အမှုဖွင့်

November 24, 2021

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲအမှုဖွင့်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို အဂတိမှုနဲ့ စွပ်စွဲပြီး အမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့   စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြေညာပါတယ်။

ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဟာ တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ ပေါ်ရှိ မြေနေရာအား ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်ပါ တင်ဒါ လုပ်ထုံးလုပ်နည်းနဲ့အညီ လိုက်နာဆောင်ရွက်မှု မရှိဘူးလို့ စွပ်စွဲထားပါတယ်။ 

အဆိုပါမြေနေရာရဲ့ ကာလပေါက်ဈေးအရ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀ နဲ့ ၁၅ ဒေါ်လာကြားရှိသော်လည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုနဲ့ စာချုပ် ချုပ်ဆိုငှားရမ်းရာမှာ တစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဒေါ်လာ နှုန်းနဲ့ တစ်နှစ်စာမြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့လို့  တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တွင်း မြေငှားရမ်းမှုတွေမှာ ငှားရမ်းတဲ့ ကုမ္ပဏီတွေက မြေအသုံးချမှုပရီမီယံကြေး တစ်ဧကလျှင် အနိမ့်ဆုံးနှုန်းထား အမေရိကန် ဒေါ်လာ ၁ သန်းရှိပေမဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနပိုင် မြေ ၉ ဒသမ ၂၂ ဧကကိုငှားရမ်းရမှာ မြေအသုံးချမှုပရီမီယံကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်သာ ပေးသွင်းစေခဲ့လို့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ  နိုဝင်ဘာ ၂၃ ရက်နေ့စွဲနဲ့ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ အဆိုပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး  ဦးသောင်းထွန်းဘက်က ချေပပြောဆိုခွင့် မရသေးပါဘူး။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်  ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊  ပြည်ထောင်စုဝန်ကြီးတွေ ကို ဖမ်းဆီးပြီး အဂတိမှုစွဲချက်တွေအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတာဖြစ်ပြီး   အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတော့ တခုမှ ပြနိုင်တာ မရှိသေးပါဘူး။ 

Photo- MIFER

2 months Ago

June 3, 2021

တောင်တွင်းကြီးမြို့၌ ကျောင်းအုပ်ဆရာမ ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ပုဒ် ၅၀၅ (က) ဖြင့်အမှုဖွင့်

မကွေးတိုင်း တောင်တွင်းကြီးမြို့က အုန်းတောကျောင်းလို့ခေါ်တဲ့ အ.လ.က (၃) (ထခွဲ) ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီညွန့်ကို  အကြမ်းဖက် စစ်အုပ်စုက ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်လိုက် ပါတယ်။

''ဆရာမကြီးကို ဒီကနေ့ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက တောင်တွင်းကြီးမြို့မရဲစခန်းမှာ ၅၀၅ (က)  နဲ့ အမှုဖွင့်ပြီး မကွေးကိုပို့မယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့သူတွေက ဆက်သွယ်လို့သိရတာ” လို့ ဆရာမကြီးရဲ့ မိသားစုနဲ့နီးစပ်သူတွေထံက  သိရပါတယ်။

ဆရာမကြီးဒေါ်နီနီညွန့်ဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက်ကြောင့် မတ်လ ၅ ရက်နေ့က တာဝန်မှယာယီရပ်ဆိုင်းခံရပြီး  မတ်လ ၂၇ ရက် ည ၇ နာရီလောက်မှာ စစ်တပ်က သူ့ရဲ့ နေအိမ်ကိုလာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

8 months Ago

မြစ်ကြီးနားတွင် အမှုလိုက် ရှေ့နေ ၁ ဦးကို စစ်အုပ်စုကဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆန္ဒပြလို့ဖမ်းဆီးခံရတဲ့ပြည်သူတွေအတွက် အခမဲ့ရှေ့နေလိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို  အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးပြီး မြို့မရဲစခန်းမှူးက တရားလိုပြုလုပ် အမှုဖွင့်လိုက်ပါတယ်။

ဇွန်လ ၂ ရက် နေ့လယ်ပိုင်း မြစ်ကြီးနားထောင်တွင်းတရားရုံးမှာ အမှုတစ်ခုကို စစ်ဆေးမှုအပြီးမှာ တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို  ဖမ်းဆီးခဲ့တာလို့ သူ့ရဲ့ညီဖြစ်သူက ပြောပါတယ်။

“သူတို့တရားခွင်လုပ်ထားတဲ့ ထောင်ဓမ္မရုံထဲမှာ တစ်ခါတည်းဖမ်းသွားတယ်။ မြို့မစခန်းမှူးက တရားလိုလုပ်ပြီး တိုင်ချက်ဖွင့်ထားတာပါ။ ဒီနေ့တရားရုံးမှာ ချုပ်ရက်(ရမန်)ယူမယ်”လို့ ပြောပါတယ်။

ရှေ့နေ ဦးသက်ထွန်းဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲပြီး မြစ်ကြီးနားမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ရှေ့နေ ဦးသက်ထွန်းဦးဟာ မြစ်ကြီးနားမြို့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံထားရသူတွေရဲ့ အမှုတွေကို အခမဲ့လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေများအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

8 months Ago
More News
Up