အမှန်တကယ်လိုအပ်နေသူများ

A d v e r t i s e m e n t With Us

April 7, 2020

အစိုးရထောက်ပံ့မည့် ရိက္ခာအကူအညီ အမှန်တကယ်လိုအပ်နေသူများထံ ရောက်စေလို

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကာလ သင်္ကြန်ပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အစိုးရက အခြေခံစားကုန်ပစ္စည်း ၅ မျိုး ထောက်ပံ့ရာမှာ အမှန်တကယ်လိုအပ်နေသူတွေဆီကို ထိထိရောက်ရောက်ပေးစေချင်တယ်လို့ အခြေခံလူတန်းစားပြည်သူတွေက ပြောပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုဗစ်၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်အတွင်း အခြေခံလူတန်းစားပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ဖို့ စီစဉ်နေတာပါ။  ကုန်သည်/စက်မှုအသင်းချုပ်နဲ့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ ပရဟိတ လူမှုအကူအညီပေးရေးအဖွဲ့တွေပူးပေါင်းပြီး အထောက်အထောက်အပံတွေ ဖြန့်ဝေသွားမှာပါ။  ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ တစ်ပိဿာ၊ ပဲတစ်ပိဿာ ကို ပေးအပ်သွားမှာ ဖြစ်တာကြောင့် အမှန်တကယ်လိုအပ်နေတဲ့သူတွေကို ရစေချင်တယ်လို့ အခြေခံဝင်ငွေနည်း ပြည်သူတချို့က ဒီဗွီဘီကို ပြောပါတယ်။ လတ်တလော ရန်ကုန်တိုင်းမှာ စတင်ဖြန်ဖြူးဖို့ စီစဉ်ထားပြီး ဘယ်လိုပုံစံမျိုးနဲ့ ဖြန့်ဖြူးမယ် ဆိုတာကို အသေးစိတ်ပြန်လည်ထုတ်ပြန်မယ်လို့ ကုန်သည်/စက်မှုအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြန့်ဖြူးပေးအပ်ဖို့ စီစဉ်နေတာကြောင့် လက်ရှိမှာ အချက်အလက်တွေ စုစည်းနေသလို အလှူရှင်တွေကိုလည်း  အစိုးရက ဖိတ်ခေါ်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်မြို့မှာ စက်ရုံအလုပ်ရုံတွေ ရပ်နားထားသလို သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်မှာလည်း အိမ်ပြင်မထွက်ဘဲနေကြဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ ဒါ့အပြင် ရောဂါထိန်းချုပ်မှုကာလအတွင်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးအတွက် လည်း နိုင်ငံ့ဘဏ္ဍာ၊ COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က  သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
11 months Ago
Up