အမှုရင်ဆိုင်ရနိုင်

September 23, 2020

အီတလီမြေတွင်  ဘောလုံးမကစားရဘဲ အမှုရင်ဆိုင်ရနိုင်သည့် ဆွာရတ်

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ္စဆွာရတ်ဟာ ဂျူဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေချိန် အီတလီနိုင်ငံသားဖြစ်ခွင့်စာမေးပွဲမှာ လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဆွာရတ်ဟာ အီတလီပတ်စ်ပို့ ရရှိဖို့အတွက် လိုအပ်တဲ့ B1 Italian စာမေးပွဲဖြေဆိုဖို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ Perugia ကို သွားရောက်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ EU ပြင်ပက ကစားသမားခေါ်ယူခွင့် ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ဆွာရတ်ကို ခေါ်ယူဖို့အတွက်ဆိုရင် သူဟာ ဥရောပနိုင်ငံသားဖြစ်ဖို့ လိုအပ်ခဲ့တာပါ။ ဒါကြောင့် သူဟာ အီတလီနိုင်ငံသားဖြစ်ခွင့်ရဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆွာရတ်ရဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေဖို့ကိစ္စဟာ ပျက်ပြားသွားခဲ့ပြီဖြစ်ပြီး သူ ပတ်စ်ပို့ရဖို့ ကိစ္စတွေဟာ အပြောင်းအရွှေ့ကာလတွင်းမှာ အပြီးသတ်ဖို့မဖြစ်နိုင်ဘူးလို့ အားကစားဒါရိုက်တာက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ အီတလီအာဏာပိုင်တွေဘက်က ဆွာရတ်ဟာ သူ့စာမေးပွဲအတွက် မေးခွန်း ကြိုတင်သိရှိမှုတွေရှိခဲ့ပြီး ဒါကို စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။ Perugia အစိုးရရှေ့နေရုံးက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ “စစ်ဆေးမှုတွေအရ စာမေးပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖြေဆိုသူက ကြိုတင်သိရှိထားခဲ့ပြီးဖြစ်ကာ သူ့ရဲ့ရမှတ်တွေဟာလည်း ကြိုတင်ကြံစည်ထားမှု ဖြစ်ပါတယ်။ စစ်ဆေးစဉ်မှာလည်း ဖြေဆိုသူဟာ အီတလီဘာသာစကားနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာလေးတွေကိုသာ သရုပ်ပြမှု လုပ်ဆောင်ခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။ “ဒီနေ့မှာ ဘဏ္ဍာရေးရဲတပ်ဖွဲ့က Perugia တက္ကသိုလ်က စာရွက်စာတမ်းဆိုင်ရာတွေကို စုံစမ်းစစ်ဆေးနေပြီး လျှို့ဝှက်ကိစ္စတွေကို ပေါက်ကြားစေမှုနဲ့ အသိပေးထားမှုအပေါ် အတည်ပြုသွားမှာ ဖြစ်ပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဆွာရတ်ဟာ ဂျူဗင်တစ်ပ်အသင်းကို ပြောင်းရွှေ့ဖို့ အဆင်မပြေတော့ပေမယ့် လက်ရှိအချိန်မှာတော့ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ဖို့အတွက် သေချာသလောက် ရှိနေပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းရဲ့ သဘောထားက အတားအဆီးတစ်ခုအဖြစ် ရှိနေပါတယ်။ ဘာစီလိုနာနဲ့ ဆွာရတ်တို့ရဲ့ စာချုပ်မှာ အသင်းရဲ့ပြိုင်ဘက်အသင်းထံ မပြောင်းရွှေ့ရဘူးဆိုတဲ့ အချက်တစ်ခု ပါဝင်နေတာကြောင့် ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေက သူ့ကို စပိန်ပြင်ပအသင်းတွေဆီကိုသာ ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆွာရတ်ကတော့ စပိန်မြေမှာပဲ ဆက်နေလိုနေတယ်လို့ သိရပါတယ်။
8 months Ago
Up