အမွေဆိုင်လယ်ယာမြေမှု

March 7, 2020

ခြံမြေကျူးကျော်မှုနှင့် အမွေဆိုင်လယ်ယာမြေမှု  (ဥပဒေရေးရာ အမေးအဖြေ)

ခြံမြေကို ကျူးကျော်ပြီး ဝင်းထရံခတ်မှု၊ အမွေဆိုင်လယ်ယာမြေမှု၊ ဘုရားကျောင်း ဆောက်လုပ်ဖို့ ဘယ်လိုလျှောက်ထားရမလဲ၊ စတဲ့ မြေယာ ပြဿနာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာစီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ) နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - “ဆရာခင်ဗျား။ ကျနော်တို့ရွာမှာ ဘုရားကျောင်းတခု ဆောက်လုပ်ချင်တဲ့အတွက် ခရစ်ယာန်သာသနာ့ မြေတရားဝင်ရအောင် ဘယ်လို လျှောက်ထား လုပ်ဆောင်ရမလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။” ဖြေ - သာသနာမြေအတွက် လျှောက်ထားချင်သည့် မြေသည် မည်သည့်မြေအမျိုးအစား ဆိုတာ ပထမ ကြည့်ရပါမယ်။ ကွင်းမြေပုံ၌ စကားဝါရောင်ဆေးဖြင့် ပတ်ထးသည့် ရွာမြေဟု တရားဝင် အဝန်းအဝိုင်းအတွင်းမှ မြေကွက်လား၊ ရွာမြေဟု တရားဝင် မသတ်မှတ်ရသေးသည့် လယ်ယာမြေအတွင်း တိုးချဲ့ဆောက်လုပ်ထားသည့် မြေကွက်လား၊ မည်သူမျှ အသုံးမချသည့် မြေလွတ်မြေရိုင်းအတွင်းမှ အသုံးပြုမည့် မြေကွက်လား စိစစ်ရပါမယ်။ (က) လယ်ယာမြေပေါ်တွင် အခြားနည်း ခွင့်ပြုချက် မရသေးဘဲ  ရွာမြေတိုးချဲ့မြေများ အတွင်းမှ ဖြစ်ပါက လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်း ပြောင်းလဲအသုံးပြုခွင့် လျှောက်ထား ရယူရပါမည်။ ခွင့်ပြုချက်လျှောက်ထားရာတွင် ဘုရားကျောင်းဆောက်လုပ်ရန်ဟု ဖေါ်ပြ လျှောက်ထားနိုင်ပါသည်။ (ခ) မြေလွတ်မြေရိုင်းအတွင်းမှ အသုံးပြုရန်ဖြစ်ပါက မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၄(ဃ) အရ အစိုးရက ခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြား လုပ်ငန်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်လွှာ ပုံစံ ၄ ဖြင့် လျှောက်ထား ရယူနိုင်ပါသည်။ သို့မဟုတ်မူဘဲ မြေနှင့်အခွန်တော်ဥပဒေများအရ မြေလွတ်မြေလပ်တွင် သာသနာ ဂရန် လျှောက်ထားခွင့်ပြုခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိတာ တွေ့ရပါတယ်။ (ဂ) ပင်မ တရားဝင်ရွာမြေအတွင်းမှ ဖြစ်ပါမူ ကျေးရွာ ဂရန်အဖြစ် လျှောက်ထား ရယူနိုင်ကြောင်း ဖြေဆိုလိုပါတယ်။ လျှောက်ထားရာမှာတော့ Religious Edifices သာသနာနိက အဆောက်အအုံအတွက် ဆိုရာ၌ Church သာမက Church နှင့်တွဲနေသည့် Parsonage or Clergy House အတွက်ပါ လျှောက်နိုင်ပါတယ်။ လိုအပ်သည့် မြေပုံ မြေရာဇဝင် အထောက်အထားများ၊ မြေလွှဲပြောင်း ရရှိထားမှု စာရွက်စာတမ်းများ၊ သက်ဆိုင်ရာ ဘာသာရေးဆိုင်ရာ သာသနာအဖွဲ့အစည်းများ၏ ထောက်ခံချက်များ၊ သာသနာရေးဦးစီးဌာန၏ သဘောထားမှတ်ချက်များ၊ အာဏာပိုင်များ၏ သဘောထား ထောက်ခံချက်များ ပါရှိရပါမယ်။ မေး - “လွန်ခဲ့တဲ့ ၇ နှစ်လောက်က ပေ ၄၀ × ၆၀ ရှိတဲ့လူနေအိမ်ကနေ ၂၅ ပေ × ပေ ၄၀ ဝယ်ယူခဲ့ပါတယ်။ အခုအချိန်မှာ အိမ်ဆောက်ဖို့ မြေတိုင်းတော့ ပေကမပြည့်တော့ပါဘူး။ ကျနော့်ကို ရောင်းသူကပဲ ခြံမြေကိုကျူးကျော်ပြီး ဝင်းထရံခတ်ထားပါတယ် ။ မြေအတိုင်းအတာ အမှန်ပြန်ရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆို တာကို အကြံပြုစေချင်ပါတယ်။ မူလ ပေ ၄၀ x ၆၀ ရှိတဲ့ မြေကွက်မှ ၂၅ ပေ X ပေ ၄၀ ခွဲစိတ် ဝယ်ခဲ့စဉ်က ဘယ်လို ဝယ်ခဲ့သလဲ။ မည်သို့ စာချုပ်ချုပ်ဆိုခဲ့သလဲ ဆိုတာကို  ပြန်စိစစ်ဘို့ လိုပါမယ်။ စာချုပ်မှာ ပေ အတိုင်းအတာ အတိ အကျ ဖေါ်ပြခဲ့ သလား။ ယင်းစာချုပ်ကို တရားဝင်စာချုပ်စာတမ်း မှတ်ပုံတင်ခဲ့သလား။ ဝယ်ယူပြီး ဝယ်ယူသည့် အစိတ် အပိုင်းကို ဘယ်လို တိုင်းတာ ခွဲစိပ်ခဲ့သလဲ။ လက်ရှိထား အသုံးပြုခဲ့သလား ဆိုတာတွေက အရေးကြီးတဲ့ အချက် များ ဖြစ်ပါတယ်။ အဲဒီအချက်တွေအတိုင်း စနစ်တကျ လိုက်နာ ဆောင်ရွက်ထားခဲ့ရင်တော့ ကိုယ့်ဘက် မှာ အသာရပါလိမ့်မယ်။ မိမိ တရားဝင် စာချုပ် ချုပ်ဆို တိုင်းတာ ခွဲစိတ်ရယူထားသည့် မြေကို လက်ရောက်ရ လိုမှု၊ ကျူးကျော်သူအား ဖယ်ရှားပေးစေလိုမှု တို့ဖြင့် တရားစွဲဆို အရေးယူနိုင်ပါတယ်။ စာချုပ် ချုပ်ဆိုခဲ့သော် လည်း တရားဝင် စာချုပ်စာတမ်း မှတ်ပုံမတင်ခဲ့ဘူးဆိုလျှင်တော့ မိမိက စွဲဆို တိုက်ခိုက်ဘို့ အရေး မသာနိုင် ပါဘူး။ တံဆိပ်ခွန် လုံ လောက်စွာ ထမ်းဆောင်ပြီး စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင် မထားသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းမှု စာချုပ်သည် only Shield not Sword သာဖြစ် ပါတယ်။  မေး - မိဘပိုင်လယ်ယာမြေကို သားအကြီးဖြစ်သူကို လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ မိဘများ မရှိတော့တဲ့ နောက်ပိုင်း သားကြီးဖြစ်သူကဖယ်မပေးတော့ပဲ ပုံစံ ၇ က သူ့အမည်နဲ့ပေါက်နေလို့ သူပိုင်တယ်လို့ ပြောနေပါ တယ် ။ ကျေးရွာလယ်စီကလည်း သူ့ကိုပဲ အနိုင်ပေးထားပါတယ်။ အမွေဆိုင်လယ်ယာမြေကို သားသမီးတွေ အချိုးကျရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလိုပါတယ်။ ယခု မေးခွန်းမျိုးကို ယခင်ကလည်း ဖြေကြားဘူးပါတယ်။ မိဘများရှိစဉ် သားသမီး တစ်ဦးဦးကို လုပ်ကိုင် ခိုင်း ထားရာက ပုံစံ ၇ မှာ သူ့အမည် ပေါက်သွားတယ်။ မိဘများ ကွယ်လွန်သည့်အခါ မိဘအမွေ လယ်ယာ မြေအတွက် ကျန်သားသမီးများနှင့် အငြင်းပွားမှုတွေ ဖြစ်ကြတယ်။ ယင်းကိစ္စရပ်မျိုးမှာ ဘယ်လို ဆောင်ရွက်ကြမလဲ။ မည်သို့ အမွေခွဲဝေကြမလဲ ဆိုတဲ့ ပြဿနာများ ဖြစ်ပွါးလေ့ရှိပါတယ်။ လယ်ယာမြေ ဥပဒေ ပုဒ်မ ၉(ဂ) တွင် “လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွါးမှု ပေါ်ပေါက်ပါက တည်ဆဲဥပဒေနဲ့အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့် ရှိသည် “ ဟု ပြဋ္ဌာန်းထားပါတယ်။ ယင်းပုဒ်မ၏ စကားရပ်များက ပညာသား တော်တော်ပါ ပါတယ်။  မိဘ ကွယ်လွန် သည် နှင့် ကျန်သားသမီးများသည် လယ်ယာမြေအား အမွေခွဲဝေရန် တရားရုံးသို့ သွားရောက် ဆောင် ရွက်ရန်ဟု ဖေါ်ပြထားတာ မဟုတ်ပါဘူး။ (အငြင်းပွါးမှု ပေါ်ပေါက်မှသာ) (သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့်) ဟု ဆိုသည့်အတွက် အမွေဆိုင်များ အဝေမတည်တဲ့ အငြင်းပွားမှု ဖြစ်မှသာ တရားရုံးသို့ သွားလိုက သွားရောက်ခံယူခွင့်ရှိသည် ဆိုသည့်သဘော ပြဆိုနေပါတယ်။ မိဘမရှိသည်နှင့် မိဘ ပိုင်ဆိုင်သည် ဆိုသည့် လယ်ယာမြေဆိုပြီး ကျန်သားသမီးများက တရားရုံးသို့ အမှုဆက် ခံခွင့် တောင်းခံ နိုင်ပါသလား ဆိုရင်လည်း လယ်ယာမြေလုပ်ပိုင်ခွင့်အတွက် အမွေရှင်နှင့် အမွေဆက်ခံသူအဖြစ် အရပ်သိ ပိုင်ဆိုင်မှုကို ဥပဒေက လက်မခံပါဘူး။ လယ်ယာမြေဥပဒေ ပုဒ်မ ၉ ခြေဆင်းမှာ “လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါ အခွင့်အရေးများကို ရရှိစေရမည်” ဟူသည့် စကားရပ်အရ အမွေရှင် သည် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ (ပုံစံ ၇ ရရှိထားသူ) သာ ဖြစ်ပါတယ်။ မိဘဖြစ်သူအနေဖြင့် ပုံစံ ၇ အမည် ပေါက်ထားပါက မိဘ မရှိသည့်အခါ ကျန်သားသမီးများမှ အမွေဆက်ခံခွင့်အတွက် အရေးဆိုခွင့် ရှိမည် ဖြစ် သော်လည်း ယခုကဲ့သို့ သားကြီးဖြစ်သူ၏အမည်ဖြင့် ပုံစံ ၇ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိ ထားပါက ယင်း လယ်ယာမြေ လုပ်ပိုင်ခွင့်အား အမွေဆက်ခံရန်မှာ သားကြီးဖြစ်သူ၏ အမွေဆက်ခံခွင့် ရှိသူများနှင့် သက်ဆိုင်ပြီး ပုံစံ ၇ အမည်မပေါက်ခဲ့သည့် မိဘ၏ ကျန်သားသမီးများနှင့် သက်ဆိုင်မည် မဟုတ်တော့ချေ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ၂၀၁၅ တွင် စီရင်ထုံးဖွဲ့ခဲ့သော ဒေါ်ခင်ဆွေမြင့် နှင့် ဦးဝင်းရွှေ(ခ) ဦးဝင်း ဆွေ ပါ ၃ တို့၏ အမှုတွင် “၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၉(ဂ) ပါ ပြဌာန်းချက်အရ အမွေ ဆက်ခံခြင်းနှငိ့ စပ်လျဉ်း၍ အငြင်ပွါးမှုကို ဥပဒေနှင့်အညီ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်သော အခွင့်အရေးမှာ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူများသာ ရရှိသော အခွင့်အရေးဖြစ်ကြောင်း ” ဆုံးဖြတ် ထားပါတယ်။ သို့ဖြစ်ပါက မိဘပိုင် လယ်ယာမြေကို ကျန်သားသမီးများက မိဘနှင့်အတူ ပူးတွဲကူညီ လုပ်ကိုင်လာ ပါလျက် သားကြီးဖြစ်သူ ပုံစံ ၇ ရရှိသွားမှုအရ ကျန်သားသမီးများမှ နစ်နာ ဆုံးရှုံးမှု ရှိပါသလား။ ရှိသည် ဆိုပါက တစ်ဦး တစ်ယောက်တည်းအပေါ် လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းအား ပယ်ဖျက်၍ ကျန်ပုဂ္ဂိုလ်များ ကိုပါ ပုစံ ၇ ခွဲဝေလုပ်ကိုင် ခွင့်ပြုပါရန် ပုဒ်မ ၂၂ အရ ရပ်ကျေးလယ်စီသို့ မူလမှုခင်း တိုင်ကြား ဆောင်ရွက် သင့်ပါတယ်။ ကျေးရွာဆုံးဖြတ် ချက်ကို မကျေနပ်ပါက အယူခံရုံးအဆင့်ဆင့်ထိ တက်ရောက်  ဆောင်ရွက်သင့်ပါတယ်။
1 year Ago
Up