အမှတ်အသား

December 1, 2019

စင်ကာပူအစိုးရ တောင်းဆိုချက်အရ အမှားပြင် သတိပေးစာအမှတ်အသား ဖေ့စ်ဘွတ်ခ် ထုတ်ပြန်

စင်ကာပူအစိုးရရဲ့ တောင်းဆိုချက်အရ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေ တင်လိုက်တဲ့ အကြောင်းအရာတွေအတွက် အမှားပြင်ပေးတဲ့ သတိပေးစာ အမှတ်အသားကို ထုတ်ပြန်ပေးလိုက်ပြီလို့ ဖေ့စ်ဘွတ်ခ် နိုင်ငံတကာကော်ပိုရေးရှင်းက နိုဝင်ဘာ ၃၀မှာ ပြောပါတယ်။ စင်ကာပူနိုင်ငံက ပြဋ္ဌာန်းလိုက်တဲ့ သတင်းတုဥပဒေအသစ်ကို အကောင်အထည်ဖော်ရာမှာ ချင့်ချင့်ချိန်ချိန် ချဉ်းကပ်ဆောင်ရွက်ဖို့ကိုလည်း ဖေ့စ်ဘွတ်ခ်က ဆော်သြလိုက်ပါတယ်။ “တင်ပြလိုက်တဲ့ အကြောင်းအရာမှာ သတင်းမှားတွေ ပါတယ်လို့ စင်ကာပူအစိုးရက ပြောရင် အဲဒီသတိပေးစာက စင်ကာပူနိုင်ငံသား ဖေ့စ်ဘွတ်သုံးခ်စွဲသူတွေသာ မြင်ရအောင် ပေါ်လာမယ်ဆိုတာ ဖေ့စ်ဘွတ်ခ်က ခင်ဗျားတို့ကို တရားဝင် ပြောပြဖို့ လိုတယ်။ အမှားပြင်ပေးတဲ့ သတိပေးစာကို မူရင်းတင်ပြချက်ရဲ့အောက်မှာ ပေါ်အောင် မြှုပ်ထားမှာ ဖြစ်ပြီး မူရင်းတင်ပြချက် စာသားကိုတော့ ဘယ်လိုအပြောင်းအလဲမှ လုပ်ပေးမှာ မဟုတ်ဘူး”လို့ ဖေ့စ်ဘွတ်က ပြောပါတယ်။ ရွေးကောက်ပွဲတွေကို ထိန်းချုပ်မှုနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်သူ တယောက် အဖမ်းခံရတယ်ဆိုတဲ့ စွပ်စွဲချက်ပါတဲ့ နိုဝင်ဘာ ၂၃ ရက်က တင်ပြချက်တွေအတွက် အမှားပြင်ဆင်ချက် သတိပေးစာ ထုတ်ပြန်ပေးဖို့ ဖေ့စ်ဘွတ်ခ်ကို ညွှန်ကြားခဲ့တယ်လို့ စင်ကာပူ အစိုးရက နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ ဖော်ပြချက်ပါတဲ့ States Times Review ဘလော့အင်တာနက်စာမျက်နှာကိုတော့ စင်ကာပူ နိုင်ငံထဲမှာ ဖတ်လို့မရအောင် ပိတ်ပစ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ လာမယ့်လတွေအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ သိရပါတယ်။ “States Times Review ဘလော့ကို ဖွင့်ပြီး ရေးသားနေတဲ့ အဲလက်စ်တန်ကိုလည်း တင်ပြချက်ကို အမှားပြင်ဖို့ ကနဦး အမိန့်ပေးခဲ့တယ်။ စွဲချက်တွေဟာ မှားယွင်းနေပြီး ပုတ်ခတ်စော်ကားရာကျတယ်”လို့ စင်ကာပူအစိုးရက ပြောခဲ့ပါတယ်။
2 years Ago
Up