အမြဲတမ်းအတွင်းဝန်

March 4, 2020

ဦးစိုးထွန်းရှိန်အမှုအတွက် အမြဲတမ်းအတွင်းဝန်ကို ထပ်မံဆင့်စာထုတ်ခေါ်ယူစစ်ဆေးမည်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အမှုအတွက် စစ်ဆေးဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို ထပ်မံဆင့်စာထုတ် ခေါ်ယူစစ်ဆေးသွားမယ်လို့ ရမည်းသင်းမြို့နယ်တရားသူကြီးက ပြောပါတယ်။ “ဒီကနေ့ ဦးအောင်နိုင်ဦးက အစည်းအဝေးတက်ရောက်နေလို့ မလာနိုင်ဘူးလို့ တင်ပြလာပါတယ်။ ဆင့်စာထပ်ထုတ်ထားတယ်။ ၁၈ ရက်နေ့ကို စစ်ဖို့အတွက် ဆင့်စာထပ်မံ ထုတ်ဆင့်သွားမှာပါ”လို့ တရားသူကြီး ဦးဇော်လင်းအောင်က ပြောပါတယ်။ မိုးထိမိုးမိရွှေတွင်း လုပ်ငန်းရှင် ဦးစိုးထွန်းရှိန်ကို မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုဟာ ၁၃ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးမှု ဖြစ်ပါတယ်။ ဒီကနေ့ ရုံးထုတ်မှာတော့ လိုပြသက်သေ ဦးညီညီလွင်နဲ့ ဦးထွန်းအောင်စိုးတို့ကို လိုပြသက်သေစာရင်းကနေ ပယ်ဖျက်ခြင်းမပြုဘဲ အမှုကို ဆက်လက်သွားလိုတဲ့အကြောင်း အမှုလိုက်ဥပဒေအရာရှိက တင်ပြခဲ့ပြီးတော့ လာမယ့် ရုံးချိန်း မတ်လ ၁၆ ရက်နေ့မှာ အမှုစစ် ဒုရဲအုပ် မြင့်ဦးကို စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။
1 year Ago

February 17, 2020

ဦးစိုးထွန်းရှိန်အမှုအတွက် အမြဲတမ်းအတွင်းဝန်ကို ရုံးခေါ်သက်သေအဖြစ် စစ်ဆေးမည်

မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်အမှုနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန်ကို လာမယ့် ရုံးချိန်းမှာ စစ်ဆေးမယ်လို့ သိရပါတယ်။ ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းအောင်က “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို ရာဇာဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ အရ ရုံးခေါ်သက်သေအဖြစ် ခေါ်ယူ စစ်ဆေးပေးပါရန် စွပ်စွဲခံရသူ ဦးစိုးထွန်းရှိန်ဘက်က လျှောက်ထားချက်ကို ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။ လာမယ့် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး ကျန်ရှိတဲ့ လိုပြသက်သေတွေကို စစ်ဆေးလိုမှု ရှိ မရှိအတွက် ဥပဒေအရာရှိက မေးမြန်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဦးစိုးထွန်းရှိန်ဟာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌတဦးဖြစ်ပြီး မိုးထိမိုးမိ ရွှေလုပ်ကွက်မှာ ရွှေတူးခွင့် ပါမစ်ရပ်ဆိုင်းခံထားရပေမယ့် ထပ်မံတူးဖော်လုပ်ကိုင်ခဲ့တဲ့ အတွက် သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရမည်းသင်းမြို့နယ် တရားရုံးမှာ ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အမှုအတွက် လိုပြသက်သေ ၁၈ ဦးကို စစ်ဆေးဖို့ရှိပြီး လက်ရှိ ၁၁ ကြိမ်မြောက်ရုံးချိန်းအထိ တရားလိုသက်သေ ၁၃ ဦး (၁ ဦးသေဆုံး စာရင်းမှ ပယ်ဖျက်ခဲ့) ကို စစ်ဆေးထားပြီးဖြစ်ပါတယ်။
1 year Ago
Up