အမှောင်ထဲက လွတ်လပ်လုံခြုံခြင်း

May 5, 2021

အမှောင်ထဲက လွတ်လပ်လုံခြုံခြင်းကို ဆာလောင်နေရချိန် (ဆောင်းပါး)

တိုင်းပြည် အမှောင်ကျသွားပြီဆိုတဲ့အကြောင်းကို သတင်းဌာနတစ်ခုက အမျိုးသားတစ်ဦး ကြေညာသွားပါတယ်။ သူ့မျက်နှာမှာတော့ အဆီပြန်ထားတဲ့မျက်နှာ ဖြစ်သလို တညလုံးလည်း အိပ်ထားပုံမရပါဘူး။ ဖုန်းစခရင်ပေါ်ကနေ ပထမဆုံး ကြားလိုက်ရတဲ့ သူ့အသံက “ကျနော်တို့ တတိုင်းပြည်လုံး အမှောင်ကျတဲ့နေ့ပါ။ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေကို စစ်တပ်အရာရှိတွေ ဖမ်းဆီးသွားပါတယ်”။

စာရေးသူတို့ သက်တမ်းတ၀က်လောက် အမှောင်ကျနေတဲ့တိုင်းပြည်မှာ နေထိုင်ကြရတာပါ။ အမှောင်ချထားတဲ့ပညာရေး၊ အမှောင်ချထားတဲ့ ကျန်းမာရေး၊ အမှောင်ချထားတဲ့ သတင်းအချက်အလက်တွေကို ရရာနေရာတွေကနေ မဖြစ်စလောက်လေး ရယူခဲ့ကြရတာ ဖြစ်ပါတယ်။

အမှောင်ချထားတဲ့ နေ့ရက်တွေကနေ မွေးဖွားကြီးပြင်းလာရတာဖြစ်လို့ ခံစား၊ စံစားရတဲ့ ဘ၀ကနေပဲ ကံတရားကိုသာ ပုံအပ်ထားရာ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ လူတန်းစား မညီမျှမှု၊ လူနေမှုဘ၀ နိမ့်ကျမှုတွေရဲ့ နောက်ကွယ်က ထိန်းချုပ် ချုပ်ကိုင်သူ လူတစုကြောင့်ဆိုတာကို အမှတ်တမဲ့ သတိမပြုမိခဲ့ပါဘူး။

လျှပ်တပြက် ပွင့်လင်းလိုက်တဲ့ သတင်းအချက်အလက်နည်းပညာရဲ့ တဟုန်ထိုး ပြောင်းလဲမှုကြောင့် လူတစုသည် သူတို့နဲ့ သူတို့မိသားစု ကောင်းစားရေးအတွက် ပြည်သူပြည်သားတွေအပေါ် အမြတ်ထုတ် ကုပ်သွေးစုတ်ထားသမျှကို ဘူးပေါ်သလို ဟိုနားတစ သည်နားတစ ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဖုန်းလိုင်းတွေ အကုန်ပိတ်လိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့မရတော့ပါဘူး။ အခန်းဖော်တစ်ဦးရဲ့ အသံကြောင့် လန့်နိုးခဲ့ရပါတယ်။

“အမေစုနဲ့ သမ္မတကြီး ဦး၀င်းမြင့်ကို စစ်တပ်က ဖမ်းသွားပြီ”

အနီးအနားက သူတွေလည်း လန့်နိုးလာပြီး ကိုယ့်ဖုန်းကိုယ် ဖွင့်ကြပါတယ်။ ဖုန်းပါဝါသာ ပွင့်ပြီး ဘယ်ကိုမှ ခေါ်မရပါဘူး။ ဖုန်းပိတ်လိုက် ပြန်ဖွင့်လိုက်နဲ့သာ လုပ်နေရတယ်၊ ဖုန်းလိုင်းက လုံး၀မရပါဘူး။ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီရဲ့ အာဏာသိမ်းခြင်းကို မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံလိုက်ရပါပြီ။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကြိုတင်တွက်ချက်မထားမိတဲ့အရာ ဖြစ်ပါတယ်။

အမှောင်ချဖို့အတွက် ပထမဆုံး စလုပ်ကြတာ သတင်းအချက်အလက်စီးဆင်းမှုကို ပိတ်လိုက်တာ ဖြစ်ပါတယ်။ သတင်းပိတ်ပင်တာကို ကနဦးစလုပ်ပြီး စစ်ကောင်စီရဲ့ စီစဉ်ထားတဲ့အတိုင်း အကွက်ကျကျ တနိုင်ငံလုံးက မြို့ရွာတွေမကျန် လက်ရှိအာဏာရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်လံဖမ်းဆီးပါတော့တယ်။

သက်တမ်းတ၀က်စာလောက် အမှောင်ကျနေ့ရက်တွေမှာ ကြီးပြင်းလာသူတစ်ယောက်အဖို့ ရေဒီယိုတစ်လုံးက ဘေးမှာမရှိမဖြစ် နေခဲ့ရချိန်တွေ ရှိခဲ့ပါတယ်။ ဖျော်ဖြေရေးနဲ့ သတင်းတွေကို နားထောင်ရတာပါ။

အခုတော့ ဆက်သွယ်ရေးလိုင်းတွေ ပိတ်လိုက်ချိန် ရေဒီယိုတစ်လုံး အမိအရ ပြေး၀ယ်ရပါတော့တယ်။ ရေဒီယို လက်ထဲရတယ်ဆိုရင်ပဲ စာရေးသူတို့ အမှောင်ကမ္ဘာထဲ ရောက်‌ရှိနေပြီ ဖြစ်ကြောင်းကို ရေဒီယိုက အသိပေးလိုက်ပါပြီ။

တချိန်က ရေဒီယို အသံလွှင့်ဇာတ်လမ်းတစ်ပုဒ်က တစိမ့်စိမ့်နဲ့ အတွေးထဲ ပြန်ပေါ်လာပါတယ်။ အဲဒီရေဒီယိုအသံလွှင့်ဇာတ်လမ်းက တချိန်က စစ်အာဏာသိမ်းခံထားရတဲ့ အချိန်၊ ကရင်ပြည်နယ်က ရွာလေးတစ်ရွာမှာ စစ်ဖြစ်လို့ ထွက်ပြေးတိမ်းရှောင်သူတွေရဲ့ ဘ၀အကြောင်း ဖြစ်ပါတယ်။ ရေဒီယိုဇာတ်လမ်းရဲ့ ခေါင်းစဉ်ကို မမှတ်မိတော့ပါဘူး။ ပြည်ပကနေ လွှင့်တဲ့ ရေဒီယိုသတင်းဌာနတစ်ခုက လွှင့်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ်က စာရေးသူ ဆယ်တန်းမအောင်သေးပါဘူး။ ဒီဇာတ်လမ်းလေးကို နားထောင်ခဲ့ရတဲ့ ညက အခြေအနေကိုလည်း အခုထိ မျက်လုံးထဲက မထွက်သေးပါဘူး။ ကျောင်းစာ ဖတ်ပြီးလို့ ခြံစောင့်တဲပေါ်တက် အိပ်ဖို့ပြင်ဆင်ပြီး နာရီကြည့်တော့ ရေဒီယိုအစီအစဉ် မပြီးသေးတာ သိရလို့ ရေဒီယိုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ခြံစောင့်တဲရဲ့ ဘေးပတ်လည်မှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိသလို တဲတစ်လုံးနဲ့ တစ်လုံးက အလွန်ဝေးပါတယ်။ တဲရဲ့အပြင်ဘက်မှာတော့ လသာသာထိန်လို့ပါ။ ရေဒီယိုအသံကို တဲအပြင်မထွက်အောင် တစ်ယောက်တည်း ကြားရရုံသာ ဖွင့်လိုက်ပါတယ်။

အမှတ်ရသမျှ ရေဒီယိုဇာတ်လမ်းထဲက…

“ညက အမှောင်ထုကိုခွင်းပြီး လမင်းကြီးက ထိန်ထိန်သာလို့ပါ။ အေးချမ်းတဲ့အချိန်မှာ လမင်းကြီးရဲ့ အလင်းရောင်ကြောင့် ထပ်ဆင့်အေးမြခြင်းကို ရရှိမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့ မအေးချမ်းပါ။ အသက်ဘေးလွတ်ရာကို ပြေးလာကြရသူတွေ ဖြစ်ပါတယ်။ သဘာ၀တရားကြီးက သူတို့ရွာသူရွာသားတွေနဲ့ လားလားမျှမသက်ဆိုင်ပါ။

ဒီရွာသူရွာသားတွေက စစ်ဖြစ်လို့ ပြေးလာကြရသူတွေ ဖြစ်ပါတယ်။ ကလေး ပုစုခရုလေးတွေလည်း ပါရဲ့။ အသက်ကြီး အဘိုး အဘွားတွေလည်း ပါရဲ့။ တနိုင်စာ အထုပ်အပိုးတွေကို ထမ်းပြီး မိသားစု စည်းစည်းလုံးလုံးနေခဲ့ကြတဲ့ ရွာလေးကိုစွန့်ပြီး ခရီးဆက်လာကြတာပါ။

ရှေ့ကိုဆက်ပြီးသွားဖို့ ကျန်နေသေးလို့ ခရီးတထောက်နားပြီး သွားကြရဦးမယ်။ ရှေ့ခရီးတထောက် ရောက်တော့လည်း ဆက်သွားလို့ ရ၊ မရ ကြည့်ရဦးမှာကို။ ဘယ်ကို သွားနေမှန်း မသိပေမယ့် သွားလိုရ‌သလောက်တော့ သွားကြရမှာ ဖြစ်ပါတယ်။

စစ်ဘေးနဲ့ ဝေးနိုင်သမျှဝေးအောင်သွားဖို့က ဒီရွာသူရွာသားတွေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ သူတို့တွေထဲက လူထူးဆန်းတစ်ဦး ပါလာတယ်။ ထိုလူက အနုပညာဓာတ်ခံပါသူတစ်ဦး ဖြစ်ပုံရပါတယ်။

အေးချမ်းလှတဲ့ညတွေကို ကျော်ဖြတ်ဖို့ သူ့မှာ အနွေးထည်၊‌ စောင်ရယ်လို့ ပါလာတာ မတွေ့ရဘူး။ ရွာသူရွာသားတွေက အနွေးထည်၊ စောင်၊ အစားအစာ တနိုင်တပိုင် သယ်လာကြပေမယ့် ထိုသူက လက်ထဲမှာ တယောတစ်လက်သာ ပါလာပါတယ်။ တယော တစ်လက်ကိုတော့ သူ မပါမဖြစ် သယ်လာပါတယ်။ သူ့ဘေးမှာတော့ ခွေးတစ်ကောင်လည်း လိုက်ပါလာပါတယ်။

ခွေးတစ်ကောင်၊ တယော တစ်လက်နဲ့ လူတစ်ယောက်ကိုလည်း သူနဲ့အတူ စစ်ဘေးရှောင်လာကြတဲ့ ရွာသားတွေက စားစရာ၊ သောက်စရာနဲ့ အ၀တ်အထည်လေး တနိုင်လောက်  မသယ်ခဲ့ရမလား ဆိုပြီးတော့လည်း အပြစ်တင်ပြောဆိုဖို့ သတိမထားမိကြပါဘူး။

ခရီးတထောက်နားချိန် လမ်းခုလတ် တနေရာမှာနားချိန် အဲဒီတစ်ညမှာ ရွာသူရွာသား၊ ကလေး၊ လူကြီး ပါလာသမျှ ချက်ပြုတ်ဝေငှ စားသောက်ကြပါတယ်။ ထိုလူ့ကိုလည်း ဟိုလူ ခေါ်ကျွေး၊ သည်လူ ခေါ်ကျွေးနဲ့ အဲ့ဒီညက ညစာအတွက် သူ့အ‌နေနဲ့တော့ ဖူလုံသလို သူနဲ့အတူ ပါလာတဲ့ခွေးလည်း အစာမငတ်ခဲ့ရပါဘူး။

လူခြေတိတ်ချိန်ရောက်တော့ ထိုလူလည်း တနေရာကို ထွက်လာပါတယ်။ ‌တယောတစ်လက်ကို ကိုင်လျက် သူ့ဘေးမှာတော့ ခွေးတစ်ကောင်က မပါမဖြစ်ပေါ့။ တစ်နေရာ အရောက်မှာ တောင်ကုန်းလေးတစ်ခုပေါ်ထိုင်ပြီး ပါလာတဲ့ တယောကို ဆွဲဆွဲငင်ငင် တီးခတ်လို့ နေပါတော့တယ်။ သူ့ဘေးကခွေးတစ်ကောင်က တောင်ကြည့် မြောက်ကြည့်နဲ့ပါ။ လရောင်အောက်က ခွေးတစ်ကောင်နဲ့ လူတစ်ယောက် တယောလေးတစ်လက်ကို ပိုင်နိုင်စွာနဲ့ တီးခတ်နေတာကိုတော့ ဘယ်သူတွေ ကြားနိုင်မှာလဲ။ သူ့တယောသံက သူ‌ ဆာလောင်နေတဲ့ လွတ်လပ်ခြင်း။ သူ ဆာလောင်နေတဲ့ လုံခြုံခြင်းအရာကို ဆွဲဆွဲငင်ငင် တောင့်တနေရင်းပေါ့”။ ။

ဗိုလကို

7 months Ago
Up