အမှီအခိုကင်းသော ကလေးများ

December 20, 2015

အမှီအခိုကင်းသော ကလေးများ

အရင်တပတ်ကျော်က “ကလေးတွေအတွက် အတွေး” မှာ ရေးခဲ့တာ “အန္တရာယ်ကင်းသော ကလေးများ” အကြောင်းပါ။ တကယ်တော့ မပြည့်စုံသေးပါဘူး။ လုပ်ငန်းခွင်ထဲ အန္တရာယ်မျိုးစုံ၊ အစားအသောက်တွေလည်း အန္တရာယ်မျိုးစုံ ကြုံနေရတဲ့ ကလေးတွေအကြောင်း ရေးဖို့ လိုပါသေးတယ်။ ပြီးခဲ့တဲ့စာနဲ့ပတ်သက်လို့ သြစတြေးလျနိုင်ငံက မိတ်ဆွေတဦးက ဖြည့်စွက်ပေးပါတယ်။ သူ့ကလေးကို နောက်ခန်းမှာ Baby car seat နဲ့ ခါးပတ် ပတ်ခဲ့ပေမယ့် ရဲကစစ်ချိန်မှာ ဓားလွယ်ခါးပတ်ကြိုး လျော့နေရုံနဲ့ အရေးယူခံရကြောင်းပါ။ အမျိုးမျိုး တောင်းပန်တိုးလျှိုးလည်း မရပါဘူးတဲ့။ လာဘ်ထိုးဖို့တော့ စဉ်းတောင် မစဉ်းစားရဲဘူး။ နောက်တမှုထပ်တိုးမှာ သေချာနေလို့ပါ။ မှတ်လောက်သားလောက်အောင် အရေးယူမှဖြစ်မယ်။ ဒါမှ နောက် မပေါ့ဆရဲမှာ...တဲ့။ ရဲက ပြောပါတယ်။ အရေးယူနည်းကလည်း ဒဏ်ငွေမကပါ၊ သြစီဒေါ်လာ ၃၀၀ တင်မက ယာဉ်မောင်းလိုင်စင်ရဲ့ သတ်မှတ်ချက် ပွိုင့်နှစ်ပွိုင့် ဖြစ်ပါသတဲ့။ ပွိုင့်ပြန်ရဖို့က ပြစ်မှုပေါ်မူတည်ပြီး ၆ လကနေ ၃ နှစ်အထိ ပြန်စောင့်ရတတ်ပါတယ်။ ပွိုင့်မရှိရင် ကားမမောင်းရတော့ပါ။ (လိုင်စင်အသစ် ပြန်ဖြေရတာမျိုးက ပြန်စရပါတယ်၊ ဒဏ်ငွေပဲဆိုရင် ပိုက်ဆံရှိတိုင်း ရမ်းနေမှာစိုးလို့ပါ) ကားထဲမှာ ကလေးမပြောနဲ့၊ ခွေးတောင် အလုံပိတ်ထားခဲ့လို့လည်း မရပါဘူး။ အမြင်မတော်သူတွေက ရဲကို ဖုန်းဆက်ခေါ်မှာပါ။ နိုင်ငံသားတယောက် အရေးပေါ်ရဲ သို့မဟုတ် သူနာပြုယာဉ် ခေါ်ရင်လည်း ၂ မိနစ်မှ ၅ မိနစ်အတွင်း ရောက်ပါသတဲ့။ နိုင်ငံခြားမှာ (အာရှနိုင်ငံတခုပါ) မွေးပြီး နေထိုင်နေတဲ့ မြန်မာမိသားစုတစု အလည်ပြန်လာပါတယ်။ အကြီးဆုံးသမီးက ဆယ်နှစ်ကျော်ပဲ ရှိသေးတာပါ။ ဒါပေမယ့် သူ့အောက်အငယ် မောင်နှင့်ညီမအတွက် ခရီးဆောင်အိတ် ပြင်ဆင်တာကို သူကပဲ တာဝန်ယူပါတယ်။ ဘယ်ရာသီအတွက် ဘယ်အ၀တ်အစား ထည့်သင့်တယ်ဆိုတာ သူ့ဘာသာ ရေရွတ်ပြီး ရွေးထည့်နေတာပါ။ သူတို့သွားလည်မယ့် မြန်မာပြည်က မြို့တွေရဲ့ အပူချိန်တွေကို အင်တာနက်ထဲမှာ ရှာကြည့်ပြီး စီမံခန့်ခွဲနေတာပါ။ ခရီးသွား အသုံးအဆောင်တွေကို စနစ်တကျ ထည့်ပြီး အငယ်နှစ်ယောက်ကလည်း သူတို့ ကျောပိုးအိတ်နဲ့၊ ဘီးတပ်ဆွဲအိတ်တွေကို ကိုယ်တိုင် သယ်ပါတယ်။ လူကြီးတွေ သယ်ပေးမယ်ဆိုတာ လုံးဝ လက်မခံပါ။ ကိုယ့်အားကိုယ်ကိုးစိတ် အပြည့် ကိုယ်စီနှင့်ပါ။ သူတို့ရဲ့ အစ်မ၀မ်းကွဲ မြန်မာပြည်မှာမွေးတဲ့ အသက် ၂၀ ၀န်းကျင် မိန်းကလေးကတော့ “အမေ...သမီး မလုပ်တတ်ဘူး” တခွန်းကိုပဲ ဂါထာလိုရွတ်ပြီး မအေပြုသမျှ နုဖို့ စောင့်နေပါတယ်။ ဒါကြောင့်လည်း ဘွဲ့ရပြီးတဲ့တိုင် မိဘကို မှီခိုနေရတာ အရသာတွေ့နေသူတွေ များစွာ ကျန်နေရသေးတာပါ။ တချို့တော့ ကိုယ့်အားကိုယ်ကိုး ကလေးတွေ ပြည်တွင်းမှာ စတွေ့မြင်နေရပါပြီ။ အမေရိကားက ကလေးတွေ အများစုဟာ ဟားဗတ်လို တက္ကသိုလ်မှာ သွားလေ့လာကြတယ်။ မြန်မာစကားနဲ့ တနှစ် စောင့်လိုက်တာပါပဲ။ ကိုယ့်ကလေးနှင့် သက်တူ ရွယ်တူက တတန်းကျောသွားတော့မှာပဲလို့ တွေးပူမနေကြပါဘူး။ တဘ၀စာအတွက် တနှစ်ကို ကျေကျေနပ်နပ် စောင့်လိုက်တာပါ။ အဓိကနှင့် သာမည စဉ်းစားတာ မတူပုံကို ကြည့်ကြပါခင်ဗျ။ သူတို့ဆီမှာ များသောအားဖြင့် ကျောင်းသားကို မိဘ၀င်ငွေပေါ် မူတည်ပြီး အစိုးရက အသုံးစရိတ်ပေးလေ့ ရှိပါတယ်။ ဒါပေမယ့် အများစုက မယူချင်ကြပါ။ ကိုယ်တိုင်လုပ်အားခနဲ့ နေရတာကိုပဲ ဂုဏ်ယူကြတာပါ။ ဂျပန်မှာဆို သတင်းစာပို့တဲ့အလုပ်ကို ကျောင်းတဘက်နဲ့ လုပ်ကြပါတယ်။ (သူတို့ကို ဦးစားပေး ခန့်ရတယ်ပေါ့) ကျောင်းသားတွေကို အချိန်ပိုင်း အလုပ်ရဖို့ ကျောင်းတွေက ချိတ်ဆက်ပေးရပါတယ်။ တိရစ္ဆာန်အရောင်းဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ဈေးဆိုင်တို့မှာ များပါတယ်။ ၀င်ငွေတခုတည်းအတွက် မဟုတ်ပါဘူး။ အလုပ်သဘာဝကို နားလည်အောင်ရယ်၊ လူမှုဆက်ဆံရေး ပြေပြစ်အောင်ရယ်ပါ ရည်ရွယ်ဟန်တူပါတယ်။ လုပ်ငန်းခွင် လူမှုဆက်ဆံရေးက သင်ကြားပေးလိုက်တဲ့အခါ အဲဒီကလေးတွေဟာ စိတ်ရှည်သည်းခံခြင်း၊ ပြဿနာကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ အတွေ့အကြုံရသွားခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပိုင်ရသွားပါတယ်။ ကျနော်တို့ဆီမှာလို တချို့သော အိမ်တွင်း ဘုရင် ဘုရင်မ လုပ်နေပြီး ဘ၀ထဲကျတော့ အရေးနိမ့်ကုန်တာမျိုး မဖြစ်တော့ပါ။ အထက်တန်းပြီးလို့ လိုင်းရွေးကြရာမှာလည်း မိဘများက လုံလောက်တဲ့ သတင်းအချက်အလက်ရယ်၊ အကြံဉာဏ်ရယ်ကိုပဲ ပေးကြပါတယ်။ ရွေးချယ်ဆုံးဖြတ်ခွင့်က ကာယကံရှင် (ကျောင်းသားကလေး) ရဲ့ ကိစ္စပါပဲ။ မိဘများက လွှမ်းမိုးချင်လို့ မရပါဘူး။ ဒါကြောင့်လည်း သူတို့ဆီမှာ ကလေးများဟာ ဘွဲ့ရပြီးရင် “ဒါတော့မသိဘူး (အဖေတို့ အမေတို့) ရွေးခိုင်းတဲ့လိုင်းပဲ ယူခဲ့တာ၊ မအောင်မြင်တာတော့ မသိဘူး” လို့ ဆင်ခြေတွေနဲ့ ရှောင်ထွက်တဲ့အဖြစ်မျိုး မရှိပါ။ ရွေးချယ်ခွင့်နဲ့အတူ ကိုယ်တိုင် တာဝန်ယူမှုပါ တွဲလျက် ယူခဲ့တာကိုး။ ဂျပန်နိုင်ငံမှာ မိုင်ဝက်လောက်ဝေးတဲ့ ကျောင်းကို မူလတန်းကလေးတွေဟာ ကိုယ့်ဘာသာကိုယ်ပဲ ကျောပိုးအိတ်ထမ်း လမ်းလျှောက်သွားကြပါတယ်။ မြို့လယ်ကောင်မှာလည်း အိမ်က လိုက်မပို့ပါဘူး။ ယုံကြည်ချက်အပြည့်နှင့် ကလေးဟာ တယောက်တည်းလည်း တဒေါက်ဒေါက် လျှောက်နေတာပါပဲ။ ဒီနေရာမှာ ပြောစရာရှိတာက ဂျပန်မှာတော့ ဟုတ်တာပေါ့၊ ကားတွေကလည်း စည်းကမ်းအပြည့်၊ အန္တရာယ်လည်း ကင်းတာကိုးလို့။ မှန်ပါတယ်။ ကျနော်တို့ မြို့လယ်တွေမှာ ယာဉ်အန္တရာယ် သိပ်ကြီးသလို ကလေးရဲ့ လုံခြုံရေးအတွက်လည်း မသမာသူတွေ အန္တရာယ်ရှိပါတယ်။ ရှိတော့ ဘာလုပ်ကြပါသလဲ။ နေတာက ဆင်ခြေဖုံး၊ ထားတဲ့ကျောင်းက မြို့လယ်ကောင်မှာဆိုတော့ ကားနဲ့ လိုက်ပို့ကြပါရောလား၊ တရပ်ကွက်တည်း တလမ်းတည်း အတူနေကလေးတွေ တကျောင်းတည်း သွားရမှာတောင် တအိမ် ကားတစီး ပို့ကြတာကို အင်မတန် ဂုဏ်ယူနေကြတာပါ။ စုပေါင်းဖယ်ရီ (ကျောင်းကား) စီးဖို့ကိုတော့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငြင်းဆန်ကြပါတယ်။ ကြာတော့ ကလေးတွေ ကိုယ်တိုင်ကလည်း အမေကိုယ်တိုင် နေ့တိုင်းလိုက်ပို့မှ၊ လာကြိုမှလို့ နွဲ့ကုန်ကြတော့တာပါပဲ။ ဖယ်ရီစီးတာပဲ အဆင့်နိမ့်သလိုလို၊ ကိုယ်ပိုင်ကားနဲ့ပို့မှ အဆင့်မြင့်သလိုလို တွေးကုန်ကြပါတော့တယ်။ အဲဒီတော့ မြို့လယ်ကောင်ကို မြင်အောင်ကြည့်ပါ။ ကလေးတယောက် ကားတစီး (တခါတလေ အဖေကပါ အလုပ်အပြန်ဝင်ကြိုလို့ ကားနှစ်စီး) ဆိုတော့ ဒီလမ်းတွေ မပိတ်ဘဲ ခံနိုင်ပါ့မလား။ ရန်ကုန်မှာ ကားမောင်းသူတိုင်း ကျောင်းချိန်တွေကို အသေအလဲ ကြောက်ကြပါတယ်။ ၀ဋ်တခုလို နေ့စဉ် ခံစားနေကြရပါတယ်။ လောင်စာဆီတွေ ပိုကုန်သလို အချိန်တန်ဖိုးတွေလည်း ဆုံးရှုံးပါတယ်။ အများစု ဘွဲ့ရမိခင်များဟာ ကလေး ကျောင်းကြိုကျောင်းပို့ ကိုယ်တိုင်လုပ်ရတဲ့ ဒုက္ခကို ကျောင်းရှေ့မှာ ဘ၀တူမိခင်တွေနဲ့ ခပ်ညည်းညည်းကြွားရင်း ဘ၀သက်တမ်း တော်တော်များများကို စတေးလိုက်ကြပါတော့တယ်။ (ကျောင်းရှေ့မှာ မိခင်တွေစုပြီး နေ့စဉ် ဘယ်လို အချိန်ဖြုန်းလဲဆိုတာ ကာယကံရှင်တွေ ပိုသိမှာပါ) တိုးတက်သော နိုင်ငံများမှာ ကိုယ်ပိုင်ကားနှင့် လိုက်မပို့ရပါ။ ကျောင်းကားကို အားလုံး ကျေနပ်စွာ စီးကြရပါတယ်။ ကလေးတွေ အမှီအခို ကင်းကြပါစေ...။ မင်းကိုနိုင် (ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၄၊ မင်းကိုနိုင် ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)
6 years Ago
Up