းသမား

ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင်မှာ အမှိုက်သိမ်းသမား ၂ ဦးက ကောက်ရငွေ ဘတ် ၂ သိန်းကို ပိုင်ရှင်ထံပြန်ပေးဖို့ ရဲစခန်းကို သွားရောက်အပ်နှံခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ နိုင်းယင့်ယုဒ် ဆီကစ် (၃၁ နှစ်) နဲ့ နိုင်းဖိုင်လုတ် ယဲမ့်ကလိပ် (၄၀ နှစ်) ဆိုတဲ့ မြူနီစီပါယ် အမှိုက်သိမ်းဝန်ထမ်းနှစ်ဦးဟာ စက်တင်ဘာ ၂၀ ရက်နေ့က နွန်ထပူရီမြို့ ဘန်ကလန်ရပ်ကွက် ဘန်ကလန် ၄၂ လမ်းထဲမှာ အမှိုက်တွေ သွားသိမ်းခဲ့ကြပါတယ်။ သိမ်းဆည်းလာတဲ့ အမှိုက်တွေကို အမျိုးအစားပြန်ခွဲစဉ် အမှိုက်ထုပ်တထုပ်ထဲမှာ ငွေ ၂ သိန်း ပါလာတာတွေ့လို့ သက်ဆိုင်ရာပိုင်ရှင်ကို ပြန်ပေးနိုင်ဖို့အတွက် ရဲစခန်းမှာ လာရောက်အပ်နှံထားတယ်လို့ ဘန်ဆီမိုင်းနယ်မြေရဲစခန်း တာဝန်ကျရဲအုပ် ဆင်ဟာ ဆီဟချာလီက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့နှစ်ဦးဟာ အဲဒီအမှိုက်ထုပ်ကို ဖွင့်လိုက်စဉ် အထဲမှာ အရွယ်အစား ၂၀ × ၃၀ စင်တီမီတာရှိ စက္ကူဘူးတခု တွေ့ရကြောင်း၊ ဘူးကိုဖွင့်လိုက်ရာမှာ လျှပ်စစ်မီးလုံးအဟောင်းတွေ တွေ့ရပြီး အဲဒီအောက်မှာ တိပ်နဲ့ပတ်ထားတဲ့ အဝတ်ထုပ်တထုပ် ထပ်တွေ့ရကြောင်း၊ အထုပ်ကို ဖြည်ကြည့်ရာမှာ ဘတ် ၁၀၀၀ တန် ငွေစက္ကူအစီး ၂ စီးတွေ့ရပြီး ရေတွက်ကြည့်ရာ တစီးကို ဘတ် ၁ သိန်းစီရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အမှိုက်ထုပ်သိမ်းယူခဲ့တဲ့အိမ်ကို တခေါက်ပြန်သွားခဲ့ပေမယ့် အိမ်ရှင်က ခရီးထွက်နေလို့ ရဲစခန်းမှာ လာရောက်အပ်နှံထားတာဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်ရှင်ဖြစ်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားရာ အိမ်ရှင်က အဲဒီအမှိုက်ထုပ်ဟာ သေဆုံးသွားတဲ့ အစ်ကိုရဲ့ အခန်းထဲကဖြစ်ကြောင်း၊ သူတို့ဟာ အဲဒီအခန်းကို သန့်ရှင်းရေးဝင်လုပ်ပြီး အမှိုက်တွေ စုပစ်ခဲ့ရာမှာ ငွေထုပ်ပါသွားမှန်း မသိကြောင်း၊ လောလောဆယ် ခရီးလွန်နေလို့ နောက်မှ ငွေတွေပြန်လာယူမယ်လို့ ဆိုပါတယ်။ ရဲစခန်းကတော့ အဲဒီငွေတွေကို သိမ်းဆည်းထားပြီး ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထားတွေ လာရောက်ပြသနိုင်ရင် ငွေတွေပြန်အပ်မယ်လို့ ပြောပါတယ်။
4 years Ago
Up